စိတ်ရဲ့ကျေးကျွန် – နရီထက်
လွတ်မြောက်ခွင့်ကို
ကောင်းကင်က ကျအလာ
တလင်းမြေ ပြောင်တလင်းမှာ
ခြေကျင်းဝတ်တွေက
ခက်ခက်ခဲခဲ လှုပ်ရှားမှုတွေ
အသားမကျတကျရယ်
သည်စိတ်တွေလည်း
ဒီလိုပဲလား…
လွတ်လပ်ခွင့်ကို ကိုးစားဖို့
ချုပ်တည်းမှုအောက်မှာ
အသာနာခံ နားလည်မှုတွေက
ခေါင်းငုံလိုက် တည့်မတ်ကြည့်လိုက်နှင့်
ဘ၀ထဲတွေမှာ နွားသရေနှင့်ချုပ်ထားတဲ့
အမဲဖြတ်စာချုပ်တွေလား
ရေဗူးပေါက်ထဲက ရေ
ယိုစိမ့်ထွက်ကျတော့
ပျော်ရွှင်မှုကို မြတ်နိုးတတ်တဲ့
စိတ်ကလေးတွေက 
တစ… တစ…နှင့် အဝေးကို ပြေးထွက်သွားကြတယ်
အခုန်ပျံချင်တဲ့ ငါးပျံတစ်ကောင်
ကျောက်ဖျာပေါ်
တက်လေ့ကျင့်တော့
မြစ်ရေတွေက အကူမပေးခဲ့ပါဘူး
သာယာမှုကို သိမ်းပိုက်ချင်တော့
တစ်ခါတစ်ခါ နေပူကျဲတဲတဲမှာ…
အရိပ်ခိုချင်ပါသေးတယ်
ထားစေ… နေစေ… တော်စေ…
စေရာဘ၀မှာ
ပျော်ရွှင်မှုကို အစဆွဲထုတ်ကြည့်တဲ့အခါ
စိတ်သခင်ရဲ့ ကျေးကျွန်ဖြစ်ခဲ့ရပြန်တယ်
လိုတရ အာလာဒင် မီးခွက်ကို
ပွတ်သပ်ကြည့်ဖို့ အဖြည့်ခံ မီးခွက်မရှိတဲ့အခါ
မီးရောင်စုံညတွေအလယ်
မြို့ပြအလှတွေက
အထီးကျန်ဆန်တတ်တဲ့ ဘ၀တွေကို
အလင်းပေးပေမဲ့…
အပူတွေပါ ကူးစက်စေတယ်
တအားကြီးလှပ လင်းလက်ဖို့
တစ်ဝကြီး မီးအမြှိုက်ရှို့ခံကြတယ်။     ။
နရီထက်
( ၀၄ ၊ ဧပြီလ ၊ ၂၀၁၁ )
Comment #2
ကျေးဇူးပါ… ညီ
                        By: Nayihtet at Jun 16, 2011
                    



 
Comment #1
လိုတရ အာလာဒင် မီးခွက်ကို
ပွတ်သပ်ကြည့်ဖို့ အဖြည့်ခံ မီးခွက်မရှိတဲ့အခါ
မီးရောင်စုံညတွေအလယ်
မြို့ပြအလှတွေက
အထီးကျန်ဆန်တတ်တဲ့ ဘ၀တွေကို
အလင်းပေးပေမဲ့…
အပူတွေပါ ကူးစက်စေတယ်
တအားကြီးလှပ လင်းလက်ဖို့
တစ်ဝကြီး မီးအမြှိုက်ရှို့ခံကြတယ်။ ။
အားပေးနေပါတယ် ကိုနရီထက်..။