Professional Authors

“ကဗျာ”

နာကျင်ရသမျှအချိန်ကာလကို အရင်းပြု

ရင်နဲ့လွယ်ပြီးဖွားခဲ့ရတာ  ကဗျာ

လမိုက်ညခပ်များများမှာပေါက်ဖွားတတ်တာ  ကဗျာ

ဆတ်ဆတ်ခါအောင်နာရတဲ့ဖြစ်ရပ်တွေရောစပ်

ကိုယ်ချင်းစာတရားတွေလောင်မြိုက်စေတာ  ကဗျာ

မျက်ရည်တွေကျသင့်သလောက်မကျဖြစ်ခဲ့သမျှ

ခမ်းခြောက်သွားစေတာ  ကဗျာ

တ၀ီဝီအော်နေတဲ့ခြင်ကလေးရဲ့ဆာလောင်မှုကို

နားလည်စေတာ  ကဗျာ

တစာစာအော်နေတဲ့တိရိစ္ဆာန်ကလေးတွေ

သားသတ်ရုံဆိုတာကြီးကိုဘယ်လောက်တောင်ကြောက်ကြမလဲဆိုတဲ့

သနားစိတ်ကလေးဝင်လာတာ  ကဗျာ

မိဘရင်းကနေ  မွေးစားမိဘဆီစွန့်ပစ်ခံရမှုကြောင့်

ရင်တစ်ဆုံးခြစ်ခြုတ်ပြီးအော်လိုက်ရဲတဲ့

လှိုက်ဖိုကြေကွဲခဲ့ရတဲ့  တော်လှန်ကဗျာ

လမ်းပေါ်မှာကြွေကျတာချင်းတူတူ

ပန်းပွင့်လေးကိုရှောင်ရှား

သစ်ရွက်ကြွေကလေးကျမှ  နင်းသွားတာကိုလည်း

မတရားဘူးလို့ထင်မြင်တာ  ကဗျာ

စမ်းရေကလေးကိုမြတ်နိုးပေမယ့်

ရေတံခွန်လေးကို  သားဆိုးလေးတစ်ယောက်လို

မစွန့်ပစ်နိုင်တာဟာ  ကဗျာ

သနားစရာခွေးဝဲစားလေးတွေကြောင့်

ချစ်စရာခွေးစုတ်ဖွားလေးတွေ နေရာရတယ်လို့

မြင်ချင်တာလည်း  ကဗျာ

လမင်းကြီးထက်

မြောက်ဘက်အရပ်မှာဘဲ  မြဲမြဲမြံမြံရပ်တည်ပေးနေသူ

ဓူဝံကြယ်ကလေးသစ္စာရှိတာ  ကဗျာ

ကဗျာအင်္ဂါမစုံလင်တဲ့  ကဗျာတွေကို

ကဗျာအစားထိုးကုသပေးချင်တာ  ကဗျာ

ခြေတစ်ဖက်ကျိုးကဗျာတွေအတွက်

ကဗျာချိုင်းထောက်ကလေးအဖြစ်

ဖေးကူချင်တာလည်း  ကဗျာ

ချွေးဒီးဒီးကျနေသည့်ကျောပြင်ထက်မှ

ပူပြင်းသောနေရောင်ခြည်အား

နှင်းခွဲနေခြည်အဖြစ်သို့ပြောင်းလဲဖန်ဆင်းပေးပါရန်

ငါ့အားခွင့်ပြုပါလော့

အတ္တမဲ့ဖန်ဆင်းရှင်….ကဗျာ။  ။

                                                        ဇင်သော့

In: ကဗျာ Posted By: Date: May 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment