Professional Authors

လူတွေကို ကျွန်မ မုန်းတယ်

                  စားစရာရှိတာ ခပ်သုတ်သုတ်စားပြီး ကျွန်မ အမြန်သွားမှဖြစ်မယ်။ သူတို့ချည်းပဲ ထားခဲ့ရတာ သိပ်စိတ်မချရဘူး။ သူတို့ အဖေက ဘာမှ သိတတ်တာ မဟုတ်ဘူးလေ။ အသံကျယ်ကျယ်နဲ့ လျှောက်အလေလိုက်နေတာပဲ။ ခဏပေါ်လာလိုက် ပျောက်သွားလိုက်နဲ့။ ကိုယ့်ရင်သွေးကိုယ် ဂရုစိုက်ရကောင်းမှန်း သိတာမဟုတ်ဘူး။ ကျွန်မ ကလေးတွေနဲ့ အလုပ်ရှုပ်ပြီဆို သူက ဖြူမတို့ ခြံဘက်ကို ကူးသွားတော့တာပဲ။ အို …. သူ့အကြောင်းပြောနေရတာ အချိန်ကုန်ပါတယ် … ကိုယ့်နေရာကိုယ် မြန်မြန်ပြန်မှပါ…….

 

                   ကျွန်မရဲ့ နေရာလေးက ကောင်းပါတယ်… မြေကြီးကနေ (၃)ပေလောက် အမြင့် စင်လေးတစ်ခုပေါ်မှာ တောင်းလေးတစ်တောင်း တင်ထားတာလေ။ အထဲမှာ ကောက်ရိုးတွေ ခင်းထားတာဆိုတော့ နွေးနွေးထွေးထွေး ရှိတာပေါ့….. ဒီနေ့နဲ့ဆိုရင် ကျွန်မ ဥထားတာ တော်တော်များနေပြီ…. ဗိုက်ထဲမှာလည်း ကုန်နေပါပြီ…. သူတို့ကို ကျွန်မရင်အုပ်နဲ့ ကပ်ပြီး အချိန်ရှိသ၍ အပူပေးနေရတာလေ… အပူဓာတ်ထဲမှာ ကျွန်မရဲ့ မေတ္တာကိုပါ ရောလွှတ်ထားတယ်…..

 

               အမယ်လေး… သူတို့ကို ဥခါနီးတုန်းက ကျွန်မမှာ နာလိုက်တာမှ မခံမရပ်နိုင်အောင်ပဲ…. ပါးစပ်ကလည်း ကတော်ကတော်နဲ့ အော်ဟစ်ပြီး အကူအညီတောင်းရတယ်… ဒီလို အချိန်မျိုးမှာတော့ လင်သားလုပ်တဲ့ အစ်ကိုကြီးရွှေနီကလည်း ၀ိုင်းအော်ပြီး ကူညီပေးရှာပါတယ်… အိမ်ပေါ်က အောင်အောင်တို့ ညီအစ်ကိုတွေကတော့ ဒါကို သိပ်မကြိုက်ကြဘူး… နားငြီးတယ်ဆိုပြီး ကိုကြီးရွှေနီကို ဒုတ်နဲ့ လှမ်းလှမ်းပေါက်တတ်တယ်….

        လူတွေက ကိုယ်ချင်းစာတရား တော်တော်နဲတယ်နော်…. ဟိုအရင်တခါ ကျွန်မအမေ ဥတွေဥတုန်းက ဆိုရင် ဥတွေ ပျောက်ပျောက်သွားတယ်တဲ့ …. နောက်မှသိရတာက အဲ့သည့် အောင်အောင်ဆိုတဲ့ အကောင်ပေါ့ …. အမေ့တင်းထဲက ဥတွေကို အလစ်နှိုက်ပြီးတော့ အိမ်ပေါ်မှာ သွားစားတာပဲ…. ပြီးတော့ အခွံတွေကို အောက်ပစ်ချလိုက်တယ်လေ….. ဒါကို အမေမြင်တော့ တော်တော် စိတ်မကောင်းဖြစ်သွားတာပေါ့…. သိပ်မကြာပါဘူး… အမေလည်း ဒီစိတ်နဲ့ ဆုံးတာပါပဲ…

        လူတွေက ကိုယ်ချင်းစာတရား တော်တော်နဲလွန်းပါတယ်… ကျွန်မ အလှည့်မှာလည်း ဒီအဖြစ်မျိုးနဲ့ မကြုံရအောင် တင်းနားက သိပ်မခွာဘဲ အမြဲလိုလို အရိပ်တကြည့်ကြည့်နဲ့ နေနေရတယ်… တင်းနားကို လူတစ်ယောက် ကပ်လာတိုင်း ကျွန်မကတော့ ရန်လုပ်လွှတ်လိုက်တာပဲ… ဒါကို သူတို့က ကျွန်မကို ရိုင်းတယ်လို့ ပြောသွားသေးတယ်… စဉ်းစားကြည့်လေ… ဘယ်သူက ရိုင်းတာလဲလို့…. ပြင်ပလောကကိုတောင် ရောက်မလာသေးတဲ့ သန္ဓေသားသေးသေးလေးတွေကို စားဖို့လာတဲ့သူကများ ကိုယ့်ရင်သွေးကိုယ် ကာကွယ်နေတဲ့ ကျွန်မကို ရိုင်းတယ်တဲ့… တော်တော့်ကို ဆိုးတဲ့ လူတွေပဲနော်……

            အဲတော့် … ကျွန်မ အခုမှ သတိထားမိတယ်… ကျွန်မရဲ့ ဥတွေထဲက တစ်လုံးက အ၀ါရောင်မဟုတ်ဘဲ အဖြူရောင်ဖြစ်နေပါလား…. ထူးခြားတဲ့ဥကနေ ထူးခြားတဲ့ သားလေး ပေါက်လာရင်တော့ ကော်တာပဲ ….. ခါတိုင်းထက်ပိုပြီး ဂရုတစိုက် ၀ပ်ရမယ်… မမွေးခင် ကတည်းက တအားကို ချစ်နေမိပြီလေ……

……………………………………………………………………………………………………………………………………………………………………………………

              အင်မတန်ချစ်စရာကောင်းပြီး ၀ါဝါ၀င်းဝင်း ရွှေအဆင်းရှိတဲ့ ကလေးငယ်လေးတွေဟာ ဥခွံကိုခွဲကာ အပြင်လောကထဲကို ဒီနေ့က စလို့ ထွက်လာကြပြီလေ…. ကျွန်မတော့ အစာတောင် ထွက်ရှာမစားတော့ဘူး… အိမ်ပေါ်က မမကြီးလာကျွေးတာလောက်ပဲ ဆင်းစားတော့တယ်… ပိုတယ်လို့တော့ မထင်နဲ့နော်… သတိထားနိုင်မှ တော်ရာကျမယ် မဟုတ်လား….. ဟိုဘက်အိမ်က ရွှေဝါတို့ရန်ကလည်း ရှိသေးတယ်….. မနေ့ကတောင် အဲသည် ရွှေဝါဆိုတဲ့ ကောင်မက လာချောင်းသေးတယ်… မမကြီး မောင်းထုတ်လိုက်မှ.. ညောင်ကနဲအော်ပြီး ထွက်ပြေးသွားတာ… သူ့လက်သည်းတွေက ချွန်လည်းချွန်.. အစွယ်တွေကလည်း ထက်ပါဘိသနဲ့.. အခုန်အပျံကလည်းကောင်းတယ်… အပြေးကလည်း သန်မှသန်.. အံမယ်လေး …. ကျွန်မကလေးတွေကို လာစားသွားမှဖြင့် … တော်ပြီတော်ပြီ…. နောက်ဆို ဘာမှဆင်းမစားတော့ဘူး…..

………………………………………………………………………………………………………..…………………..…………………..………………

 

         အခုဆို ကျွန်မ မှာ သားလေး(၂)ကောင်နဲ့ သမီးလေး(၄)ကောင်ရှိနေပြီ…. နောက်ဆုံးလက်ကျန် ဥအဖြူလေးလဲ ဒီနေ့ဆို ပေါက်တော့မှာ…. သားလေးလား သမီးလေးလားတော့ မသိဘူး… ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ချစ်ရမှာပဲလေ…  ထူးခြားတဲ့ကလေး… အထွေးဆုံးလေးမို့ မမွေးခင် ကတည်းက အထွေးလေး လို့ ကြိုခေါ်ထားတယ်…

        ဟော …. ပြောရင်းဆိုရင်း ရင်ဘတ်အောက်က လှုပ်တယ် …. အထွေးလေး ထွက်လာပြီ…. သူ … လောကကို စပြီး မိတ်ဆတ်ပြီ…. သူ့မျက်နှာကို မြင်ရအောင် ကျွန်မရဲ့ အတောင်ပံကို အပေါ်မတင် လိုက်တယ်…

        ဟင် …… သားလေးပဲ … မောင်ထွေးပေါ့….. အဲတော့ သူ့မျက်နှာက ကျွန်မတို့နဲ့လည်း မတူဘူး… သူ့နုတ်သီးက ပြားနေတယ်… သနားပါတယ်… ဆန်စေ့တွေကို သူကောက်နိုင်မယ် မထင်ဘူး…. ဟင်! ခြေထောက်ကလဲ ပြားလို့… တန်းတွေကို သူကုတ်နိုင်မှာ မဟုတ်ဘူး…. အို …. အဖြစ်ဆိုးလိုက်တဲ့ သားလေးရယ်….

…………………………………………………………………………………………………………..……………………………………………………

           ဘာလိုလိုနဲ့ မောင်ထွေးတို့ တစ်သိုက်တောင် လမ်းလျှောက်နိုင်နေပြီ… ကျွန်မလည်း ကလေးတွေနဲ့ အလုပ်ကိုရှုပ်နေတာပဲ….. ကြောင်တွေ၊ ခွေးတွေ၊ စွန်တွေ၊ မြေကြွက်ကြီးတွေရဲ့ ရန်ကလည်း မသေးဘူး… တစ်စက်မှ အလစ်ပေးလို့ မရဘူး…. မနေ့ကတောင် သိမ်းငှက်တစ်ကောင် လာဝဲနေလို့ ကျွန်မအတောင်နဲ့ သူတို့ကို အုပ်ပြီး ကာထားရသေးတယ်…. မောင်ထွေးလေးကတော့ ကျန်တဲ့အကောင်တွေလောက် အကြောက်အလန့် မရှိဘူး… လမ်းပေါ်မှာလည်း ရေတွေ့ရင် တခြားကလေးတွေလို မရှောင်ဘဲ ဖြတ်ဖြတ်လျှောက်တယ်…. အင်းးးးးး သူက လမ်းလျှောက်တာ နဲနဲနှေးတော့ ကျန်တဲ့ အကောင်တွေကို အမီလိုက်ဖို့ ခက်နေလားမသိဘူး… သူလမ်းလျှောက်တဲ့ ပုံစံကလည်း မှပါဘူး… ကားတား ကားတားနဲ့… အင်းလေ သူက ခြေထောက်မှ မသန်တာကိုး…..ပိုးကောင်လေးတွေ၊ တီကောင်လေးတွေကိုလည်း သူ့ဘာသာသူ ရှာစားတယ်… ဆန်တွေ စပါးတွေကို သူ မကြိုက်ဘူးနဲ့ တူတယ်…. သူ့နုတ်သီးနဲ့ စပါးလုံးကို ကောက်ရတာလဲ သိပ်အဆင်ပြေပုံ မရပါဘူး…. ဒီလိုနဲ့ သွားရင်းလာရင်းနဲ့ ခြံပြင်က ရေအိုင်နားကို ရောက်လာတယ်… ရေအိုင်ထဲမှာ ဘဲတစ်အုပ် ရေကူးလိုက် အစာစားလိုက် လုပ်နေကြတယ်… ရေအိုင်ကိုလည်းမြင်ရော မောင်ထွေးတစ်ကောင် ဘယ်လိုဖြစ်သွားလဲ မသိပါဘူး… အတင်းပြေးတော့တာပဲ….. ကျွန်မ ကတော့ သူ့ကို ရေအိုင်ထဲကျမှာစိုးလို့ အတင်းတားရတာပေါ့…. ဒါပေမယ့် သူက ရေအိုင်ထဲကို အတင်းခုန်ချတယ်…. ကျွန်မမှာတော့ သူ့ကို သေတော့မယ်အောက်မေ့တာ… သူက ရေကူးပြီး ဘဲအုပ်ရှိတဲ့ဆီကို သွားတယ်…. ကျွန်မရော ကိုကြီးရွှေနီရော အမျိုးတွေ အကုန်လုံး ဘယ်သူမှ ရေမကူးတတ်ဘူး… သူ့ကျမှ ထူးထူးဆန်းဆန်းတော်…. မောင်ထွေးရေ ပြန်လာ .. ပြန်လာ .. အမေ စိတ်ပူလှပြီ…. သူက တစ်ချက်လှည့်ကြည့်ပြီး ဆက်ကူးသွားတယ်… ရေထဲကိုလည်း သူ့နုတ်သီး ပြားပြားလေးနဲ့ လိုက်ထိုးနေသေးတယ်… ကျွန်မလည်း ယောင်ယမ်းပြီး ရေထဲခုန်ချမိလေရဲ့…. ကံကောင်းလို့ပေါ့…. ရေအစပ်က တိမ်လို့သာ ကျွန်မ ကမ်းပေါ်ပြန်တက်နိုင်တာ…. တော်တော်လေးကြာမှ ကျွန်မ 

သဘောပေါက်တော့တယ်… မောင်ထွေးက ကျွန်မရင်သွေး မဖြစ်နိုင်ဘူး… သူက ဘဲလေးပဲ ဖြစ်ရမယ်… ဟုတ်တယ် ဟုတ်တယ်… သူ့ရုပ်ကလည်း ဘဲရုပ်… လမ်းသွားတော့လည်း ဘဲလိုသွားတယ်… ရေလည်းကူးတတ်တယ်… ဒါဆို လူတွေက ငါ့ကို သက်သက် အရူးလုပ်တာပဲ… ဘဲဥကို ငါ့တင်းထဲလာထည့်ပြီး ၀ပ်ခိုင်းတာ… ဘဲမတွေက သူတို့ဥကို ဂရုစိုက်တာ မဟုတ်ဘူး… တွေ့ကရာ နေရာမှာ ဥချခဲ့တာ… ဒါကို တွေ့တဲ့လူက ကောက်လာပြီး ငါ့တင်းထဲလာထည့်သွားတာပဲ ဖြစ်ရမယ်…. အို ဘာပဲဖြစ်ဖြစ် မောင်ထွေးကိုတော့ ငါချစ်တယ်…. သူ့ကို ချစ်မိလို့လဲ အခုတော့ ငါ့ရင်တွေ ကွဲရတော့မယ် ထင်ပါတယ်… သြော် လူတွေလူတွေ … ရက်စက်လိုက်ကြတာ… ငါဘယ်လောက် ခံစားရမယ်ဆိုတာကို သူတို့ မသိကြဘူးလား… သူတို့ မသိဘူးဆိုတာတော့ မဖြစ်နိုင်ဘူး…. သူတို့က အကုန်သိတာပဲဥစ္စာ…. ဒါသက်သက်မဲ့လုပ်တာ…. လူတွေကို အရမ်းမုန်းတာပဲ…..

………………………………………………………………………………………………………..…………………………………..……………………

 

သည်နေ့ အိမ်ကို မြို့ပေါ်က ဧည့်သည်တွေရောက်တယ်… ခြံထဲမှာ လူသားကလေးတွေ ဆော့ကြ ကစားကြနဲ့ ရှုပ်နေတာပဲ… ခြံအ၀နားက တိုင်ထိပ်မှာ ကိုကြီးရွှေနီတစ်ကောင် သူ့အတောင်ပံကို တဖြန်းဖြန်းနဲ့ခတ်ပြီး ရင်အုံကိုကော့လို့ တွန်သံကျယ်ကျယ်ပေး ဟန်ရေးပြနေလေရဲ့…. ကိုကြီးရွှေနီ အဲသည်လိုတွန်ရင် သိပ်ကြည့်လို့ကောင်းတာ… သူက နကိုယ်ကလဲ အသွေးအရောင်က စိုစိုပြေပြေ… အလုံးအထည်ကလည်းထွား… အမွေးတွေက အနီအ၀ါခြယ်လို့ လှမှလှ… သူ့အမြှီးဆို ရှည်ရှည်လျားလျား…  မြစိမ်းရောင်မှာ ပိတုံးဖောက်လို့ စိုပြေ လှပ တင့်တယ်လှပါတယ်… ကြက်မတိုင်းက ရင်ခုန်ရသူလေ…. အခုအချိန်မှာတော့ သူဘယ်လောက်လှလှ ကျွန်မ ကလေးတစ်အုပ်ထက်တော့ သူ့ကိုပိုပြီး ဂရုမစိုက်နိုင်ပေါင်…. ချစ်တာတော့ ချစ်တာပေါ့ ကိုကြီးရွှေနီရယ်… ဒါပေမယ့် ကလေးတွေက ငယ်လွန်းပါသေးတယ်…..

        ဒီအချိန်မှာ … ဗြန်းကနဲ အသံ တစ်ခုနဲ့ အတူ ခြံစည်ရိုးတိုင်ကို တခုခုလာမှန်တယ်… အိမ်ဘက်ကို ကျွန်မလှည့်ကြည့်လိုက်တော့ အောင်အောင်ဆိုတဲ့ အကောင် လေးခွကိုလို့… သူ့ညီ ထွန်းထွန်းက တုတ်ကိုင်ပြီး ခြံရှေ့ကို ပြေးထွက်လာတယ်… အခြေအနေကို ကျွန်မ သဘောပေါက်သွားပြီ…. ကလေူးအုပ်ကိုခေါ်ပြီး ခြံရှေ့က ခြုံပုတ်ထဲကို အတင်းတိုးဝင်နေလိုက်တယ်.. ကလေးတွေကိုလည်း အတောင်ပံအောက်မှာ ထည့်ဝှတ်ထားလိုက်တယ်… ကိုကြီးရွှေနီလည်း ခုနလို ကျော့ကျော့မော့မော့လေး မတွန်နိုင်တော့ဘူး… ဟိုမိစ္ဆာညီနောင်က သူ့နောက်ကို မဲလိုက်နေလို့ ကတော်ကတော် အော်ရင်း လွတ်အောင်ပြေးနေရတယ်… ကြာကြာမပြေးနိုင်ပါဘူး…. ဥာဏ်များလှတဲ့ လူသားညီအစ်ကို(၂)ယောက်လက်ထဲကို ကိုကြီးရွှေနီ ရောက်သွားရတာပါပဲ….

        သူတို့က ကိုကြီးရွှေနီကို ပွေ့ပြီး အိမ်ပေါ်တင်သွားကြတယ်… ခဏကြာတော့ ကိုကြီးရွှေနီရဲ့ နာနာကျင်ကျင် အော်လိုက်တဲ့အသံ တစ်ချက်ကြားလိုက်ရတယ်…. တော်တော်လေးလဲကြာရော အောင်အောင်က ဆန်ကာနဲ့ထည့်ယူလာတဲ့ ကိုကြီးရွှေနီရဲ့ အမွေးတွေကို ခြံထောင့်မှာ လာပုံသွားတယ်…. ကျွန်မဖြင့် ကြောက်လည်းကြောက်၊ ကိုကြီးကိုလည်းသနား၊ ငိုလည်းငိုချင်နဲ့ တဆက်ဆက်တုန်နေလေရဲ့….. ရက်စက်လိုက်ကြတာ… ဘာအပြစ်မှ မရှိတဲ့ ကိုကြီး.. ကျွန်မရဲ့ချစ်သူ… ကျွန်မရဲ့ လင်ယောက်ျားဟာ… သူတို့ဧည့်သည်တွေအတွက် တနေ့စာဟင်းတစ်ခွက် ဖြစ်သွားလေရဲ့…. လူတွေကို ကျွန်မ တအားမုန်းတယ်…….

…………………………………………………………………………………………………………..…………………………………………

      ကျွန်မသားသမီးတွေလည်း အခုဆို ကြက်လားမြောက်လို့ သူတို့ဘာသာသူတို့ ခွဲနေနေကြပြီ….. သားအကြီး(၂)ကောင်ဆို သူ့တို့အဖေ ရွှေနီကြီးထက်ကို ပိုပြီး အရပ်အမောင်ကောင်းအုန်းမယ်… အခု ကြက်ပျိုဘ၀မှာတောင် တော်တော် အရပ်မြင့်နေပြီ…. ကျစ်ကျစ်လစ်လစ်နဲ့ ဖျက်ဖျက်လက်လက်လေးတွေ…..

        ဟော့တော်… ဟိုမိစ္ဆာညီအစ်ကို ဘာလုပ်အုန်းမလို့လည်း မသိဘူး… သားကြီး(၂)ကောင်ကို ချီပြီး အပြင်ထွက်သွားကြတယ်…..

        ညနေစောင်း သူတို့ညီအစ်ကို ပြန်လာတော့မှ သားကြီးတို့ကိုတွေ့ရတယ်…

အမလေး….ငါ့သားတွေ..ငါ့သားတွေ… ဘယ်လိုဖြစ်လာတာလဲ…. ဒဏ်ရာ ဗလဗွနဲ့ .. သွေးတွေလဲထွက်လို့ …. ဟင် အမြှီးတွေလဲ ညှပ်ခံထားရတယ်… ငုတ်တိုလေးဖြစ်လို့…. နောက်တစ်မျိုး နှိပ်စက်ကြပြန်ပြီ…… ကျွန်မသားတွေကို ခွပ်ခိုင်းကြတာပေါ့လေ…. ကျွန်မသာ ကြက်တစ်ကောင်မဖြစ်ဘဲ ကျားတစ်ကောင်သာဖြစ်ကြည့် လူတွေကို အကုန်ကိုက်သတ်ပစ်မိတော့မှာပဲ….. အခုတော့ ကျွန်မမှာ ကြေကွဲ ငိုယိုနေရုံကလွဲပြီး ဘာမှ မတတ်နိုင်ဘူး… လူတွေကို အရမ်းစိတ်နာမိတယ်ရှင်…….

………………………………………………………………………………………………………………………………………

       နောက်တစ်လလောက်ကြာတဲ့အခါ မြို့က လူတွေရောက်လာပြီး သားကြီး (၂)ကောင်ကို ငွေတွေ အများကြီးနဲ့ ၀ယ်သွားလေရဲ့… ကိုကြီးရွှေနီနဲ့ သေကွဲကွဲခဲ့ရတယ်… မောင်ထွေးနဲ့ သားကြီးတို့ကို ရှင်ကွဲကွဲရတယ်…. ဒါတွေအားလုံးဟာ လူတွေလက်ချက်ချည်းပဲ…. ကျွန်မ ရင်တွေနာကျင်လှပါပြီ….. ရက်စက်လွန်းတဲ့ လူသားများကို လုံးဝ အခဲအကျေအောင် မုန်းတီးသွားပြီ… ကျွန်မနားကို လူတစ်ယောက်ရောက်လာတာနဲ့ ကျွန်မလဲ ထွက်ပြေးတတ်တဲ့ အကျင့် ရသွားပြီ……….

………………………………………………………………………………………………………………………………………………………

 

            အခုတော့ ကျွန်မလည်း အရင်လို မသန်စွမ်းတော့ဘူး… အမွေး အတောင်တွေလဲ အရင်လို မစုံလင်တော့ဘူး… ကျွန်မမှာ ထူးခြားတဲ့ ရောဂါတစ်မျိုး ရနေပြီလေ….

            အရင်လိုလဲ ဖျတ်ဖျတ်လတ်လတ် မပြေးလွှားနိုင်တော့ဘူး…. လူတွေကိုတော့ ယုံလည်းမယုံတော့သလို လုံးဝကို အခဲမကျေနိုင်တော့ဘူး….. သူတို့ကျွေးတဲ့ အစာတွေ ဆေးတွေကို လုံးဝ မစားတော့ဘူး….

        ဟော … ဟိုမိစ္ဆာညီအစ်ကို ကျွန်မဆီလျှောက်လာကြပြန်ပြီ…. ဒုက္ခတော့ ပေးတော့မယ်…. ကျွန်မလည်း ရိသမျှ အင်အားကို ဖျစ်ညှစ်ထုတ်ပြီး ထွက်ပြေးပေမယ့် သန်မာလှတဲ့ သူတို့ကို လွတ်အောင် မပြေးနိုင်တော့ပါဘူး… အမယ် အောင်အောင်ဆိုတဲ့ကောင်က ဒီတစ်ခါတော့ တယ်ကြင်နာနေပါလား… ကျွန်မရဲ့ ခေါင်းကို ငြင်ငြင်သာသာလေးပွတ်ပေးရင်း အိမ်ပေါ်ကို ပွေ့ချီသွားတယ်…. သိပ်တော့ မယုံရသေးဘူး… ဒါပေမယ့် ကျွန်မ နဲနဲတော့ ပီတိဖြစ်မိသား…..

        ဟဲ့..ဟဲ့..အို……. ခေါင်းကို ပွတ်နေတဲ့ သူ့ရဲ့လက်က ရုတ်တရက် ကျွန်မရဲ့ လည်မျိုကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်တယ်… ကျွန်မ မအော်နိုင်ခင်မှာပဲ သူ့ရဲ့ သန်မာတဲ့ လက်တွေနဲ့ လည်ချောင်းကိုကိုင်ပြီး လိမ်ချိုးပစ်လိုက်တယ်အသံအကျယ်ကြီး အော်လိုက်ပေမယ့် ဘာသံမှ ထွက်မလာတော့ပါဘူး….. …. နာလိုက်တာ… ကျွန်မရဲ့ လည်ချောင်းရိုးလည်း ကျိုးသွားပြီ… လေပြွန်လဲ ကွဲကြေသွားပြီထင်ပါတယ်… အသက်ရှုကြပ်လိုက်တာ… ကျွန်မသေရတော့မယ်….. မသေခင် နောက်ဆုံးဆန္ဒကတော့ နောက်ဘ၀ဆိုတာရှိခဲ့ရင် ကျွန်မကကျား လူသားတွေက သမင် ဖြစ်ပါစေလို့ပဲ ဆုတောင်းချင်ပါတယ်….. နည်းမျိုးစုံနဲ့ နှိပ်စက်ခဲ့တဲ့ လူတွေရဲ့လက်ကနေ ကျွန်မ အခု လွတ်မြောက်သွားပါပြီ…… လူတွေရဲ့လက်မှာ ဒုက္ခခံဖို့သက်သက် ကြက်ဖြစ်ခဲ့ရတဲ့ ကျွန်မဘ၀ နားပါရစေတော့ …………………..

 

#######################################################################

In: စကားပြေ Posted By: Date: Apr 8, 2013
Comment #1

Hna lone tarr hnit phat shu twar par de

commentinfo By: ei lay at Apr 9, 2013
Comment #2

ကြိုက်တယ်….။

commentinfo By: ဟိန်းဇော်ထူး at Apr 20, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment