Professional Authors

ကော်ဖီခါးခါးတစ်ခွက်သောက်မိပါသည်

ကော်ဖီခါးခါးတစ်ခွက်သောက်မိပါသည်                                                                                                                                                               

(၁) 
       ကော်ဖီဟူသောအရာကို ယခုဖတ်ရှုနေကြသော စာဖတ်သူတို့လည်းသောက်ဖူးမည်ထင်ပါသည်။
ကော်ဖီအရသာချိုနေမှကြိုက်သောသူများ၊ခါးသက်သော အရသာကိုမှရွေးချယ်သောက်သုံးကြသူများ
ကော်ဖီစင်စစ် အရသာကိုမှခံစားကြလိုသူများ ဤသို့ဖြင့် ကော်ဖီအပေါ် အကြိုက်အမျိုးမျိုး ကွဲပြား
ကြပေလိမ့်မည်။
       ကျွန်တော်ကတော့ ကော်ဖီမျိုးစုံကိုကြိုက်ပါသည်။ကော်ဖီခါးနေလျှင်ကျွန်တော်ပိုကြိုက်တတ်သည်။
(အိပ်ချင်စိတ်ကိုပျောက်စေသောကြောင့် ဖြစ်မည်ထင်ပါသည် (၀ါ) ထိုင်းမှိုင်းနေမှုကို ခန္ဓာကိုယ်ထဲမှ
ဖယ်ခွာစေသောကြောင့် ဖြစ်မည်ထင်သည်။) ခါးသက်သောအရသာဆိုလျှင် လူသားတို့အနေဖြင့် မျက်နှာရှုံ့ ချင်
ကြတတ်သည်။ကျွန်တော်သည်လည်း ခါးသက်သော အရာများကို မုန်းပါသည်။(အထူးသဖြင့် ငယ်ငယ်တုန်းက
ကျန်းမာရေးချူချာ၍ မကြာခဏ သောက်သုံးရသော ခေတ်မှီဆေးဝါးများ ကို ပို၍ မုန်းပါသည်။)
         ယခုမူအကြောင်းပြချက်မရှိဘဲ ကော်ဖီခါးခါးတည်း ဟူသော ခါးသက်သက်အရသာရှိသည်အရာကိုမှ
ကျွန်တော်စွဲစွဲလမ်းလမ်း နှစ်ခြိုက်မိပါ၏။မည်သည့်အကြောင်းအရာမျှမပါဘဲ ဆက်စပ်ရမည်ဆိုလျှင်
ရင့်ကျက်သောဣနြေ္ဒရှိသည့် ကောင်မလေးတစ်ယောက်ကို စိတ်ကူးဖြင့် သိပ်ရူးခဲ့ရအောင်ချစ်ခဲ့ခြင်းသည်
ကျွန်တော်အလွန်ကြိုက်နှစ်သက်လှသော ကော်ဖီခါးခါးတစ်ခွက်ကို သောက်မိခြင်းပင်ဖြစ်ပါတော့သည်တကား။
          
(၂)
      ကျွန်တော်သူမကိုစစတွေ့ချင်းမှာပင် ရင်ခုန်မိခြင်းလားမပြောတတ်ပါ။ထူးခြားသည်မှာ ထိုကောင်မလေး၏
ဆံကေသာများပင်ဖြစ်၏။ ခေါင်းကလေးတခါခါနှင့် စကားပြောလျှင် ဆံနွယ်များ လေထဲတွင် လှပကြော့ရှင်းစွာ
ဖြင့် ဖွာသွားတတ်သည်။ပြေပြစ်သော နှာတံ၊ရွှန်းလဲ့နေသော မျက်လုံးဝိုင်းဝိုင်းစက်စက်ကလေးများ၊ လိုက်ဖက်စွာ
ဝတ်ဆင်လေ့ရှိသော အင်္ကျီနှင့်ထဘီ၊ ဖြူလွင်သော အသားအရေ၊ သပ်သပ်ရပ်ရပ် စည်းထားသော ဆံပင်ရှည်ကလေး
နှင့် ချစ်ခင်နှစ်လိုဖွယ် ပြောတတ်ဆိုတတ်ခြင်းများသည် သူမအပေါ် ကျွန်တော်ရင်ခုန်မိခြင်းတို့၏ မူလအစပင်
ဖြစ်မည်ဟုထင်ရပါသည်။
      အနုပညာသမားတစ်ယောက်ဖြစ်သော ကျွန်တော့်အနေဖြင့် စကားလုံးလှလှကလေးများကို ရွေးချယ်ပြီး
သူမအကြောင်း စာတစ်တန် ပေတစ်တန် ဖွဲ့ဆိုရေးသားလေ့ရှိသည်။ကျွန်တော့်လက်ရာမြောက်သောကဗျာ
အများအပြားတွင် သူမ၏အကြောင်းများကသာ နေရာယူထားကြလေ၏။အလင်္ကာမြောက်သောအသုံးအနှုန်းများဖြင့်
သူမ၏အလှကို ပြီးပြည့်စုံအောင်ဖွဲ့ ဆိုခြင်းငှာကျွန်တော်မတတ်နိုင်ပါ။ကျွန်တော့်နှလုံးသားထဲတွင် သူမသည်
ကျွန်တော်ဖွဲ့ ဆိုထားသည်ထက် ပို၍ လှပသော မိန်းမပျိုတစ်ဦးဖြစ်ပေသည်။
      ကျွန်တော်သူ့အပေါ်လိုအပ်သည်ထက်ပို၍ မျှော်လင့်ခဲ့သည်။ထိုကဲ့သို့မျှော်လင့်ခဲ့ခြင်းကြောင့်လည်း ဝေဒနာ
များစွာကို မလိုအပ်ဘဲနှင့် ခံစားခဲ့ရလေသည်။သန့်ရှင်းကြည်လင်သော နိုဝင်ဘာရာသီဥတုတွင် ကျွန်တော်သူ့ကို
စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ကျွန်တော်တို့နှစ်ဦးတွေ့ ဆုံခြင်းသည် ၀တ္ထုမဆန် ကဗျာမဆန် အလင်္ကာမဆန်ပါ။
သဘာဝကျကျ တွေ့ဆုံခဲ့ခြင်းသာလျှင်ဖြစ်လေ၏။ကျွန်တော့်ဘေးမှ သူမကျော်တက်သွားသည်။ဖြစ်ချင်တော့
လေနတ်သားက သူမ၏ဆံပင်အချို့ လွင့်ဖွာသွားအောင် ကလူကျီစယ်လိုက်လေသည်။ကျွန်တော်ဝင်သက်ရှိုက်
လိုက်သော အချိန်ဖြစ်သဖြင့် လှပကြော့ရှင်းသော ဆံကေသာ အချို့ ကို နမ်းမိလိုက်သလိုဖြစ်သွားပါသည်။
ကျွန်တော်ခိုး၍ ရှိုက်နမ်းလိုက်သည်ကို သူမသိသွားဟန်တူသည်။ လှပသော မျက်စောင်းတစ်ချက်ဖြင့် ၀ဲဘက်
နှလုံးသားကို စတင်လှုပ်ရှားယိမ်းခါ စေခဲ့ပါတော့သည်။
(၃)
       အနုပညာမဆန်စွာဖြင့် ဖြူဖွေးနေသော ကျွန်တော့်လက်အစုံသည် ပန်းသွေးရောင်တို့ဖြင့်ထ၏။ ထိုမိန်းကလေး
ကျွန်တော့်ဘ၀ထဲသို့ ၀င်လာချိန်မှစကာ အိပ်ရေးပျက်ညများစွာဖြင့် ဒီဇင်ဘာလကို ကြိုဆိုလက်ခံလိုက်ရပါသည်။
ထိုချိန်တွင်ကျွန်တော့်ကဗျာများ စာမူများတွင် သူမအကြောင်းများ သက်ဝင်လှုပ်ရှားနေပြီဖြစ်သည်။ ကျောင်းတော်ကြီး
လည်းဖွင့်တော့မည်။ကျွန်တော်သူမနှင့် ကျောင်းမဖွင့်ခင် ထပ်မံ၍ ဆုံတွေ့ချင်ပါသေးသည်။ကျွန်တော်ရင်ထဲတွင်
မျှော်လင့်ခြင်းများက တစ်စစဖြင့် ကြွေကျလာသည်။မနက်ဖြန်ဆိုလျှင်ကျောင်းဖွင့်ပြီ။သည်အတိုင်းဆိုလျှင်သူမနှင့်တွေ့ရန်
အခွင့်အလမ်းမရှိတော့။ ကျွန်တော့်နှလုံးသားထဲမှ မိန်းမပျိုနှင့် ကျွန်တော်ထပ်မံဆုံတွေ့ခွင့်မရတော့မည်ကို တွေးရင်း
အလွမ်အမင်းဝမ်းနည်းလာရသည်။ ချစ်သူ…..တစ်ကြိမ်တစ်ခါလောက်ဖြစ်ဖြစ် နင်တွေ့ခွင့်ပေးသင့်ပါတယ်…….
        ကံကြမ္မာသည် အလွန်အမင်းဆန်းကြယ်သည်ဟုပြောလျှင် သင်ယုံကြည်သင့်သည် စာရှုသူ။ ကျွန်တော်တက်မိသော
တက္ကသိုလ်တွင်မှ သူမနှင့်ကျွန်တော်ထပ်မံတွေ့ဆုံလိုက်ရခြင်းသည် အင်မတန်မှကဗျာဆန်လွန်းလှပါသည်။ချစ်သူသွားရာ
နောက်သို့ တကောက်ကောက်လိုက်မိသည်။ချစ်သူသည် အနုပညာကို အလွန်အမင်းရူးသွပ်သူ(ကျွန်တော့်လောက်တော့
ရူးသွပ်မည်ဟုမထင်ပါ)တစ်ဦးဖြစ်နေသည်ကို သူမနှင့်ရင်းနှီးခွင့်ရရှိပြီးမှ သိလိုက်ရပါသည်။
        ဖေဖော်ဝါရီလ၏ အပြာရောင်မနက်ခင်းသည် မြူနှင်းတို့ဖြင့် မပီမပြင် ၀ိုးဝါးနေလျက်။ ဆောင်းဥတုကလည်း
 အအေးဓါတ်တို့ကို အန်ထုတ်နေပါသည်။ မြောက်ပြန်လေပြည်တချို့ ၏ ပြေးလွှားဆော့ကစားမှုဖြင့် လောကကြီးကို
ကဗျာဆန်ဆန်ခံစား နေသော ကျွန်တော့်ကဗျာစိတ်ကူးများ ချမ်းခနဲ ဖျဉ်းခနဲ တုန်တက်၍ မူလအသိစိတ်တို့ဖြင့်
 နှလုံးအိမ်ကို ပြန်လည်စိုးမိုးသွားတော့သည်။
         ယမန်နေ့ကသူမနှင့်ကျွန်တော် အချစ်အကြောင်း ကဗျာတစ်ပုဒ်ကို အတူတကွ ဆွေးနွေးကြပါသည်။ထိုကဲ့သို့
ဆွေးနွေးနေစဉ် ကျွန်တော့်ဘက်မှကြင်နာမှုများကို သူမသိအောင် ရင်ဖွင့်ပြခဲ့ပါသည်။သူမကပဲ မသိချင်ယောင်ဆောင်
ခဲ့တာလား။ကျွန်တော်ကပဲ ညံ့ခဲ့တာလားမသိတော့ပါ။သေချာသည်ကတော့ သူမမသိအောင် ကျွန်တော်ကျိတ်၍
 ချစ်ခဲ့သည်ပဲလေ။ပန်းဖြစ်ပါသော်လည်း ဖူးပွင့်ရ၍ အလင်းနှင့်တွေ့ခွင့်ရရန်ကိုတော့ ကျွန်တော်မကြောက်ပါ။
ကျွန်တော်ပွင့်လိုက်မှ ခူးလွင့်ခံလိုက်ရမည်ကိုတော့…….
(၄)      
  ယနေ့လပြည့်ညဖြစ်သည်။ကောင်းကင်ကြီးကိုကြည့်၍ ကျွန်တော် ကဗျာတစ်ပုဒ်ကို ကောက်ကာငင်ကာ စပ်ဆိုလိုက်ပါသည်။

“အလွမ်းပြည့်ည(သို့)လမင်းနှင့်အတူပြည့်တဲ့အလွမ်း”

လွမ်းမောဖွယ်အငွေ့အသက်တွေနဲ့ ပြည့်ယှက်နေတဲ့ရင်ခွင်တစ်စုံမှာ ပုံကျနေတဲ့ကြေကွဲခြင်းယဉ်ကျေးမှုတွေကို
မပြိုလဲစေချင်တော့ဘူးကွယ်

(နင်ဟာငါ့ဘ၀ရဲ့ နတ်သမီး) ဘယ်နတ်ဘုရားကများနင့်ကို လူငယ်တစ်ယောက်ရဲ့  ကြွေကျနေတဲ့နှလုံးသားကို
ခြေမွပစ်ဖို့(လှပမှု)အစွမ်းပကားတွေ ပေးသနားခဲ့တာလဲ…….. (မြှားနတ်မောင်တောင်ငါ့ကိုမကယ်နိုင်ဘူး)

အပြာရောင်လွင်ပြင် တစ်ကိုယ်တော်ကန္တာရရဲ့ ညတစ်ညမှာ အမုန်းတွေ ခါးသီးခြင်းတွေ အထီးကျန်ခြင်းတွေနဲ့
အားလုံးဟာ အက်…ရှ…ကြေ….ကွဲ  အခွင့်အခါတွေလည်းသွေလွဲခဲ့ပါရဲ့ 

ဗီးနပ်စ်ရေ…. တာရာချင်းစစ်ထိုးတဲ့ပွဲထက် ခင်ဗျားနဲ့အလွမ်းတို့စီးချင်းထိုးတာ ပိုကြည့်ကောင်းမယ်လို့
ကျွန်တော်ရဲရဲကြီးအာမခံတယ်။

(အဆိပ်သုတ်ထားတဲ့မြှားနဲ့ပစ်တဲ့ မြှားနတ်မောင်ကိုလည်းမုန်းတယ်) အစနဲ့အဆုံးတို့တတွေမမုန်းခဲ့ကြရင်
ကိုယ့်ရဲ့ အရှုံးဟာအချစ်ရာဇ၀င်ထဲ သူရဲကောင်းအသွင်ကျန်ရစ်နေခဲ့မှာပဲ (ဒါပေမယ့်ဒါကိုကိုယ်မလိုချင်ဘူး)

အခုတော့လည်း လမင်းတစ်စင်းနဲ့အတူ ကြယ်စင်ဖြူဖြူတချို့ လည်း ကောင်းကင်ထဲမှာပေမယ့်
နီးစပ်ဖို့မရှိသလိုပါပဲ။ ကျွန်တော်လည်း သူ့ကိုသန်းခေါင်ယံဆန်ဆန် လွမ်းရပြန်တယ်      (မိုးသစ်လေပြည်)
(၅)
       ကျွန်တော့်ရဲ့ ချစ်ရသူ ကို ဗီးနပ်(စ်)လို့ နာမည်ပေးလိုက်တယ်။ အများအမြင်မှာတော့ သူမက ဘာမှမထူးခြားတဲ့
သာမန်မိန်းကလေးတစ်ယောက်ပါပဲ။ ကျွန်တော့်အတွက်တော့ ရင်ဘတ်တစ်ခုလုံးကို ယိမ်းခါတုန်လွင့် စေတဲ့
ပန်းတစ်ပွင့်ရယ်ပါ။ အဲသည့်ဗီးနပ်(စ်)လေးကို ကျွန်တော်ချစ်မိသွားတဲ့နေကစ ညတိုင်းဟာ အလွမ်းရနံ့တွေနဲ့
သင်းပျံ့ နေခဲ့ရဲ့ ။တစ်ခါတစ်ရံမှာ ကျောင်းတော်ရှေ့က စိန်းပန်းပင်ကြီးဆီမှာ ကဗျာတွေစာတွေအကြောင်း ဆွေးနွေး။
ကျွန်တော်သူ့ကို ဘယ်လောက်ထိချစ်လဲဆိုတာ ကျွန်တော့်ကဗျာတွေကောင်းကောင်းနားလည်လိမ့်မယ်။
     
      တကယ်တော့ ဗီးနပ်(စ်)ရယ် စစ်ရှုံးခဲ့ဖူးတဲ့ စစ်သူကြီးတစ်ဦးရဲ့  ငိုက်စိုက်ကျနေတဲ့ တံခွန်ထက်မှာ “ချစ်သူအတွက်”
ဆိုတဲ့ ရည်ရွယ်ချက်ဟာ ကွင်းကွင်းကွက်ကွက်ရှိနေတယ်လေ။ ငါ နဲ့ နင် အကယ်၍ စစ်ဖြစ်ခဲ့ရင်တောင်မှ ငါ့ဘက်က
ငိုက်စိုက်ကျနေတဲ့ တံခွန်တစ်ခုကိုပဲ ပိုင်ဆိုင်ခွင့်ရှိမှာပါ။ ဗီးနပ်(စ်)လေးရဲ့  ကိုယ်သင်းရနံ့ လေးနဲ့  မျက်နှာပေါ်က
ရိုးရှင်းမှုတွေကို ကျွန်တော်အရမ်းသဘောကျတယ်။ပြီးတော့ အဲသည့်ဗီးနပ်(စ်)လေးက အရာရာကို တည်တည်ငြိမ်ငြိမ်
ဖြတ်ကျော်လေ့ရှိတတ်တယ်။(အသည်းကွဲရင်လည်း တည်တည်ငြိမ်ငြိမ်ပဲ ဖြစ်မယ်ထင်တယ်)
    
         ဗီးနပ်(စ်)ရယ်……..ချစ်မိတဲ့သူ ကျွန်တော်လောက် ဘယ်ကောင်က ထပ်ပြီးမိုက်မိုက်မဲမဲ ကျရှုံးရဲဦးမလဲ။
ကဗျာဆရာလုပ်နေပြီး အသည်းကွဲတာမထူးဘူးဆိုတဲ့သူတွေထဲမှာ ကျွန်တော်မပါခဲ့ပါဘူး။(အထူးသဖြင့် ဗီးနပ်စ်လေးနဲ့
 ပတ်သက်လို့ပေါ့) ချစ်ရသူရဲ့ အပြုံးတစ်ဝက်နဲ့တင် ဟောသည့်ကောင်ရင်ထဲ နေကြွေရဲ လကြွေရဲပါတယ်။
ဘ၀တစ်ခုလုံးစာရင်းပြီး ချစ်ခဲ့ရလိုက်တာ မျှော်လင့်ချက်တွေလည်း တစ်ပုံတစ်ပင်နဲ့။
     
        အဲသည့်လောက်မျှော်လင့်ချက်တွေလည်း ဗီးနပ်စ်လေးမှာ ချစ်သူရှိတယ် ဆိုတဲ့စကားတစ်လက်နဲ့
အပြီးတိုင် ရိတ်သိမ်းခံ လိုက်ရပေါ့။ဗီးနပ်(စ်)လေးရဲ့ ချစ်သူမောင်ကလည်း ကျွန်တော်မနာလိုချင်စရာကောင်းလောက်အောင်
အဘက်ဘက်က ပြည့်စုံနေခဲ့တယ်။ပညာရေး၊လူမှုရေး၊စီးပွားရေး အားလုံးက စ ကျွန်တော် အဘက်ဘက်က ရှုံးနိမ့်ခဲ့ရတယ်
(ဗီးနပ်(စ်)လေးရဲ့ အချစ်ကို ရောပေါ့)
        
         အခုတော့ ကျွန်တော့်ရဲ့ လမ်းမလေး ရီဝေငိုင်ဆွေး ကျောင်းတော်ထိပ်က စိန့်ပန်းအိုကြီးလည်း ကျွန်တော့်ရင်ထဲက
ကြေကွဲမှုတွေနဲ့အပြိုင် စိန်းပန်းနီတွေကို အစီအရီ ပွင့်လန်းပစ်လိုက်ကြတယ်။ လေပြည် တစ်ချက် နဲ့ တင် ပွင့်ပြီးကြွေလွင့်ခဲ့ရသူမို့ 
မတားနဲ့တော့။ငါ့ဆီမှာ ကျရှုံးမှုတွေပဲရှိမယ်။ ကျွန်တော့်ဗီးနပ်(စ်)လေးကို ကျွန်တော်ချစ်လိုက်ရတာ ကော်ဖီခါးခါးတစ်ခွက်သောက်လိုက်
ရသလိုပါပဲ။အခုလည်း အဲသည့်ကော်ဖီခါးခါးတစ်ခွက်သောက်နေတယ်။ အမည်းရောင်သန်းနေတဲ့ အတိတ်တွေကိုရောမွှေရင်းနဲ့…….
ရင်ဘတ်တစ်ခုလုံး ခါးသီးမှုတွေနဲ့ ရင့်ကျည်းသွားခဲ့ရ…..ဗီးနပ်(စ်)ရေ အားလုံးဟာ သူ့ကြမ္မာနဲ့သူပဲကွယ့်။
        
ဗီးနပ်(စ်)ရဲ့ ချစ်သူမောင်နဲ့လည်း နှစ်ပေါင်းရာထောင်မက ချစ်လက်တွဲတွေ မြဲပါစေ။ အခွင့်အလမ်းတွေနဲ့
ဗီးနပ်(စ်) ရဲ့  နက်ဖြန်ခါတိုင်းမှာ အောင်မြင်မှု အတိုင်းအတာတွေ မရိုးနိုင်လောက်အောင် လွင့်စိုင်းနိုင်သူ ဖြစ်ပါစေတော့
လားကွယ်…  ကျွန်တော်ထပ်ပြီး ဆုတောင်းစကား စာလွှာပါးလိုက်မယ် ဗီးနပ်(စ်)တို့ရဲ့  နှစ်ဦးခရီးလမ်းဟာလည်း
ခရောင်းလမ်းလို စောင်းကြမ်းမနေဘဲ ပန်းခင်းလမ်းလို ဖြောင့်ဖြူးပါစေတော့လား………
                                                                                                                                           မိုးသစ်လေပြည်

In: ဝတ္ထု Posted By: Date: Jul 7, 2011
Comment #1

ကောင်းတယ်ဗျာ…..အားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at Jul 7, 2011
Comment #2

thnz မအသဲကွဲမိုးး)

commentinfo By: မိုးသစ်လေပြေ at Jul 7, 2011
Comment #3

အရမ်းကောင်းပါတယ် ။ ခံစားရတယ် ။ ဆက်ရေးပါ ။ အားပေးပါတယ် ။

commentinfo By: yadanar at Jul 8, 2011
Comment #4

ကောင်းပါတယ် အရမ်းပဲ။

commentinfo By: jenny at Jul 8, 2011
Comment #5

တော်တော်လေး ကောင်းပါတယ်… ညီလေး မိုးသစ်လေပြည်…..။

Comment #6

ကောင်းပါတယ်..အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jul 8, 2011
Comment #7

အားလုံးကိုကျေးဇူးပါ

commentinfo By: မိုးသစ်လေပြေ at Jul 8, 2011
Comment #8

nice……………….

commentinfo By: May Kha at Jul 8, 2011
Comment #9

ကျေးဇူးပါ မမေခ

commentinfo By: မိုးသစ်လေပြေ at Jul 9, 2011
Comment #10

ခံစားရတယ်
မျက်ရည်ကျမိတယ်………………

commentinfo By: chitlay at Nov 2, 2012
Comment #11

ကော်ဖီခါးခါးသောက်ဘူးသည်။

commentinfo By: May Kha at Nov 2, 2012
Comment #12

@[email protected]
@[email protected]
@[email protected]

commentinfo By: ei lay at Nov 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment