Professional Authors

ရွာ သူကြီး ရွေးပွဲ

ရန်ကုန်မြို့ ၏ ဒုတိယ ၀န်ဒန်မီယာ

စိမ်းစိုအုံ့ ဆိုင်းနေသော သစ်ပင်ကြီးများနှင့် ညီညာစွာစီတန်းလျက်ရှိသော
တမာပင်တန်းများ ရှိသော ရန်ကုန်မြို့ လယ်ခေါင် တွင် တမူထူးခြားစွာ
ဆိတ်ငြိမ်လျက်ရှိသော လမ်းလေးတလမ်းကို လူတိုင်း သိကြပေလိမ့်မည်။
အင်္ဂလိပ်ခေတ်က ချောင်းငယ်ကလေးတစ်ခုဖြတ်သန်း စီးဆင်းခဲ့သည် ကို အကြောင်းပြု၍
Creek Street
( ကရိလမ်း)ဟုခေါ်တွင်ခဲ့ကြသည်။ သို့ သော် အချို့ ကလည်း နား ကြားလွဲကာ Jesus Christ သခင်ယေရှူ့ ခရစ်တော် ကို အစွဲပြုခေါ်ဝေါ်သည်ဟု
အထင်ရောက်ပြီး ခရစ်လမ်း ဟု လွဲမှားစွာ နားလည်ထားကြသည်။

ထို လမ်းတွင် နေထိုင်ကြသော လူများသည် အများအားဖြင့် ကြေးရတက်လူချမ်းသာများ ၊
ရာထူး ဌာန ကြီးမြင့် သော အရာရှိကြီးမျာ ၊ ပင်စင်စား အငြိမ်းစား
ဆိုသူကြီးများ နှင့် အတူ အထည်ကြီးပျက် ဟု ဆိုရမည့် ယခင်ကလောက် ဓန အင်အား
မပြည့်စုံသော်လည်း ရှိရင်းစွဲ အိမ်ကြီးရခိုင် ဖြင့် နေနိုင်ကြသူများ
နေထိုင်ကြလေသည်။

ဆိတ်ငြိမ်အေးချမ်းသော ထို လမ်းကို အများက ရန်းကုန်မြို့ ၏ ဒုတိယ ၀န်ဒန်မီယာ ဟု တင်စားခေါ်ဝေါ်ကြသည်။

လူငယ်လေးတစ်ဦး

ထို လမ်းတွင် ဇော်အောင် ဟုခေါ်သော လူငယ်တစ်ဦးရှိလေသည်။ လောကတွင်
သားသမီးဟူသည်မှာ မိဘ၏ ဆိုးမွေ ကောင်းမွေကို ခံယူရသော အစဉ်အလာရှိသည့်
အားလျော်စွာ သူ့ ဖခင်ကြီး ၏ အကောင်းအဆိုး များကို ခံယူရသော သူ ဖြစ်သည်။

ထိုလူငယ်လေးသည် ရုပ်ရှင် ဗွိဒီယို ၀ါသနာပါသည့်အလျောက် အစိုးရ ၀ါဒဖြန့် ကား ဖြစ်သည့်
အဖေနှင့် သားများ ဆိုသည့် ဇာတ်ကားကြည့်ဖူးသည် ။ ဖခင် ရွာသူကြီးထက်
လက်ဝါးစောင်းထက်သော သူကြီးသား ဖိုးစည် ဆိုသူ ကို လွတ်သဘောကျသည် ။
ထိုစဉ်ကတည်းက သူ၏ အဖေ ကလည်း သူ့  ကို မြောက်ပင့်ကာ.. ငါ့သားကြီးလည်း
သူကြီးသားဖိုးစည် ပါပဲ ဟု အမြဲ ပြောဆိုတတ်သည်။

မှန်ပါသည်။ ဇော်အောင် ၏ အဖေသည် ရပ်ကွက်လူကြီး ဟု အများ သိထားသော ရ.ယ.က ဥက္ကဌတစ်ဦးဖြစ်သည်။

ဘုရားဟော ဇာတ်နိပါတ်တော် ၊ မာဃလုလင် ထဲတွင် . မာဂဓ ရွာသူကြီး ဦးမာဃ သည် လမ်းဖောက်
၊ တံတားဆောက်ခြင်း ရပ်ရွာအကျိုးပြု ကုသိုလ်များကြောင့် တာဝတိ
ံသာနတ်ပြည်တွင် သိကြားမင်း ကြီး ဖြစ်လေသည်။

ဒီလို ဆိုရင်ဖြင့် . ဇော်အောင် ၏ ဖေဖေ သည်လည်း ….

သို့ သော် . ဤ ရာထူးကို သူ့ သဘောဆန္ဒအလျောက် ဆိုသည်ထက် မလွဲသာ မရှောင်သာပဲ
သမိုင်းပေးတာဝန်အရ ဤ တာဝန်ကို ယူခဲ့ရသည် ဆိုလျှင် မည်သူ ယုံကြမည်နည်း ။

အခြားသူ ယုံခြင်း ၊ မယုံခြင်းထက် ။ ဥက္ကဌကြီးကတော် ဇော်အောင့် မေမေ ကျေနပ်ဖို့ က အရေးကြီးလှသည်။

အစိုးရ ၀န်ထမ်း တစ်ဦးဖြစ်သော သူ၏ မိခင် သည် ရုံးပိတ်ရက်များတွင် အထက်တန်း
ကျောင်းသူ ကျောင်းသားများကို ကျူရှင်ပြခြင်း စသည့် အပိုဝင်ငွေ ရနိုင်မည့်
အလုပ်တို့ အပြင် နီးစပ်ရာ အိမ်နားနီးချင်းတို့ အပ်နှံသည့် အကျီ င်္ ဘောင်းဘီ
တို့ ကို လက်ခစား ချုပ်လုပ်ပေးသည်

စီးပွားရေးကိုသာ အာရုံစိုက်သော အမေ က သူ၏ ခင်ပွန်းကို ဤသို့ ရပ်ကွက် အလုပ် . လုပ်နေခြင်းကို မနှစ်မြို့ ပေ။

လင်နှင့်မယား လျှာနှင့်သွား ဟု ဆိုပါမူ . ဇော်အောင် တို့ ၏ အိမ်တွင်းရေး
ပြသနာဖြစ်တိုင်း အဖေ့ ရပ်ကွက် အလုပ်ကိစ္စများက တနည်းတဖုံး ပတ်သက်
လျက်ရှိသည်။

လင်ယောကျာ်းဖြစ်သူ အိမ်ဦးနတ်ကြီးက တစ်ပြားတစ်ချပ်မှ မရသော ရပ်ကွက်အလုပ်ကို အအိပ်ပျက် အစားပျက် ကျန်းမာရေး အထိ ခိုက်ခံကာ
လုပ်နေရသည်ကု မြင်သဖြင့် ၄င်း က ဂရုဏာဒေါသေဖြင့် ထို အလုပ်ကို ဝေလေလေ ..
ဘုံကျွန် အလုပ်ကြီး ဟူ၍ အမြဲလိုလို အဆိုးမြင်တတ်သည်။

ပြောမည်ဆိုလျှင်လည်း ပြောချင်စရာပင်။

သူ၏ ဖခင် သည် ညနေစောင်းပြီး ဆိုသည်နှင့် သူ ၏ ရပ်ကွက် ရုံးကို နေ့ စဉ်ပုံမှန်
သွားရသည်။ မိုးကြီးလေထန် ပြီး ရေလျှံ နေလျှင်လည်း ရုံး ကမပိတ်စေရ။

ညဘက်ဆိုလျှင် ပုံမှန် ဆယ်နာရီလောက်မှ ပြန်လာတတ်ပြီး တခါတရံ ယာဉ်စစ် ဧည့်စစ်
ရှိသည်ဆိုလျှင် သန်းခေါင်ကျော် သည် အထိ ပြန်မရောက်တတ်ပေ။

ထို့ ကြောင့် အဆိုတော် ရဲလေး ၏ အိမ် သီချင်းထဲမှ . ခြောက်နာရီ ဆို အဖေ ရယ်
ပြန်လာ ပေးပါ . ဆိုသော နေရာတွင် ဇော်အောင် က. ဆယ့်နှစ်နာရီ ကျော် ရင် အဖေ
ရယ် ပြန်လာပေးပါ ဟု ရယ်စရာလုပ်ပြီး နောက်ပြောင် သီဆိုလေတော့သည်။

ထို့အတူ မာမာအေး ၏ ပြည်ထောင်စုသား သီချင်းကို လည်း သူ ၏ မိခင် ကို မူပိုင် ပေးရမည်လော ။

(လာ.လာ လေ ၊ လာကြလေ. အနယ်နယ် အရပ်ရပ်က တို့ ပြည်သူတွေ

ရပ်နီးကနေ ရပ်ဝေးကနေ ချစ်သောပြည်သူတွေ .

ဝေလေလေ.)

ရပ်ကွက်လူကြီး ဖြစ်သော ဇော်အောင့် ဖခင်သည် သိကြားမင်း ကြီး ဦးမာဃ လော ၊ သို့ တည်းမဟုတ် ….

သူကြီးသား ဖိုးစည် ဘဝ

မည်သည့် အရာတွင် မဆို အကောင်းနှင့် အဆိုး ဒွန်တွဲပါစမြဲပင်။

တဘက်သားကို သြဇာ ပါဝါ မပြတတ်သော ပကတိရိုးသားသည့် ဇော်အောင် ဖခင် ကို လူအများက
ရပ်ကွက်လူကြီး ဆိုသည့်ရာထူးထက် ပုဂ္ဂိုလ် ကို ပိုမို ခင်မင်ကြသည်။

ထို့ ကြောင့် အမြဲလိုလို ရပ်ကွက်ရုံးမဖွင့်သေးသည့် နေ့ လည်ပိုင်း
အချိန်ဆိုလျင် လည်း ထောက်ခံစာ လာယူသည့် သူများ ၊ ပြသနာ
လာရောက်တိုင်ကြားသည့် သူများ နှင့် သူတို့ အိမ် ကလေးသည် စည်ကားနေတတ်သည်။

ဥက္ကဌကြီး ရယ် စဉ်းစားကြည့်ပါ ။ သူ လေ ကျွန်မ ပိုက်ဆံကို အကြွေးယူထားတာ ခြောက်လ ရှိပြီ ။ ခုထိ အတိုးအရင်း ပြန်မလာ သေးဘူး ။

ဥက္ကဌကြီး ရယ် အဲဒီ အကောင် ကို လေ အရေးယူပေးစမ်းပါ ။ ကျွန်တော့် သမီး အခန်း
ထဲဝင်ပြီးတော့ . ခြင်ထောင် ကို လာ လှမ်း သွားတယ်။ ကျွန်တော် ရောက်မှ
နောက်ဖေး ပေါက်က ထွက်ပြေးသွားတာ။

အိမ်နီးချင်း ဒါမျိုးလုပ်တာ ဘယ်ကောင်းမလဲ ဗျ။

အဆိုပါ တိုင်သံ တော် သံများ သည် တနေ့ တမျိုးမရိုးအောင် ကြားနေရသော ညနေခင်း တေးသံများ ဖြစ်လေသည်။

သူ ၏ အမေ ကတော့ ဒါမျိုး ပြသနာသည် တွေ အိမ်လာတာ သိပ်မကြိုက်ချင် ။ ရုံးကိစ္စ ရုံးမှာပဲ လုပ်စေချင်သည် ။

သူများ ပြသနာ များ အိမ်သို့ လာပါက .အိမ် ပူ သည် ဟု အယူရှိသည်။

သို့ သော် အဖေ့ ဘက်က ကြည့်လျှင်လည်း တစ်ရပ်ကွက်တည်းနေသော မျက်နှာသိများ
ဖြစ်သည့်အတွက် အိမ်သို့ မလာရန် ငြင်းပယ် ရခက်နေပုံရသည်။ ထို့ကြောင့်
ပြသနာပေါင်းသောင်းခြောက်ထောင်သည် အိမ်သို့ လာစမြဲ။

ထို အကြောင်းနှင့် ပတ်သက်ပြီး ဇော်အောင် အတွက် မကြိုက်ချင်သော်လည်း ရပ်ကွက်
တွင်းမှ အတင်းအဖျင်း အဖြစ်အပျက်များကို စပ်စု ရသည့်အတွက် တမျိုးတဖုံးတော့
အရသာ ထူးလှသည။်

ထို့ ပြင် အလိုက်သိသော အချို့ သူများက မုန့် ပုံးကြီးများ ပေးလျှင်လည်း လက်မနှေးတတ်ပေ။

ရပ်ကွက်လူကြီး အဖေသည် တဘက်သားကို အမြဲလိုလို ကူညီတတ်သော်လည်း တခါတရံ စာအုပ်ကြီး ဆန်လှသည်။

ထို့ အတူ အား နာ တတ်သော စရိုက်ရှိသဖြင့် အမြဲလိုလို အပင်ပန်းခံကာ ကူညီ ရလေ့ရှိသည်။

မိုးထဲ ရေထဲမှာ ထီးတစ်ချောင်းနဲ့ . ရပ်ကွက် အလုပ် လုပ်ပြီး ပြန်လာသော ဇော်အောင့်
အဖေ ကို အိမ်တွင် အမေ က မည်သည့် အခါကမျှ နွေးထွေးစွာ ဆီးကြိုလေ့ မရှိ ။
သူ သဘောမတွေ့ သောအလုပ်ကို လုပ်နေသဖြင့် အပြစ်ရှာချင်သော
မျက်လုံးများဖြင့်သာ ကြည့်နေတတ်သည်။

ထို့ အတူ . အခြားသော ရပ်ကွက်များမှ ဥက္ကဌ ကတော် များ ၏ သတင်းကိုလည်း အမြဲ မပြတ်နားစွင့်လျက်ရှိသည်။

ဘယ်ရပ်ကွက် က . ဘယ်သူ ဆိုလျှင်ဖြင့် . ရပ်ကွက် ဥက္ကဌ လုပ်တာ သူ့ မိန်းမ ဆိုရင်
စိန်တွေ မှ ညွှတ်နေတာပဲ ဟု မည်သူ က ချွန်တွန်း လိုက်မှန်းမသိသော
စကားများကို လေသံဖမ်းပြီး တရားနာတတ်သည်။

ထို သို့ အိမ်ရှင်မ ဖြစ်သူ ၏ ငြူစူခြင်းမှ ဝေးပြီး နားအေးပါးအေး နေနိုင်ရင် တခုတည်းသော ထွက်ပေါက်ကိုတော့ ရှာရသည်။

၎င်း ထွက်ပေါက်ကို အဖေ က ရယ်စရာလုပ်ပြီး ပြောတတ်သည်ကား ..မင်းတို့  အမေ က.
ဇာတ်မင်းသမီး မဟုတ်ပေမဲ့ ညတိုင်းတော့ . ညကြေး ပုံမှန် ရသည် ဟု ဆိုပြီး အမေ
့အား တပတ်တွင် တစ်ကြိမ် (သို့ ) နှစ်ကြိမ်ခန့် ညကြေး ဆက်သ ရလေတော့သည် ။
အဖေ ဆိုလိုသော . ပမာဏ မများလှသည့် ညကြေး ဆိုသည် ကို ဘယ်က ဘယ်လို ရလာသလဲ
လို့ တော့ မေးခွန်းမထုတ်ချင်တော့ပေ။

((တပ်မှူးကြီးသည် တပ်သား တစ်ရာကို အုပ်ချုပ်သည် ။ တပ်မှူးကြီးကတော်သည် တပ်သား တစ်ရာ့တစ်ယောက်ကို အုပ်ချုပ်သည်။))

ရပ်ကွက် ထဲမှာ ဗျာ

ဇော်အောင် နေ့ စဉ် တနေ့ တမျိုး မရိုးအောင် သူ့ အဖေ ၏ ရပ်ကွက် ဗဟုသုတများကလည်း မှတ်သားဖွယ်ရာပင် ။

ငါ တို့အပိုင် က ရဲ စခန်းက ပြောတယ်ကွ။

ခင်ဗျားတို့ ရပ်ကွက် . လူသန့် တယ်။ ငွေ မသန့် ဘူး။

ကျွန်တော်တို့ ကြိုက်တာက. လူ မသန့် ပဲ . ငွေ သန့် တဲ့ နေရာတွေကို ပဲ ကြိုက်တာဟု ဆိုလေသည်။

သူတို့ပြောမည် ဆိုလည်းပြောချင်စရာ ။ သူ တို့ နေသော ရပ်ကွက်သည် ပင်စင်စား
ကြီးများ ၊ ရာထူးဌာန ကြီးသော ပုဂ္ဂိုလ်ကြီးများ . အေးချမ်းစွာ နေကြသော
ရပ်ကွက်ဖြစ်သည်။ ထို့အတွက် အမှူ့ အခင်းနည်းသလို ချဲထီ ရောင်းခြင်း ၊
အနှိပ်ခန်းဖွင့်ခြင်း ။ ဘောလုံးဒိုင် ကိုင်ခြင်း စသည့် ဥပဒေနှင့်
ငြိစွန်းသော ကိစ္စများလည်း မရှိသလောက်ရှား၏ ။

ထို့ ကြောင့် . အောက်စိုက် မရှာနိုင်သဖြင့် လူသန့် တယ်။ ငွေ မသန့် ဘူး ဆိုသော စကား ထွက်ပေါ်လာရ၏။

ထို့ ပြင် ရပ်ကွက်အတွင်း မှ လူအများသည် ပညာတတ်ကြေးရတတ်များပီပီ အကူအညီလိုလျင်
မျက်နှာလို မျက်နှာရ လာတတ်သော်လည်း ၄င်းတို့ မလို အပ်သော အချိန်တွင်
အရောင်ပြောင်းတတ်ကြသည်။ ထို့ ထက်ဆိုးသည်က အကြွားပို တတ်သော
လူများဖြစ်ကြောင့် သူ၏ ဖခင် က စိတ်အချဉ်ပေါက်တိုင်း

ငါ တို့  ရပ်ကွက် ထဲက လူတွေ ကလည်း ခက်တယ်ကွ။ ဆန်မရှိ စောက် စားကြီးချင်ကြတယ်။ စကား ပြောလိုက်ရင် လေတစ်လုံး မိုးတစ်လုံး နဲ့ ။

ဘယ် ဗိုလ်ချုပ် နဲ့ ဘယ်လို ရင်းနှီးတာ ။ ဘယ် ၀န်ကြီး ဆိုရင် ဘယ်တုန်းက
ကျောင်းနေဘက် သူငယ်ချင်းပေါ့ နဲ့ ။ သူ တို့ အိမ်ရှေ့ ကျတော့ မှောင်ပြီး
တော့ လမ်းကြီးတစ်လမ်းလုံး ကြည့်စမ်း ပါအုံး ။ မီးလေးတစ်လုံးတောင် လင်း
အောင် မလုပ်နိုင်ကြဘူး ။

အခြားလမ်းများကဲ့သို့ မီးမလင်းသော သူတို့လမ်းသည် အစဉ် သဖြင့် မှောင်မိုက်ခြင်းကသာ ကြီးစိုးနေသည်။
လမ်းထဲတွင် မီး လင်းရေး .. ထို အလုပ်သည် ဘယ်သူ့ အလုပ်ဖြစ်သနည်း ။

ရပ်ကွက် ဥက္ကဌ အလုပ်လား ၊ အီးဘီစီ အလုပ်လား ၊ ရပ်ကွက်တွင်း နေထိုင်ကြသည့်
လူဖိုးကြွား များ အလုပ် လား ဆိုသည်ကို တော့ ဇော်အောင် ဥာဏ်မမှီ ပေ ။
သေချာသည်ကတော့ သူ နေသော လမ်းသည် လ ပြည့်ည များတွင်သာ လူရိပ် ကို
ခပ်ပြပြမြင်တွေ့ ရပေသည်။

(ရပ်ကွက် ထဲမှာ ဒီလိုပဲ ရှိတယ်။ ကျွန်တော်တို့ ရပ်ကွက် ထဲမှာ ဒီလို ပဲ )

စေတနာရှင်ကြီးများ

လမ်းထိပ် တွင် တော့ လက်ဖက်ရည်ဆိုင် . မုန့် ဆိုင် လေးများ ကတော့ အနည်းငယ်စီ ရှိကြသည်။

တခါတရံ သူ၏ အဖေဖြစ်သူ နှင့် အတူ လက်ဖက်ရည်ဆိုင် ထိုင်လျှင် . ဆိုင်ရှင်မှ အားနာပြီး ပိုက်ဆံ ယူလေ့မရှိပေ။

ဥက္ကဌကြီးကလည်း အမြဲလိုလို ငွေရှင်း ခါနီးဆိုလျှင် . စားပွဲထိုး နှင့် စကားမပြောပဲ .
ကောင်တာမှ ဆိုင်ပိုင်ရှင်နှင့် တိုက်ရိုက်ပြောလေ့ရှိသည် ကို သတိထားမိသည်။

ဟော့.. ကို မြင့်ထွန်း ရေ… နေကောင်းတယ် နော်။ ကျွန်တော် တို့ ဝိုင်းလေး ရှင်းမယ် ဗျ ။ ဘယ်လောက်ကျ သလဲ ။

အော်.. ဥက္ကဌကြီး တို့ ပါလား ။ ရပါတယ် ဗျာ ။ ဒီလူ နဲ့ ဒီလူ ပဲ . ။

ထိုသို့ ဆိုလျှင် ဇော်အောင့်ဘက် ကလည်း မချိတင်ကဲ

အင်း .. .ဒီလိုမှန်းသိရင် ဆမူဆာ တစ်ခု လောက်ထပ်နှိုက်လိုက်ပါတယ် ကွာ။

ဒါနပြုသော ဆိုင်ပိုင်ရှင်ကြီးက သဒ္ဒါ တရားမည်ရွေ့ မည်မျှရှိသည်ကိုကား စဉ်းစားရန်မလိုပေ။

သိကြားမင်း ဦးမာဃ တောင် နောက်ဘ၀မှ အကျိုးပေးတာ ငါ့ အဖေ .. ဥက္ကဌကြီး ကတော့
ချက်ချင်းလက်ငင်းပါပဲလား ဟု သူ က သူ ၏ ဖခင်ကို ကြည့်ကာ ၀င့်ကြွားဖူးသည်။

ထို့ ကြောင့် ဥက္ကဌ ကတော် ဖြစ်သူ ၄င်း၏ မိခင် ဆိုလျှင် ရပ်ကွက် တွင်းမှ
လက်ဖက်ရည်ဆိုင်များကို လင်ယောက်ျားနှင့် အတူ ထိုင်လေ့မရှိပေ။

ပတ်ဝန်းကျင်ရဲ့ မျက်လုံးတွေ

အစ ပထမတွင် ဖခင် ၏ အလုပ်ကို ၀င်ရောက်စွက်ဖက်ခြင်းမရှိသော်လည်း အိမ်တွင်းပြသနာတို့ ၏ မြစ်ဖျားခံရာ အစပထမသည် ဤ ကိစ္စမှ သာ စတင်လေသည်။

ချီတက်ပွဲ ၊ ထောက်ခံပွဲ . ဧည့်စစ် ယာဉ်စစ် ၊ စသည်တို့ သည် ဇရာထောင်းလာသော သူ၏ဖခင် ကို ပိုမို ပင်ပန်းစေသည်။

ထို အရာများ အားလုံးထက် သာ၍ ဆိုးဝါးလှသည် က ဇော်အောင် တို့ အပေါ်တွင် လူ တွေ ရဲ့ အကြည့် မျက်လုံးများက ပြောင်းလဲ သွားကြသည်။

လက်ဖက်ရည်ဆိုင် စားပွဲထိုးများ သည် ၄င်းတို့ သားအဖ လာလျှင် ပြုံးစိစိ နှင့် အလှူအိမ်တွင်
လိုက်စားနေသော ဖိုးပါကြီး တို့ သားအဖ လာနေပြီ ဟု နောက်ပြောင်ချင်ကြသည်။

မင်း အဖေ ဘာလုပ် သလဲ ဟုမေးလျှင် ရပ်ကွက် ဥက္ကဌကြီး ဟု ပြောရမည်မှာ တွေဝေ လာသည်။

လူအများကြားထဲတွင် ဤ ရာထူး ဤ အလုပ်ကြီးကို ထုတ်ပြောရမှာ ရှက်ရွံ့ လာသည်။

လူတွေကလည်း ခက်သည်။ ရ.ယ.က ဥက္ကဌ ဟုဆိုလိုက်လျှင် ပြည်သူ့ ဘဏ္ဍာများကို
မျက်စောင်းထိုးနေကြသူ ။ အောက်စိုက်ရှာကာ သြဇာ ပါဝါ ပြတတ်သူ ဟု
အထင်ရောက်နေကြသည်။ ရွှတ်နောက်နောက် သဘောဖြင့် စ. နောက် ဖို့သာ
ဝါသနာပါတတ်ကြသည်။

သူတို့ ပြောသလို မဟုတ်ဘူးလား ဟေ့ ..ဆိုလျှင် တော့ . ဟုတ်သင့်သလောက် ဟုတ်နေပြန်သည်။

( မှတ်ချက် ၊၊ ၊၊ သမာ သမတ် ကျစွာ အုပ်ချုပ်နေသော ရပ်မိ ရပ်ဖ များ ၊
ရပ်ကွက်လူကြီးများကို မဆိုလိုကြောင်း လိပ်ပြာသန့် သူတို့ က သတိချပ်
မိပေလိမ့်မည်။ သို့ သော် လက်ရှိ ဖြစ်ပေါ်နေသော ခေတ် စံနစ်များ ကြောင့် .
ရ.ယ.က ဆိုလျှင် အများစု က နှာခေါင်းရှံ့ ချင်ကြမည်သာ ။ )

မည်သို့ ပင် ဆိုစေ သူသည် သူကြီးသားဖိုးစည် ဘ၀ကို စိတ်ကုန် လာသည်။ အဖေ့ကိုလည်း ဒီ
အလုပ်ကြီးကို ဆက်မလုပ်ဖို့ဖျောင်းဖျနားချ ရတော့သည် ။

အဖေ သည်လည်း ဒီ အလုပ်သည် အိမ်တွင်းပြသနာ တို့ ၏ စနက်တံ ဖြစ်ပြီး ပင်ပန်း
စိတ်ရှုပ် လွန်းအားကြီးသဖြင့် အတော့်ကို စိတ်ပျက်လျက်ရှိသည်။

ရ.ယ.က ဥက္ကဌ သက်တမ်း ၃ နှစ်ကျော်တွင် ဇော်အောင် အကြားချင်ဆုံး သတင်းတစ်ခု ကြားလိုက်ရတော့သည်။

အဖေ ၏ ရပ်ကွက် ဥက္ကဌရာထူး ကို အခြားသူတစ်ဦးထံသို့ လွဲပြောင်းပေးရမည် ဟုဆိုလေသည်။

ရှင်လိင်ပြန်သော နေ့ ၊ ဆယ်တန်းအောင်သောနေ ၊.ချစ်သူထံမှ အဖြေ ပြန်ရသောနေ့ တို့ ထက် . ဖခင်
ဖြစ်သူ ဒီ အလုပ်ကြီး မလုပ်ရတော့ဘူး ဟု သိရသော နေ့ သည် သူ့ ဘ၀ ၏
အပျော်ဆုံးနေ့ တစ်နေ့ ဖြစ်သည် ။

ဇော်အောင့်  ၏ ဖခင်ကြီး ဥက္ကဌ ရာထူးမှ အနားယူပြီးသည့်နောက်တွင် သူတို့ မိသားစုသည်
အပျော်ကြီးပျော်လျက်ရှိသည် ။ ဖခင်သည် အသက်အရွယ် အရ ဘာသာရေးဘက်တွင်ပိုမို
အချိန်ပေးလာသလို မိသားစု နှင့်လည်း ဆက်ဆံရေးပိုမို နွေးထွေးလာသည်။
ကိုယ်ပိုင် လုပ်ငန်းများကိုလည်း ပိုမို အချိန်ပေး လုပ်လာနိုင်သဖြင့်
ချစ်ဇနီး က စေတနာ ပို လာသည်။

ဆက်ရန်

ဇာတ်သိမ်းပိုင်းတွင် ရှုရန်..

ကောင်းသထက်ကောင်းအောင်ကြိုးစားနေမည့်.

မောင်လပြည့် (တက္ကသိုလ် ဆယ်ရက်)

ဤ ပိုစ့်ကို http://roadtoarabian.blogspot.com/ တွင် အပြည့်အစုံ ရှူရန်

In: ဝတ္ထု Posted By: Date: Nov 14, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment