Professional Authors

မြေခွေး-(၂)-နေ၀င်းမြင့်

၂)
  အိမ်ဆိုင်လေးကလည်း အရက်ကောင်းကောင်း ရောင်းတာမဟုတ်ဘူး။ တာဇံလို့ခေါ်တဲ့
ကောက်ညှင်းအရက် ခေါ်မလား၊ ထန်းလျက်အရက် ခေါ်မလား။ အဲဒါပဲ ရတာ။ ဘာပဲဖြစ်ဖြစ်
သူ့အတွက်တော့ ညနေစောင်းရင် သူ့တဲကလေး ကနေ နာရီဝက် မရှိတရှိလောက် လျှောက်လာ၊
တန်းလျားခန်းထဲကိုဝင်၊ တစ်ခွက် တစ်ဖလား သောက်၊ ပြီးရင်ပြန်။ ဒါဟာ နေ့စဉ် သူလုပ်နေကျပဲ။
အရင်တုန်း ကတော့ (သည် ယန္တရားကြီးကို လုံခြုံရေး မစောင့်ရခင်တုန်းက) ဘ၀ တော်တော်များများမှာ
ကျင်လည်ခဲ့တာ ထားပါတော့။ အခု ဒီဘက် ရှစ်နှစ်လောက် ကတော့ သူ့မှာ မနက်ည သည် တန်းလျားလေးကို
လာပြီး အရက်သောက်၊ ပြီးရင် ပြန်ပဲ။ တောထဲက တဲကလေးထဲမှာ ညဘက် ဒီဇယ် ဆီမီးခွက်လေးနဲ့
မှိတ်တုတ်မှိတ်တုတ် နေတော့တာပါပဲ။ ခက်တာက ယန္တရားကြီး မလည်ရတာ ကြာပြန်ပြီ။
ယန္တရားမောင်းတဲ့ လူကလည်း ယန္တရား မလည်ရတော့ မလာတော့ဘူး။ သည်တော့ သူ့မှာ
တခြား ၀င်ငွေလည်း မရှိဘူး။ အစားမှန်မှန် မစားတာရော၊ အရက်တွေ ထောင်းထအောင်
သောက်တာရောကြောင့် သူလည်း တစ်စ တစ်စ ပိန်ချုံးသထက် ပိန်ချုံးလာတယ်။

  သူပိန်ချုံးလာတော့ သူ့ရင်ဘတ်က နဂါးကြီး ကလည်း ပိန်ချုံး လာတော့တာပဲ။ လက်တွေ ခြေတွေလည်း
တုန်လာတယ်။ မကြာမကြာလည်း အအေးမိတယ်။ အဆုတ်ကလည်း ပွချင်တယ်။ ခြင်တွေ ဖြုတ်တွေကလည်း
သီးနေအောင် ကိုက်ထားတော့ အရေပြားတွေ မှာလည်း အနာပဆုတ်တွေ၊ ပွေးတွေ၊ ၀ဲစိုတွေ၊ ညှင်းကြီးကွက်တွေနဲ့
အပြည့်ပဲ။ ရေဆိုတာ ကလည်း တူးထားတဲ့ ချိုင့်တွေထဲက တင်နေတဲ့ မိုးရေကို ချိုးရင်ချိုး၊ သောက်ရင်သောက်ပဲ။ ဒါပဲ။
ဘယ်ကမှ ရေသန့်သန့် မရနိုင်ဘူး။ အဲသလိုနဲ့ အ၀ါရင့်ရောင် ယန္တရားကြီးရယ်၊ တဲကလေး တစ်လုံးရယ်၊ သူရယ်၊
သူ့ရင်ဘတ်က နဂါးတစ်ကောင်ရယ်၊ ကျင်းတွေ ချိုင့်တွေရယ်၊ သစ်တော ညို့ညို့ရယ်၊ ဖျာတစ်ချပ်၊ ရေအိုးတစ်လုံးရယ်၊
တာဇံထည့်တဲ့ ပုလင်းလွတ် လေးငါးလုံးရယ် လွဲရင် သူ့မှာ တွယ်တာစရာ ဘာသံယောဇဉ်မှ မရှိဘဲ နေလာတာကိုက
ပြောခဲ့ပါပြီကော။ ရှစ်နှစ်လောက် ရှိပြီလို့။ ရေတမာရွက် ကြမ်းကြမ်းတွေ ကြားက နှင်းဆီပွင့် တွေဟာ ရောင်စုံပဲ။
လှလိုက်တာလည်း မပြောနဲ့တော့။ အ၀ါလည်း ပါတယ်၊ ပန်းသွေးနုနုလည်း ပါရဲ့။ ကြက်သွေးရောင် စိုစိုဖပ်ဖပ်ကြီးတွေ
ဆိုတာကလည်း မနည်းဘူး။ နှင်းဆီရနံ့တွေ ကလည်း သူ့တဲကလေးထဲမှာ ကြိုင်လို့ လှိုင်လို့။ လှချင်တိုင်း လှနေတဲ့
နှင်းဆီပွင့်တွေကို ကိုကျောက်စီ ငေးတောင် နေမိတယ်။

  အပွင့် ရောင်စုံတွေကိုလည်း သူ့လက် ကြမ်းကြမ်းကြီးတွေနဲ့ တယုတယ ပွတ်သပ် ကြည့်မိသေးတယ်။
ကိုကျောက်စီက သူ့ရဲ့ ကတုန်ကယင် လက်တွေနဲ့ နှင်းဆီပွင့်လေးတွေကို အသာအယာ ဆွဲနှုတ်တယ်။
အ၀ါတွေကို သတ်သတ် ဖယ်တယ်။ ပန်းရောင် အဖူးကလေးတွေကို သီးသန့် ထားတယ်။ ကြက်သွေးရောင်
နီညိုညို အပွင့်ကြီး တွေကိုတော့ များလွန်းလို့ နှီးစ မျှင်မျှင်လေးတွေနဲ့ အရင် စည်းတယ်။ ငါးပွင့် တစ်စည်း၊
လေးပွင့် တစ်စည်း စည်းတယ်။ ဖြစ်သင့်တာက ဆန်ကောလို၊ လင်ပန်းလို အချပ်ကြီးထဲမှာ စီပြီး ထည့်ထားရမှာ။
သူ့မှာ ဆန်ကော မရှိဘူး။ သည်တော့ တောငှက်ပျောရွက် ကြီးတွေနဲ့ တစ်ရောင်စီ ခွဲထုတ်တယ်။ ရေညှိ တက်နေတဲ့
သောက်ရေအိုးက ရေတစ်ခွက် ခပ်တယ်။ တစ်ဝက်ကို သောက်တယ်။ တစ်ဝက်ကို ပန်းတွေ အပေါ် ဖျန်းတယ်။
တဲအပြင် ထွက်ပြီး အလင်းရောင်ကို ကြည့်တယ်။ အချိန် ရှိသေးတယ်။ ရှိလှမှ သုံးနာရီခွဲပဲ။ သူ နှစ်နှစ်ခြိုက်ခြိုက်
ပြုံးလိုက်တယ်။ တာဇံ နည်းနည်း သောက်လိုက်တယ်။ ပြီးတော့မှ တန်းလျားဘက်ကို နှင်းဆီပန်းတွေ ပိုက်ပြီး ထွက်လာခဲ့တယ်။

  တစ်သက်နဲ့ တစ်ကိုယ် ကိုကျောက်စီ ပန်းရောင်းတာ မတွေ့ဖူးကြတဲ့ တန်းလျားထဲက လူတွေက ကိုကျောက်စီ ပန်းရောင်းတယ်
ဆိုတော့ကို အထူးအဆန်း ဖြစ်လို့။ ဘယ်လို ဖြစ်တာလဲ၊ ဘာသဘောလဲ၊ ဘယ်လို ရည်ရွယ်ချက်နဲ့ ပန်းရောင်း ဖြစ်သွားတာလဲ။
အဲသလို တွေးကြတယ်။ “ကိုင်း ပန်းတွေဗျို့။ ခြံပန်း လတ်လတ်ဆတ်ဆတ်တွေ၊ နှင်းဆီတွေ” တချို့ကလည်း ရယ်ကြတယ်။
တချို့ကလည်း သနားကြတယ်။ တချို့ကလည်း ဒီကောင် လုပ်လာပြန်ပြီလို့ တွက်ကြဟန် တူပါရဲ့။ ခပ်တည်တည်ပဲ။
မည်းချိပ်နေတဲ့ အသား၊ အင်္ကျီမပါ၊ ဖိနပ်မပါ၊ ပုဆိုးတိုတို (အဲဒီ ပုဆိုးက နှစ်ပေါက် ပုဆိုးပဲ)နဲ့ နှင်းဆီပန်း ရောင်စုံနဲ့က
ဘယ်လိုမှ ဆက်စပ်ကြည့်လို့ မရဘူး မဟုတ်လား။ တန်းလျားက ဟိုဘက်ထိပ်က ဒီဘက်ထိပ်ကို တစ်ခေါက်ပဲ လျှောက်ရတယ်။
နှင်းဆီပန်းတွေ လုယူ လိုက်သလို ကုန်သွားတယ်။ အဲသည် ၀ယ်ကြတဲ့ မိန်းမတွေထဲမှာ သူ လာသောက်နေကျ တာဇံ
ရောင်းတဲ့ဆိုင်က မိန်းမကိုတော့ သူ မရောင်းဘူး။ အဲဒီ မိန်းမက နှင်းဆီဝါ တစ်စည်းကို လာကိုင်တယ်။ သူက အတင်း
ပြန်ယူလိုက်တယ်။ ဘာမှတော့ မပြောဘူး။ အဲသည် မိန်းမက “ရှင့် အရက်ကြွေးနဲ့ မနှိမ်ပါဘူး၊ ပိုက်ဆံ ပေးမှာပါ” လို့ ပြောတဲ့
ကြားကကို သူ မရောင်းတာ။ “ခင်ဗျားကို သတ်သတ် အလကား ပေးပါ့မယ်။ နောက်မှ ယူပါဗျာ” လို့ပဲ ပြောတယ်။
အဲသည် မိန်းမလည်း စိတ်ဆိုးသွားတယ်နဲ့ တူပါတယ်။ “သောက်ကြီး သောက်ကျယ်” လို့ တစ်ခွန်းပဲ ပြောပြီး ပြန်သွားတယ်။ ဒါပါပဲ။

In: ဝတ္ထု Posted By: Date: Jan 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment