Professional Authors

” မေခ၊မလိခ ကိုမှ ကျောခိုင်းချင်တဲ့ ဧရာဝတီ “

မေတ္တာတရားတွေ  စိမ့်ဝင်နေတယ်
ငါ့ရဲ့သွေးသားထဲမှာ
အမှန်တရားရဲ့  ဘက်တော်သားလို့
ငါ့ကိုယ်ငါကြွေးကြော်
ဘယ်သစ္စာရှင်မှ  မတိုက်ထုတ်နိုင်တဲ့အရာ
” သစ္စာမဲ့ခြင်းတရား ” လား
ဘယ်ဂရုဏာရှင်မှ  မလွန်ဆန်နိုင်တဲ့အရာ
” သေခြင်းတရား ” လား
ဘယ်မေတ္တာရှင်မှ  မပုန်ကန်နိုင်တဲ့အရာ
” အမုန်းတရား ” လား
ဘယ်မီးအိမ်ရှင်မှ မထွန်းညှိနိုင်တဲ့အရာ
” မှောင်မိုက်ခြင်းတရား ” လား
လားပေါင်းများစွာ  ဖြေရှင်းဖို့
လူသားပေါင်းများစွာကို
သဘောထားကွဲလွဲခွင့်များစွာနဲ့
ဖြေကြည့်ခိုင်းမယ်
ပိတ်ဆို့ကြစမ်း
ငါ့လက်ဖျံမှာ  ကလောင်သွေးတွေစီးဆင်းနေမယ်
လှောင်ပိတ်ထားဦး
ငရဲခန်းမှာ  ကဗျာတစ်ပုဒ်ထိုင်စပ်ချင်တယ်
နားမလည်ခြင်းများစွာနဲ့  ငါ့ကိုယ်ငါ
သိချင်ယောက်ဆောင်ဖူးတယ်
ခက်ခဲခြင်းများစွာနဲ့  ငါ့ကိုယ်ငါ
လွယ်သယောင်ဆောင်ဖူးတယ်
နားခိုရာတွေဘာတွေ  မသိဘူး
ငါ့အတွက် သာလာယံဇရပ်တစ်ဆောင်ရှိရင်
ပြည့်စုံပြီ
တုတ်တုတ်မှ မလှုပ်ပေမဲ့
ပြုတ်ပြုတ်ကျလာတဲ့  အတွေးတွေနဲ့
နုတ်နုတ်စင်းပြီး  ကဗျာလုပ်ဖူးရဲ့
လမ်းလျှောက်တတ်စ ကဗျာတွေနဲ့
လေးဖက်ထောက်လည်း  သွားနိုင်တယ်
စကားတတ်စ  ကဗျာတွေနဲ့
တီတီတာတာလည်း ချွဲချင်တယ်
ခမ်းနားဖို့ ကြီးကျယ်ဖို့မလိုပါဘူး
ငါ့ကိုယ်ငါ  ဖြူစင်တယ်လို့ထင်ရင်
ကမ္ဘာကြီး  အေးချမ်းပါလိမ့်မယ်
ငါ့ကိုယ်ပေါ်မှာ တံတားတွေထိုးကြ
လမ်းတွေခင်းကြ  တိုင်တွေစိုက်ကြနဲ့
ငါ့အတွင်းမှာ ဘာသယံဇာတတွေရှိလဲ
မင်းတို့မမြင်ပါဘူး
မင်းတို့မြင်တာ
အပေါ်ယံ  ရေပြင်ကျယ်ပါ…။

                              

                                                   ဇင်သော့
In: ကဗျာ Posted By: Date: May 23, 2011
Comment #1

အားပေးသွားပါတယ်

Comment #2

great…bro

commentinfo By: နိုးဆက် at Apr 20, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment