Professional Authors

ဂီတာဒိုင်ယာရီ

ကျွန်တော်ဆယ်နှစ်သား အရွယ်မှာပင် ပထမဦးဆုံးသော အမွေကို အဖေက ”ဒီဟာလေးကြောင့် မင်းလူ့ဘဝရောက်လာတာ” လို့ပြောပြီး ကျွန်တော် မ မနိုင်သေးတဲ့ ကြိုး 6 ကြိုးနဲ့ ပစ္စည်းတခုကို ရရှိခဲ့သည်……………။

အစကတော့ အဖေပြောခဲတဲ့စကားလေးကို ကျွန်တော်နားမလည်ခဲ့ပါဘူး။

အဲဒီနောက် ကျွန်တော်ဂီတာလေးကို မ နိုင်လာပြီ …
ြ့ပီးနောက် ဂီတာလည်း တီးတတ်လာတဲ့ အချိန်ပေါ့။

ဒီအချိန်ထိလည်း ကျွန်တော် အဖေပြောခဲ့တဲ့ စကားလေးကို
အဓိပ္ပာယ် သိဖို့ ဦးနှောက်တခုက မလုပ်ဆောင်နိုင်ခဲ့ပါဘူး။

ကျွန်တော် ပန်းတပွင့်ကို တွေ့ခဲ့ချိန်မှာတော့ နားလည်သွားခဲ့သည်။
ကျွန်တော်ညတိုင်း သီချင်းတွေကို ဂီတာလေးနဲ့အတူ အော်ဟစ်ခဲ့ကြသည်။

ပထမဆုံးသီချင်းမှာ ကျွန်တော့်ကိုယ်ပေါ်မှာ ကောင်းကင်ကြီးက
ခဲမိုးတွေ လက်ဆောင်တွေပေးခဲ့သည်။

တတိယတစ်ပုဒ်မှာတော့ ဂေဟာထဲမှာ မီးလင်းလာခဲ့သည်။
နောက်အပုဒ်တွေမှာ ပြူတင်းပေါက်ကနေ ကျွန်တော့် ပန်းလေးကို
တွေ့ခဲ့ရသည်။

(၁၀) ပုဒ်ကျော်ကျော်မှာ ကျွန်တော့်အနား ခုံလေးတစ်လုံးရောက်လာခဲ့သည်။

အချိန်အနည်းငယ်ကြာလာပြီး အမြူးဆုံး သံစဉ်တွေအရောက်
ကျွန်တော့် ပုခုံးထက်မှာ မေးတင်နေသည်။

သီဆိုနေရင်းနဲ့ပဲ ပန်းလေးနဲ့ကျွန်တော်မှာ့ မျိုးစေ့များ
ပေါ်ပေါက်လာသည်။
အဖေပြောသော စကားလေးသည် ဒိုင်ယာရီကြားမှာ တခါပြန်
စစ်ချီလာကြသည်ကို မှတ်မိနေသေးသည်။

အလွမ်းသီချင်းတစ်ပုဒ်ရောက်တဲ့အချိန်မှာတော့ ပုခုံးထက်ပန်းတပွင့်
ကြွေလွင့်သွားသည်။
မြေပြင်တွင် မခစားချင်သူမို့ အလိုက်သိစွာ လေထုထဲ မှာ
သူမကို မျှော်လိုက်သည်။

ဒီအချိန်မှာ ဂီတာလေးတစ်လက် ပုလဲဥတို့မွေးဖွားနေခဲ့သည်။
ဒါပေမဲ့ ကျွန်တော်ဟာ ဂီတာလေးကို အမြဲတီးခဲ့ပါသည်။
သူရိယ ကရက်စက်သည်။ သော်တာက ထိုးနှက်သည်။
သို့သော် ဂီတာ က တီးလျက်ပင်။

ရာသီက ဖိုင်းကောက်သည်။ ကောင်းကင် ငိုပြသည်။
ကျွန်တော်က ဂီတာနှင့် အသက်ဆက်သည်။

ဆောင်းဥတုက နှိပ်စက်သည်။ နှင်းထုက ပြိုကျသည်။
သံစဉ်က သွားလျက်ပင်။

သီချင်းတစ်ပုဒ်အရောက်မှာ ကျွန်တော့်  ဂီတာလေး ကြိုးတစ်ချောင်းပြတ်သွားသည်။
ထို့နောက်
ထို့နောက်
ထို့နောက်
ထို့နောက်

သား ဒါမင်း အဖိုးရဲ့ အမွေလေးပါ
မင်းလူဖြစ်လာတာ သူ့ သူ့ သူ့

အဖေ ဟု ခေါ်လိုက်သလား ကျွန်တော်မကြားမိလိုက်ပါ
သို့သော် ကျွန်တော်နိုးလာမှ ဂီတာလေးကိုမေးတော့မည်
သူ့ကိုလည်း ကြိုးပြန်တပ်ပေးရဦးမည်။

ဆား
In: ဝတ္ထု Posted By: Date: May 7, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment