Professional Authors

သင်္ချာရွာ

နောက် ထပ် ခပ်ကြောင်ကြောင် ပုံပြင်တစ်ပုဒ်

အစ

လူတစ်ယောက်ရှိသည်။ သူ့ကို တစ်(၁) ဟူ ခေါ်သည်။ လွယ်လွယ်ကူကူ အရပ်စကားဖြင့် သုံးနှုံးရလျှင် “အဖိုးတစ်” ပေါ့။ အဖိုးတစ် သိနေခဲ့သည်။ တစ်နှင့်တစ်ပေါင်းလျှင် (၂) ဖြစ်မည်။

သို့ဖြင့်

အဖိုးတစ် မှ အစချီကာ နဝမကိုး အထိ ရွာတွင် ရှိနေကြလေတော့သည်။

မျက်မှောက်ကာလ

မောင်သုည သည် စာကြည့်တိုက်တွင် ကိန်းဂဏန်းတို့၏ မျိုးရိုးဗီဇနှင့် အသွင်အပြင် ပြောင်းလဲပုံ အကြောင်းကို သဲကြီးမဲကြီး ရှာဖွေမှတ်ရေးရင်း အလုပ်ရှုပ်နေသည်။

အဖေဖြစ်သူ နဝမကိုး သည် သူ့အား သွေးရင်းသားရင်းလို သဘောမထားဟု ခံစားနေရသူ။ အနှိမ်ခံရသူ ဖြစ်သည်။

ရွာတွင် အဖေသည် အင်အားအတောင့်တင့်ဆုံး၊ အာဏာအကြီးဆုံး ဖြစ်သည်။ ရွာ၏သဘောသဘာဝအချို့ကို ပြောရလျှင် ရွာတွင် အသွင်သဏ္ဍာန်လုံးလုံးခြားနားတဲ့ ခေါင်းဆောင်ကိုးယောက်ရှိသလို ဆခွဲ မျိုးဆက်များ လည်းရှိကြသည်။ “ဆခွဲကိန်းဆိုသည်မှာ ထိုကိန်းကိုယ်တိုင်မှ တစ်ပါး မူလကိန်းအား အပြတ်စားနိုင်သော ကိန်းတိုင်း ပင် ဖြစ်သည်။” ဟု ဆိုသည်။

ဥပမာ နံပတ်(၉) ကို ကိုးမှတစ်ပါး အခြားအပြတ်စားနိုင်သည့်ကိန်းမှာ နံပတ်(၁၊ ၃) နှစ်မျိုးထဲရှိသည်။ တစ် နှင့် သုံး သည် နဝမကိုး၏ ဆခွဲမျိုးဆက်များဖြစ်သည်။ နံပတ် (၆) ၏ ဆခွဲမျိုးဆက်များမှာ မယ်“၁”၊ မောင် “၂” နှင့် မောင်“၃” တို့ဖြစ်သည်။

သွင်ပြင်လက္ခဏာအရ ထူးခြားချက်မှာ ထို ဆခွဲမျိုးဆက် မိသားစုတိုင်းတွင် အဖိုး“၁” နှင့် တစ်ပုံစံတည်းတူသော တစ်ဦးတော့ ရှိနေခြင်းပင်။ အချို့မိသားစုတွင် မိန်းခလေးဖြစ်ပြီး အချို့တွင် ယောကျာ်းလေးများ ဖြစ်ကြသည်။

ရွာ၏သမိုင်းအစအဦးကို ပြန်လေ့လာခြင်းဖြင့် အငြင်းပွားမှုများလည်း နေရာအနှံ့ပင်။ ဖိုး“တစ်” သည် ဖွားတစ် အား မည်သို့ သိမ်းပိုက်ယူခဲ့နိုင်သနည်း။ အဖိုးတစ်နှင့်ဖွားတစ် တို့ မည်သည့်အရပ်မှ လာပြီး မည်သည့်အကြောင်းကြောင့် ဤနေရာတွင် ရွာလာတည်ရသနည်း။ လူအမျိုးမျိုး စကားအဖုံဖုံ၊ တရွာတပ္လုဆန်း နေသည်။

ခိုင်ခိုင်မာမာ သေသေချာချာ သိသည်က အဖိုးတစ်နှင့်ဖွားတစ် တို့ နှစ်ဦးအမှန်ပင် ရှိခဲ့သည်။

ရွာတည်စချိန်

နဝမကိုး

ရွာ၏အစဉ်အလာအတိုင်း ကိုရှစ် သည် ဦး“လေး” ၏ ဆခွဲသမီးပျို မယ်တစ် နှင့် ထိမ်းမြားခဲ့ရသည်။ နဝမကိုး သည် သူတို့နှစ်ဦး၏ ပေါင်းလ္လ်အဖြစ် မွေးဖွား လာခဲ့တော့သည်။ နဝမကိုးသည် ဖခင်ဖြစ်သူ ကိုရှစ်အား မကြည်လင်ပါ။ ကိုရှစ် သည် အစဉ်အမြဲ အနောက်အရပ် မျက်နှာမူပြီး ဦးချနေသူ ဟု စွပ်စွဲသည်။ မိခင်ဖြစ်သူ မယ်တစ် ကိုလည်း အားနည်လွန်းသည်၊ ပျော့ညံ့လွန်းသည် ဟု မကြားတကြား ခနဲ့တတ်သည်။

နဝမကိုးသည် ရွာ၏အစဉ်အလာအတိုင်း ဆွေမျိုးစုများအတွင်းမှ တစ် တဦးဦး ကို ယူရတော့မည်။

နဝမကိုးသည် သန်မာသည်။ အစွမ်းရှိသည်။ သူ၏ပညာစွမ်း မြင့်မားမှုအတွက်လဲ အလွန်ဂုဏ်ယူသည်။ သူ၏လေ့လာတွေ့ရှိချက်အရ မယ်တစ် တဦးဦးနှင့် ယူပြီးသူတိုင်း နောက်မျိုးဆက်တွင် ပုံသဏ္ဍာန်အသစ်တစ်မျိုး ပေါ်လာသည်။ ၁ ပုံစံ ပြီးတော့ ၂။ နောက် ၃၊ ၄…။ သက်သေက အခိုင်အမာ။

ကို“သုံး” သည် မယ်တစ် တယောက်နှင့် ပေါင်းဖက်ပြီးနောက် လူ“လေး” ကို ရရှိခဲ့သည်။ သို့သော် သူတို့နှစ်ဦး မည်သည့်အခါမျှ မျက်နှာခြင်း မဆိုင်နိုင်ကြ။

နဝမကိုးသည် ဤရွာတွင် သူ့ထက်အစွမ်းကြီးသော ဗီဇမျိုးဆက်သစ်တစ်မျိုး ပေါ်လာမှာကို အလိုမရှိပေ။

မိတ်ဆွေ သိမည်ဖြစ်သည်။ အစဉ်အလာထုံးစံများ အရိုးထဲထိစွဲနေသည့် ခေတ်တွင် အစဉ်အလာချိုးဖောက်သူအတွက် အပြစ်ဒဏ်မှာ သေဒဏ်ပင် ဖြစ်နိုင်သည်။

ထိုသို့ဖြင့် နဝမကိုးသည် ရှောင်လွှဲလို့မရတဲ့နောက် တစ် တစ်ယောက်ကို ခေါင်းခေါက်ရပါလေရော။ ဤတခါတွင် ထူးဆန်းစွာ အမွှာ မွေးလေသည်။ မွေးစထဲက သူတို့နှစ်ဦးကို မည်သို့မျှခွဲမရ။ အမြဲတမ်း ပူးတွဲပြီးထားရသည်။ သူတို့နှစ်ဦး အသွင်အပြင်ခြင်းတော့ မတူကြပါ။

တဦးမှာ မိခင်နှင့် တစ်ပုံတည်း။ နောက်တစ်ဦးကတော့ တခါမှ မမြင်ဖူးသေးတဲ့ ရုပ်ရည်အသွင်အပြင်နဲ့။ သူသည် သူ၏အမွှာအမ မတစ် မပါလျှင် ဘာမျှ ဖြစ်အောင် လုပ်တတ်သူမဟုတ်။  သမိုင်းအစဉ်အဆက်တွင်  ဗီဇအသစ်များပေါ်ခဲ့ကြပါသည်။ သူတို့သည် မိမိဘာသာမိမိ တစ်ဦးချင်း ရပ်တည်နိုင်သူများ ဖြစ်ခဲ့ကြသည်။

သုည

ယခု ဤဗီဇသစ် ကို အရင် ပေါ်ခဲ့ဖူးသော ဗီဇသစ်များနှင့် တဂိုဏ်းထဲ ထားရမည်လား။ တစ်ဂိုဏ်ထဲထားမည်ဆိုလျှင် တဦးချင်းရပ်တည်နိုင်မှ ဖြစ်မည်။ လုံးလုံးအဖြစ်မရှိဘဲ ကိုယ့်ခြေထောက်အပေါ်ကိုယ်ရပ်ဖို့ ဆိုတာ ဖြစ်နိုင်ပါ့မလား။

ဒီဗီဇသစ်လေးဟာ ရှိနေပေမဲ့ လှစ်လျှူရှု ခံခဲ့ရတယ်။ အချိန်အတိုင်းအတာ တစ်ခုမှာ သူ အမည်တစ်ခုရတယ်။ သုည တဲ့။

နဝမကိုးဟာ အဖြစ်မရှိတဲ့ သုညကို ဘယ်လိုမှ ဘဝင်မကျဘူး။ ကပ်ပါးကောင်လို သဘောသဘာဝရှိတဲ့ သုညရဲ့ပုံစံကို အားမရဘူး။

သုညကတော့ အငိုင်မပျက်ဘူး။ သူ ဖတ်ဖူး၊ မှတ်ဖူး သည်များကို အပြန်ပြန် အလှန်လှန် ဆင်ခြင်နေသည်။

ဗီဇပြောင်းလဲမှုပုံစံ သည် အပြောင်းအလဲ တစ်ခုရှိခဲ့ပြီ။ သူ၏အမ ဖြစ်သူသည် အမေ၏သဏ္ဍာန်ကို အမွေရသည်။ သူသည် မည်သူ၏ သဏ္ဍာန်ကို အမွေရခဲ့သနည်း။

သူ မှတ်တမ်း၊ မှတ်ရာများ လိုက်ဖတ်သည်။ သမိုင်းတွင် ပထမဆုံး ဖြစ်တည်မှုရှိ ခြင်းသည် ၁ မှ စသည်။ ၁ ခုမှ မဖြစ်ရင် တစ်ခုမှ မရှိဘူးပေါ့။ သူတွေးကြည့်သည်။ ၂ ဆိုတာက ၁ နဲ့ ၁ ပေါင်းလို့ရတယ်။ ၁ ဖြစ်လာဖို့ကြတော့ ဘာနဲ့ဘာ ပေါင်းခဲ့လို့လဲ။  တစ်ကို မည်သည့်အရာက မွေးဖွားပေးခဲ့သနည်း။ တစ် သည် မည်သည့်အရာမှ ပေါက်ဖွားလာသနည်း။ ဖြစ်တည်မှုဘာမျှမရှိခြင်းမှ ဖြစ်တည်မှုတစ်ခုဖြစ်လာသလား။

ဖြစ်တည်မှုဘာမျှမရှိခြင်းရဲ့ အမှတ်အသားဟာ  သုည။

သုည က ဒီလိုဆိုလာသည်။ သူ့ရဲ့ အမ မတစ် ဟာ အတိတ်က ပုံသဏ္ဍာန်ကို အမွေရသလို သူကိုယ်တိုင်လဲ အတိတ်က ပုဂ္ဂိုလ်တစ်ဦးရဲ့ အသွင်အပြင်အမွေကို ရခြင်း ဖြစ်သတဲ့။ အဲသည့် ပုဂ္ဂိုလ်ဟာ လူတိုင်းသိထားတဲ့ အဖိုးတစ်ထက် အရင် ရှိနှင့်ပါလေရောတဲ့။

ဒါကြောင့် အမျိုးစာရင်းရဲ့ ထိပ်ဆုံးမှာ သူ့(သုည) ရဲ့သဏ္ဍာန်ကို ထားခြင်းဖြင့် အလွန်သဘာဝကျမည် ဖြစ်ကြောင်းလဲ ပြောပါသေးသည်။

ထို့အပြင် အနာဂတ်လမ်းကြောင်းကိုလဲ သူက နိမိတ်ဖတ် ပြောလိုက်သည်။ “ကြည့်နေ…ဗီဇအသစ်ဆိုတာ ပုံစံအသစ်နဲ့ဘယ်တော့မှ မလာတော့ဘူး။ တွဲဖက်မှုအသစ်အနေနဲ့သာ လာတော့မယ်။ သင်္ချာရွာက သဘာဝတရားရဲ့ ဥပ္လေသဟာ တစ်ဆယ်(၁၀) ရောက်တော့ တစ်မျိုး ပြောင်းခဲ့ပါပြီ။ ပုံစံအသစ်တွေ မပေါ်ထွက်တော့ဘူး။ တွဲဖက်မှုအသစ်တွေပဲ မျိုးဆက်သစ် အဖြစ် မြင်ကြရတော့တယ်။

သုည တစ်ခါတွေ့

ဘဝကလည်း တကွေ့။

ခွန်နစ် “၇”

ခွန်နစ်သည် သင်္ချာရွာတွင် အလွန်ပင် လူချစ်လူခင် ပေါသည်။ နဝမကိုး ကိုယ်တိုင် မနာလိုဖြစ်လောက်အောင် လူအများက ခွန်နစ် ကို အားကိုးကြသည်။ ချစ်ခင်ကြသည်။

ခွန်နစ် အပေါ် မတူညီသော အမြင်များရှိလင့်ကစား အားလုံး တညီတညာ တည်း အားပေးကြသည်။ ခွန်နစ်သည် ပျော်ရွှင်မြူးတူးစွာ နေတတ်သူ ဖြစ်သည်။ မထင်လျှင် မထင်သလိုလဲ သွေးဆိုးတတ်ပါလိမ့်မည်။

ဒီလိုနဲ့ ခွန်နစ်ဟာ နဝမကိုးရဲ့ တရားမဝင် ပြိုင်ဘက်ဖြစ်လာတယ်။ ခွန်နစ်ဟာ နဝမကိုးနဲ့ အင်အားပြိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါက သင်္ချာရွာရဲ့ဥပဒေသပဲ။ ခွန်နစ်ဟာ လူတွေ စိတ်ချမ်းသာရင် အချီးမွမ်းခံရပြီး၊ လူတွေ ညစ်လာပြီဆိုရင် အလွှဲချခံရဖို့ ရှိနေတတ်သူပါ။

ဒီလိုနဲ့

စွမ်းရည်ခွန်အား များပြားလွန်းတဲ့ နဝမကိုး၊ အမြောက်အများတွေ့နိုင်တဲ့ မယ်တစ်၊ ကိုတစ် များ၊ လူကြိုက်များ ရေပန်းစားတဲ့ ခွန်နစ်၊ မမြင်နိုင်တဲ့အရာကို လူတွေမြင်သာအောင် အမှတ်အသားတွေနဲ့ဟောကြားနေသူ သုည၊ ပြီးတော့ ၂၃၄၅၆၈ တို့ရဲ့ မိသားစုဝင်များ…ဒီရွာလေးရဲ့ အစပေါ့။

ကာလတစ်ခုတွင်

တခါတွင် မောင်တစ် နှင့် မောင်သုည လူငယ် နှစ်ဦး တီထွင်မှုတစ်ရပ် ပြုခဲ့ကြသည်။ တော်လှန်ရေးတစ်ခုပင် ဖြစ်သည်။ သူတို့နှစ်ဦးက ရှိသမျှ တန်ဖိုးတိုင်းကို သူတို့ ပုံသွင်းဖို့ ဖြစ်သည်။ ၂=၁၀၊ ၃=၁၁၊ ၄=၁၀ဝ၊ ၅=၁၀၁

ထို့နောက်တွင်တော့ ထို တီထွင်မှုကြီး၏ အကျိုးဆက်ကြောင့်

မိမိကိုမိမိ “သုည တစ် ပုံစံ” သို့ မပြောင်းလျှင် အလုပ်မရနိုင်သည့် အခြေအနေပင်။

သင်္ချာရွာမှ တစ်“၁” နှင့် သုည“ဝ” အများအပြား ခေတ်မှီနိုင်ငံကြီးများသို့ သွားကာ အလုပ်လုပ်ကိုင်ကြသည်။ အသင်္ချေမျှ များပြားသော တစ်နှင့်သုည များ နေရာတိုင်း တွေ့နိုင်သည်။ တစ် နှင့် သုည မဟုတ်သူများလည်း ဘိုင်နရီစစ်စတမ် ပုံပြောင်းနည်းဖြင့် (ကိန်းနှစ်လုံးအခြေခံ သင်္ချာဖြင့်) သုည တစ် ဘဝ ခံယူကာ သွားရောက်လုပ်ကိုင်ကြသည်။

နဝမကိုးသည် မည်မျှအားကြီးကြီး၊ ခွန်နစ်သည် မည်မျှလူကြိုက်များများ၊ တစ်နှင့်သုည ကတော့ လူမှုယန္တရားကြီးလည်ပတ်ဖို့ရာမှာ “မရှိမဖြစ် သုည တစ်” ဟု မျက်မှောက်ကာလတွင် ဆိုရမလို ဖြစ်နေတော့သည်။

မရှိခြင်း၊ ရှိခြင်း

နှစ်မျိုးပဲ…

ဒါပေမဲ့

အချိုးအစား အမျိုးမျိုးနဲ့

ရောစပ်ထားတဲ့

လောကီဝတ္ထုများ…။

ဇဒဂွဲ

In: ဝတ္ထု Posted By: Date: Aug 2, 2010
Comment #1

မိုက်တယ်ဟ ရေးထားတဲ့ ဒီဇိုင်းလေးက ခုခေတ်စားနေတဲ့ လုနေ တို့ သိုးဆောင်းတို့ရေးတဲ့ ပုံစံလေး
ဒါပေမယ့် ကောင်းတယ် ရေးထားတာ

commentinfo By: lucifer at Aug 18, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment