Professional Authors

မှန်အိုနှင့် သန်းခေါင်းကျော် ၅ မိနစ်

ပုံရိပ်များ (မေတ္တာအတ္တ )

အခန်း (ဝ.၅)
မှန်

မြေအောက်ခန်းမှာ ချောင်တိုးနေတဲ့ မှန်တချပ် အိုနေပေမဲ့ မသိုးသေးဘူး။ ပုံရိပ်ပြန်ပေးတုန်းပဲ။ အတွေးတခုရတယ်။ စာအဖြစ်ရေးချမိတယ်။

အစစ်အမှန်ကို
ပုံရိပ်ပြန်ပေးဖို့ ဘယ်တုန်းကမှ
သူ မပျက်ကွက်ခဲ့ပါဘူး။
ပုံရိပ်သာပြန် ပြီး
အစစ်အမှန် မထုတ်ပေးနိုင်တိုင်း
လှည့်စားသူအဖြစ် အပြစ်မမြင်သင့်ပါဘူး။
သူ့မှာလည်းသစ္စာနဲ့ပါ။
———————————-

အခန်း (၁)
သစ္စာပျက်တဲ့မှန်နဲ့ ငါ ဒုတိယညမှာ

အစစ်အမှန်ကင်းမဲ့ချိန်မှာ ပုံရိပ်ပြန်တာကြောင့်
သစ္စာပျက်လို့ စွပ်စွဲရခြင်းပါ။

ခေါင်းလောင်းထိုးသံကြားတယ်။ ဪသာ်…သန်းခေါင်ရောက်ပြန်ပေါ့ နောက်တခါ။…ရင်တွေခုန်လာတယ်။ နံရံပေါ်က မှန်ထဲမှာ ပေါ်နေတာအခန်းတံခါးဝကို မျှော်လင့်ခြင်းကြီးစွာနဲ့ ငေးကြည့်နေမိတယ်။…ဒီလိုနဲ့ သန်းခေါင်ကျော် ငါးမိနစ်မှာ မနေ့ည ကလိုပဲ သူအခန်းထဲကိုလှမ်းဝင်လာတာ မှန်ထဲမှာ ပုံရိပ်အဖြစ်ပေါ်လာတယ်။ကြည်ပြာရောင်ဝတ်ရုံပျော့တခု သူ့ကိုယ်ပေါ်မှာ လိုက်ဖက်စွာတွယ်ကပ်လို့…။ သူ့အသွင်အလှ ဖေါ်ပြဖို့ စကားလုံးတွေက မလုံလောက်ပါဘူး။ အလှဆုံးလို့ သုံးနှုန်းမိရင်တောင်မှ သူ့အလှတရာ စော်ကားရာ ရောက်မှာ စိုးရိမ်မိတယ်။ …ဟုတ်တယ်လေ..သူ့အလှက ဘာနဲ့မှ၊ ဘယ်သူနဲ့မှ နှိုင်းမရဘူး။…ဒါပေမဲ့..သူ့မျက်နှာမှာ ညို့မှိုင်းမှုတခု ငြိစွန်းနေတယ်။ လှောင်အိမ်စံ ငှက်တကောင်ရဲ့မွန်းကြပ်မှုမျိုးနဲ့…။သူ လှမ်းဝင်လာပြီး အခန်းထဲက အိပ်ယာထက်မှာ လှဲလျှောင်းလိုက်တယ်။ (ကျွန်တော် နောက်လှည့်မကြည့်ရဲဘူး မနေ့ညက လို သူပျောက်ကွယ်သွားမှာစိုးလို့။)….ပြီးတော့ သူ ဝမ်းနည်းကြီးစွာ ငိုရှိုက်ရင်း အိပ်ပျော်သွားလေရဲ့..။…အဲဒီနောက် ပုံမှန်အသက်ရှူဟန်နဲ့ အတူ တရိပ်ရိပ် သူပြန်လည်ပျောက်ကွယ်သွားတယ်။…အားလုံးဟာ မှန်ထဲမှာပါ။ သူကျွန်တော်ရှိနေမှန်း၊ ကြည့်နေမှန်းသိပုံ တစက်လေးမှ မရှိဘူး။အဲဒီလိုနဲ့…နောက်တည…နောက်တည…..

ကြယ် မမြင်ချင်ဘူး။
လ မမြင်ချင်ဘူး။
အလှတရားအလင်းပဲ မြင်ချင်ပါတယ်…အလှမြတ်အရှင်..။
————————————-

အခန်း (၂)
တဖက်သက် အနေခက်ခြင်း

ဘယ်သူမှ မသိဘူး…
ပြောပြလို့လဲမထူး…
တယောက်ထဲသာ ဆက်ပြီးရူးပါ့မယ်။
………………………………….
………………………………….
………………………………….

စိတ်ဝင်စားရာမှတဆင့်
မြတ်နိုးခြင်းဖြစ်…၊
မြတ်နိုးရာမှ
မက်မောလာရပါတယ်။
…………………………………
…………………………………
…………………………………

တဖက်သက် သိ
တဖက်သက် ကြည့်
တဖက်သက် ချစ် နေရတာ
ရင်မောလှပါတယ်…ချစ်သူ။
———————————————————
အခန်း(၃)
ရင်ခုန်သံ ပုံရိပ်ပြန်နိုင်ခြင်း

ဒီတညတော့…
ရင်ခုန်သံကို ပုံရိပ်ပြန်ထားတဲ့ စာတရွက် သူလာမယ့် အိပ်ယာထက်မှာ တင်ထားခဲ့ပြီး မှန်အရှေ့ခြေစုံရပ် သူကိုစောင့်နေခဲ့တယ်။
…………………………
သူ ဝင်လာတယ်။ အိပ်ယာအထက် သူအတက်မှာ ကျွန်တော့်ရင်ခုန်သံ ထင်ဟပ်နေတဲ့ စာရွက် သူတွေ့သွားတယ်။ သူဘေးဘီဝဲယာ လိုက်ကြည့်တယ်။
………….ချစ်သူမျက်နှာမှာ မျှော်လင့်ခြင်း အပြုံးတွေနဲ့ ဝင်းလို့ပါလား။
…ဟုတ်တယ်…ဒါ မျှော်လင့်ခြင်းအပြုံး။…ချစ်သူ…သင် ဘာကိုမျှော်လင့်နေပါသလဲ…။
အဲဒီညမှာ သူ မငိုရှိုက်ဘူး။ အိပ်စက်လို့သာ ပျောက်ကွယ်သွားတယ်……..။

အခန်း (၄)
ချစ်သူ့မျှော်လင့်ချက်

သူပျောက်ကွယ်သွားပြီးနောက် စာရွက်ကိုယူကြည့်မိတော့ ကျွန်တော်ရဲ့ ရင်ခုန်သံတွေမဟုတ်ဘဲ
..သူ့ရဲ့ မျှော်လင့်ခြင်းတွေပုံရိပ်ထင်ဟပ်နေတာကို တွေ့ရတယ်။
မေတ္တာစစ်သာမှန်ခဲ့ရင်
ကျိန်စာသင့် အကျဉ်းစံခြင်းမှ လွတ်ကင်းရန်
ဤမှန်ကို ဖျက်ဆီးပစ်ပါ…သခင်..တဲ့။
……………………………………………………
……………………………………………………
……………………………………………………
ဤမှန်ကို မေတ္တာစစ်ဖြင့် ဖျောက်ဖျက်ပစ်လျှင်
သင့်ကိုလူအဖြစ်တွေ့ရမည်လား…ချစ်သူ…။
……………………………………………………..
……………………………………………………..
ကျွန်ုပ်၌ ရေရာသည့် အဖြေမရှိပါ…သခင်။
——————————————————-

အခန်း (၄.၅)
ချစ်သူစွပ်စွဲသံ

………………………….
………………………….
အတ္တလွန်ဆန္ဒ
ချစ်တဲ့သူကိုတောင်မှ
ဘောင်ခက် အကျဉ်းချထားဖို့
ပြင်းပြလို့ပါလား…သခင်ရယ်။
……………………………..
……………………………..
———————————————–
အခန်း (၅)
မေတ္တာအတ္တ နှင့် ဆန္ဒအတ္တ

ငါက မေတ္တာ…ငါပေးဝေမယ်။
……………………..ငါစွန့်လွှတ်မယ်။
……………………….ငါခွင့်လွှတ်မယ်။
…………………….ငါကာကွယ်မယ်။
ငါက ဆန္ဒ…ငါရယူမယ်။
……………………..ငါသိမ်းပိုက်မယ်။
…………………….ငါရန်တုံ့ပြန်မယ်။
…………………….ငါရှောင်ပြေးမယ်။
……………………………………………
…………………………………………….
ငါ့ဆန္ဒရဲ့အတ္တထက်
ငါ့မေတ္တာအတ္တ ပိုကဲပါတယ်။
ငါ့ဆန္ဒရဲ့အတ္တအတွက်
သင့်ကို လှောင်ချိုင့်ထဲမှာ ထိန်းထားချင်လည်း…
ငါ့မေတ္တာအတ္တအတွက်
သင်အလိုရှိရာသွားပါ…ငှက်ငယ်။
ငါ့ မေတ္တာကို သင်နှင့်အတူ ယူသာသွားပါ။

…………………………………………………………………….
………………………………………

အခန်း (၆)

ငါရိုက်ခွဲခဲ့တာ
ငါ့နှလုံးသားပါ…ချစ်သူ။…….
————————

အခန်း (-၁)
ဒုက္ခအိပ်မက်

လူသူမဲ့ တိတ်ဆိတ်တဲ့
အခန်းငယ်တခု…
ဒုက္ခအိပ်မက်၊ ဆန္ဒမဲ့ခြေလှမ်း နဲ့
ငါ ဝင်ရောက်ခဲ့ရတယ်။
ဘာကြောင့်လဲ…
ဘာတွေလဲ…
ဘာက ငါ့ကို စောင့်ကြည့်နေလဲ…
အားငယ်စိတ်က
ကြောက်ရွံ့နွမ်းလျခြင်းနဲ့ …။
ပိုင်ရှင်မဲ့ အိပ်ယာထက်မှာ…
ငိုရှိုက်ခြင်းသာ
ငါပြုနိုင်ခဲ့တယ်။
—————————-
အခန်း (-၂)
မျှော်လင့်ရာကင်းမဲ့သူ

နားလည်သူမဲ့
ဖေးကူသူမဲ့
ဝေဒနာသက်သက်နဲ့
ဒီလမ်းထက်မှာ
အားအင်တွေလဲ မဲ့ခဲ့ပါပြီ။
………………..
ဘဝအတွက်အလင်း
ချစ်ခြင်းမေတ္တာ…
အသင်…ဘယ်နေရာမှာများ
ရောင်နီသွား ဦးနေပါသလဲ…။
မျှော်လင့်ချက်မဲ့
အိပ်မက်တွေက အကျည်းတန်ခြင်းနဲ့။
…………………
နားလည်သူ
ဖေးကူသူ
မေတ္တာ
မျှော်လင့်ချက်…
အားလုံးမဲ့တဲအတူ
လောက..
သင့် ရင်ဘက်မှ ငါလည်း မဲ့ချင်ပြီ။

အခန်း (-၃)
မေတ္တာရောင်နီဦးခြင်း

ဒီလိုနဲ့…ညတွေ..ညတွေ…။ အားအင်တွေ…ခမ်းလေ…မဲ့လေ..။
…..၁၂းဝ၅……
…………………..ဘာမှန်းမသိရတဲ့ ဒုက္ခအိပ်မက်မှာ လမ်းစတခုပေါ်လာတယ်။ ရောင်နီသန်းလာတယ်။
အိပ်မက်နဲ့အတူ ဝင်ရောက်ခဲ့ရတဲ့ အခန်းငယ် က အရင်လို ရှုပ်ပွမနေဘူး…သန့်လို့ရှင်းလို့..။
အိပ်ယာထက်မှာ စာတရွက်…စူးစမ်းစိတ်နဲ့ ကျွန်မ ဖတ်ကြည့်မိတယ်။
ကျွန်မ သိခဲ့ရတယ်…ကျွန်မ ဟာ မှန်အိုကြီးတချပ်ထဲ ညတိုင်းရောက်နေခဲ့ရသူ..။ တဖက်ခြမ်းက လူကလည်း
ကျွန်မကို မြတ်နိုးစွာနဲ့ စွဲမက်နေပါသတဲ့..။…အပြေးအလွှားသတိရမိတယ်။ တခါက ကျွန်မ မှန်အိုတခုရှေ့မှာ ညည်းညူခဲ့ဘူးတယ်။

လောကကြီးက မာယာဆိုတဲ့ အရိပ်သက်သက်ပဲ။ ဒီလောကကြီးထဲ လူတွေရဲ့ကြားထဲ
အရိပ်တခု ဖြစ်မယ့်အတူ…မှန်ကြီးရယ် နင့်အထဲမှာသာ အရိပ်ဖြစ်လိုက်ချင်တော့တယ်။
လောကကြီးက ပူလောင်လွန်းတယ်။…

ဒါဆို…ကျွန်မက ကိုယ့်စကားနဲ့ကိုယ် ကျိန်စာသင့် ဒီမှန်ကြီးထဲ ပိတ်မိနေရခြင်းလား….။
…ဒီမှန်မရှိတော့ရင် ဒီဒုက္ခအိပ်မက်တွေကနေ ကင်းလွတ်လေမလား…။
ကျွန်မ…တဖက်ခြမ်းက လူကို တွေ့ရလေမလားလို့ လိုက်ကြည့်မိတယ်။ ဒါပေမဲ့…..
ဒါနဲ့ ကျွန်မ ဆန္ဒတခု ပြုလိုက်တယ်။
—————————————

အခန်း (-၄)
ဆန္ဒ

မေတ္တာစစ်သာမှန်ခဲ့ရင်
ကျိန်စာသင့် အကျဉ်းခံခြင်းမှ လွတ်ကင်းရန်
ဤမှန်ကို ဖျက်ဆီးပစ်ပါ…သခင်။
……………………………..
……………………………..
ဤ မှန်ကို မေတ္တာစစ်ဖြင့် ဖျောက်ဖျက်ပစ်လျှင်
သင့်ကို လူအဖြစ်တွေ့ရောစးမည်လား..ချစ်သူ။
……………………………….
ကိုယ့်ကိုကိုယ်တောင် ဘာဖြစ်လို့ဖြစ်နေမှန်းမသိတဲ့ ဘဝမှာ
ကျွန်မက ဘာကို အာမခံချက်ပေးနိုင်မှာတဲ့လဲ…။
—————————————–

အခန်း (-၄.၅)
အချစ်?

မေတ္တာဆိုတာထက်
မက်မောခြင်းကဲတဲ့
လူသားရဲ့အချစ်
ကြောက်စရာဖြစ်လို့နေပေါ့…။
—————————–

အခန်း (-၅)
လွတ်လပ်ခြင်း

နှစ်ခြိုက်ကျေနပ်စွာ အိပ်စက်ခဲ့ရလို့၊ ရွှင်လန်းပေါ့ပါးစွာ မနက်ခင်းမှာ အားအင်တွေပြည့်နေတယ်။
စဉ်းစားမိတယ်….သူ..ဟို မှန် အိုကြီး ကို ငါ့အတွက် ဖျောက်ဖျက်လိုက်ပြီလား။
…ဒါတွေဟာ အိပ်မက်သက်သက်လား…
…ဒါမှ မဟုတ်…
အတွေးနဲ့ အတူ ထိုသူကို ရာဖွေချင်စိတ်၊ တွေ့ဆုံလိုစိတ်တွေ ပေါ်လာတယ်။
ဘယ်လိုရှာရပါ့..
..ဟုတ်ပြီ…ဟို မှန်အို…
အဲဒီ နေရာတဝှိုက်မှာပဲဖြစ်ရမယ်…။
………………………
………………………..
ဒီနားက မှန်အိုကြီး ဘယ်ရောက်သွားလဲ ရှင်…
……………….မပြောတတ်ဘူးဗျ။ ဆိုင်ရှင်က ဒီမှန် အဟောင်းကြီး ရှုပ်တယ်ဆိုပြီး ဝန်ထန်းတယောက်ကို ပစ်ခိုင်းလိုက်တာပဲ။
ထိုအခိုက်…အရေးပေါ် အချက်ပေး ဥဩသံများနဲ့ အတူ ဆေးရုံကားတစီး ဆိုင်ရှေ့သိုဆိုက်ရောက်လာသည်။
…..ဒီအပေါ်မှာ..ဗျို့။ အပေါ်ထပ်မှ အော်သံကြားလိုက်သည်။
……..ထို့နောက်…အပေါ်ထပ်မှနေ၍ သွေးအလိမ်းလိမ်းဖြင့် လူတယောက်ကို သူတို့သယ်ချလာပြီး ကားပေါ်တင်၍ သယ်ဆောင်သွားကြသည်။
ကျွန်မလည်း အပေါ်ထပ်မှ ဆင်းလာသူများထဲမှ တယောက်ကို…
..ဘာတွေဖြစ်နေကြတာလဲ..ဟင်
မသိပါဘူးဗျာ…။ အဲဒီကောင်လေး အပြင်ထွက်မလာတာ ကြာတာကို သတိထားမိတာနဲ့ မသင်္ကာလို့ သူ့အခန်းကို ဖွင့်ကြည့်ကြတော့..
သူ့အခန်းတခုလုံး မှန်ကွဲတွေ မွစာကြဲလို့…။ သူ့ကိုယ်မှာလည်း…မှန်ကွဲရှရာတွေ..မွနေတာပဲ..။
ရှင်…။
———————————-

အခန်း (-၆)
လောက…

မေတ္တာစစ်းရှိသူရဲ့အသိ
ဆင်ခြင်တုံ နတ္ထိဖြစ်အောင်
အဘယ်အညှိုးနဲ့ သင်ပြုခဲ့လေသလဲ…လောက။
ဤအလင်းတစက်ကို
သင့် ထဲမှ အဘယ်ကြောင့် မဲ့စေခဲ့ရပါသလဲ..။………………….
လောက..
သင့် ထဲ၌ကောင်းမြတ်ခြင်းကို ငါမြင်၏။
အရိပ်ဖြစ်လျက်နေသည်။
သင်မည်သည့်အရပ်မှ အရာကို
အရိပ်ပြန်နေပါသနည်း။
ဤ ကောင်းမြတ်ခြင်း
အရိပ်ဖြစ် အကျဉ်းစံခြင်းမှ
လွတ်ကင်းရန်..
မည်သူ..ဤလောကမှန်ကို ရိုက်ခွဲမည်နည်း..?။

သုည

In: ဝတ္ထု Posted By: Date: Apr 28, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment