Professional Authors

သူယုတ်

 

ခွေးနှင့်ပတ္တမြား တွေ့သောလားသို့
ဘုန်းရှားကံရှား သူယုတ်များတို့
စံစားမထိုက် ကံလျှင်မိုက်က
ဥာဏ်မိုက်သောအား အမှားမှားတည်း
မောဟအကြောင်း ဟိတ်မကောင်းဖြင့်
အလောင်းအတမ်း လက်ပမ်းဝှေ့ရိုက်
လူချင်းတိုက်နှင့် ဆင်တိုက် ဆိတ်တိုက်
ကြက်ငှက်တိုက်က ဒုစရိုက်ဆိုး ပျော်မှုမျိုးလည်း
တန်ခိုးဖျင်းသုံ ဘုန်းဂုဏ်ညံ့ကင်း
ပျက်စီးခြင်း၏ အကြောင်းရင်းမှန်လှ မချွတ်စွတည့်
ထို့ပြင်တစ်ဝ လူ့လောကတွင်
ကိလေသာကျား ခြံကျော်လွှားလျှင်
စိတ်နွားလန့်ဖျတ် တန့်မရပ်သို့
သစ္စာမရှိ စာနာနတ္ထိ နောက်ပြန်မကြည့်ဘဲ
ဆင်ပြောင်မုန်အိုင် ချွန်းမနိုင်သို့
တွေ့မြင်နေရ နေ့စဉ်ဘ၀တွင်
သူပြောတာအဟုတ် သူလုပ်တာအမှန်
သူကြံစည်တာအကောင်း သူ့အပေါင်းအသင်းမှမိတ်ဆွေ
တစ်ထစ်ချယုံမှတ် ပုံအပ်လောက်သည့်
ဘ၀အဖော် ခဏအပျော် အမျိုးမျိုးတော်ကာ
ဘယ်ပြညာဆွဲ တစ်ခါတည်းမက
အလိမ်အလှည့်တော်တဲ့ ဒီဘောလုံးသမား
ငါးကြော်မစားထိုက်သည့် ကြောင်မိုက်ဘဝ
ဆင်သေကောင်ထက်က ကျီးငှက်ပမာ
အနုအရွပေါတဲ့ သမုဒယတောအလယ်
မျက်စိလည်လမ်းမှား စမ်းတ၀ါးနှင့်
ခရီးဘယ်မှာ ဆုံးမည်မသိ
အကာ နဲ့ အနှစ် ၊ အချစ် နဲ့ အမုန်း
နှလုံးသား နဲ့ ဦးနှောက် မည်သည့်နောက်ကို
လိုက်ရနိုးနိုး စောင့်မျှော်ကိုးလျှက်
စုန်းစုန်းနစ်မြုပ် နောင်တဆုပ်ကာ
သိတဲ့အချိန်ဟာ အစောဆုံးပါပဲ
ကိုယ်စီးတဲ့ရထား ဘယ်ဘူတာလမ်း
ဆိုက်မှန်းမသိမှ ရောက်တတ်ရာရာ
အနီးဆုံးဘူတာ ဆင်းတာသော်မှ
….. အကောင်းဆုံးတည်း …..

In: ကဗျာ Posted By: Date: Mar 20, 2011
Comment #1

မှန်လိုက်လေ…

commentinfo By: NC at Dec 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment