Professional Authors

ညီမလေးရယ်စိုးရိမ်တယ်

ညီမလေး…

 

ညီမလေးမှတ်မိသေးလား။ ညီမလေးအလယ်တန်းကျောင်းသူဘဝတုန်းက ညီမလေးဖေဖေ မူးပြီး ညီမလေးမေမေနဲ့ ရန်ဖြစ်တုန်းက ညီမလေးကိုကို့ရှေ့မှာ ငိုခဲ့ဖူးတာလေ။ အဲဒီ့တုန်းက “ညီမလေးသိပ်စိတ်ညစ်တာပဲ ကိုကိုရယ်” လို့ တဖွဖွပြောပြီး ငိုခဲ့ဖူးတာ ညီမလေးမှတ်မိလား။ ညီမလေး အဲဒီအရက်ဆိုတာကြီးကို မုန်းတယ်တဲ့။ ညီမလေးမျက်ရည်တွေကိုကြည့်ပြီး ညီမလေးစကားလုံးတွေကြားမှာ ကိုကိုပျော်လိုက်တာ အရမ်းပဲ။

 

ညီမလေးငယ်ငယ်တုန်းက ညီမလေးဖေဖေအရက်သောက်တဲ့ညမှာပေါ့။ ကိုကိုလည်း ညီမလေးအိမ်မှာရှိနေတယ်လေ။ ညီမလေးဖေဖေ သောက်ပြီးလို့ အိပ်သွားတော့ စားပွဲပေါ်မှာကျန်ခဲ့တဲ့ ဖန်ခွက်ထဲမှာ အရက်က တစ်စက်လောက်ရှိနေသေးတယ်။ အဲဒီ့တစ်စက်လောက်ညီမလေးပါးစပ်ထဲကိုကို လောင်းထည့်ပေးလိုက်တော့ “အမလေး ခါးလိုက်တာ”တဲ့။ ဒီလောက်ခါးတာကို လူတွေ ဘာလို့သောက်ကြတာလဲမသိဘူးတဲ့။ ညီမလေးပြောဖူးတာ ညီမလေးမှတ်မိရဲ့လား။ အဲဒါအရက်ပဲညီမလေး။ “အမလေးကိုကိုရယ် အဲလိုခါးခါးတွေသောက်မယ့်အစား ဆန်းကစ်တို့ ကိုကာကိုလာတို့ပဲသောက်မှာပေါ့တဲ့။ ကိုကိုအရမ်းကို ပျော်ခဲ့ရပါတယ်ညီမလေးရယ်။

 

ခု… ညီမလေးက မင်းသမီးတစ်ယောက်ဖြစ်ဖို့ ပြင်းပြင်းထန်ထန်ကြိုးစားနေတာ တွေ့ရတော့ ညီမလေးဖေဖေ အရက်မူးပြီး ညီမလေးမေမေနဲ့ရန်ဖြစ်လို့ ညီမလေးငိုခဲ့တဲ့ အဲဒီ့ညလေးကို  ကိုကိုသွားသတိရမိတယ်။ မင်းသမီးဘဝဆိုတာ ရုပ်ရှင်အသိုင်းအဝိုင်းလောကမဟုတ်တဲ့ အများက စွန့်ပစ်ထားတာ ကိုကိုနားလည်ပါတယ်။ ဒီအသိုင်းအဝိုင်းလေး တစ်ခုစာပဲ ပါတီတွေလုပ်တယ်။ ညစာစားပွဲတွေလုပ်တယ်။ ဂုဏ်ပြုပွဲတွေလုပ်တယ်။ အဲဒီလိုညမျိုးမှာ မိန်းခလေးတွေလည်း အရက်တွေဘာတွေ သောက်ကြတယ်ဆိုတာ ကိုကိုကြားမိတယ်။ သိလည်းသိနေတယ်။ တချို့ကလည်းပြောကြတယ်။ဒီခေတ်ကြီးထဲမှာ မိန်းခလေးအရက်သောက်တာ မဆန်းတော့ပါဘူးတဲ့။ ဟုတ်ပါတယ် မဆန်းဘူးပဲထားပါတော့ညီမလေး။ ဒါဟာ မဆန်းဘူးဆိုတာထက် အများက ပြောမရလို့ဥပေက္ခာပြုထားလိုက်ကြတာ။ မိန်းခလေးမှမဟုတ်ဘူးညီမလေး…။ ငါသားကြီးလာရင် အရက်သမားဖြစ်ရမယ်ဆိုပြီး ကြုံးဝါးနေတဲ့မိဘဆိုတာ မရှိဘူး။သားသမီးအရက်သောက်တာကို ကျေနပ်ပါတယ်ဆိုတဲ့မိဘတော့ ကိုကိုမတွေ့ဖူးသေးဘူး။ ညီမလေးကောတွေ့ဖူးနေပြီလား။

 

ညီမလေးမေမေကို မေးကြည့်။ မေမေအရက်ကြိုက်လားလို့။ ဘာပြန်ဖြေမလဲဆိုတာ ကိုကိုမပြောတော့ဘူး။ မကျေနပ်သေးရင် ညီမလေး ဖွားဖွားကို မေးကြည့်။ ဖွားဖွားအရက်ကြိုက်လားလို့။ ကိုကိုလည်းအရက်သောက်ဖူးပါတယ်ညီမလေး။ ယောက်ျားလေးတစ်ယောက်

အရက်ခဏခဏသောက်ရင် အရက်သမားတဲ့။ မိန်းခလေးတစ်ယောက်အရက်ခဏခဏသောက်ရင်ကော ကိုကိုတို့ ဘယ်လိုခေါ်ကြမလဲ။ ကိုကိုတို့မြန်မာစာမှာ ဒီဝေါဟာရမရှိဘူးညီမလေး။ ဘာကြောင့်လဲဆိုတော့ ဘယ်သမိုင်းမှာမှ အရက်သောက်တဲ့ မိန်းခလေးဆိုတာ

မရှိခဲ့လို့ပဲ။ ဒီလိုအသိမျိုးလေး ညီမလေးမှာရှိရင် ကိုကိုကျေနပ်ပြီ။

 

ဟိုတစ်နေ့က ညီမလေး ကိုကို့ဆီဖုန်းဆက်လာတယ်နော်။ ညီမလေး ဝင်ပြိုင်တဲ့ Model Show တစ်ခုမှာ ဆုရသွားတဲ့ကောင်မလေးက ညစာစားပွဲလုပ်တယ်တဲ့။ ညီမလေးဘာတွေဆက်ပြောတော့မယ်ဆိုတာ ကိုကိုသိပါတယ်။ ညစာစားပွဲ ပါတီတစ်ခုမှာ ကောင်လေးတွေ

ကောင်မလေးတွေ အသက်မတိန်းမယိမ်းလေးတွေဆိုတော့ အသောက်အစားလေးတော့ပါမယ်ဆိုတာ ကိုကိုသိတယ်။ ဖန်ခွက်ရိုက်သံတွေ Disco တီးလုံးတွေ ဝိုးတဝါးမီးရောင်တွေနဲ့ ညီမလေးနဲ့ ဘာတွေဆက်ဖြစ်မယ်ဆိုတာ ကိုကိုတော်တော်လေး စိတ်ချွေးပျံသွားတယ်။ အရက်ဆိုတာသောက်ရင် မူးမှာပဲညီမလေး။ ဒါတင်မပြီးဘူး။ မူးပြီး အသိစိတ်နဲ့မသိစိတ်ကို ရန်တိုက်ပေးတယ်ညီမလေး။ ကိုကို ဆယ်တန်းစာမေးပွဲမှာ ၂ဘာသာဂုဏ်ထူးနဲ့အောင်တော့ ကိုကို့ဖေဖေက ကိုကို့ကိုလက်ဆွဲနှုတ်ဆက်တယ်။ မေမေက ကိုကို့ပါးကိုနမ်းတယ်။(မေမေက အရက်ပုလင်းမပေးသလို ဖေဖေကလည်း ငါ့သားအရက်သောက်မလားလို့မမေးဘူး။) သူတို့ဂုဏ်ပြုတာလေးက ရိုးရိုးလေးပါပဲ။ ဒါပေမဲ့ကိုကို ဒီနေ့ထိမမေ့ဘူး။ (ဘယ်တော့မှလည်း မေ့မယ်မထင်တော့ပါဘူး)။ ညီမလေး ကိုကိုမသိလို့တစ်ခုလောက်မေးချင်တယ်။ခု.. ဒီခေတ်မှာ အရက်နဲ့ဂုဏ်ပြုမှ ဂုဏ်ပြုလို့ရတာလားလို့။ ထားပါ။ ကိုကို ညီမလေးပြောလာတဲ့ဖုန်းကို ဆက်နားထောင်နေလိုက်တယ်။

 

ကိုကိုထင်တဲ့အတိုင်းပါပဲ။ ချစ်သူတွေ ရည်းစားတွေနဲ့ အဲဒီ့ဂုဏ်ပြုပွဲအလယ်မှာ အရက်ခွက်တွေနဲ့ပေါ့။ အားလုံးက ဆုရသွားတဲ့ကောင်မလေးကို ဂုဏ်ပြုမယ်ဆိုတော့ အရက်ခွက်တွေ မြှောက်လိုက်ကြတယ်။ ဒါပေမဲ့ညီမလေး လက်ထဲမှာ ညီမလေးငယ်ငယ်က ပြောဖူးတဲ့ (ကိုကာကိုလာပဲသောက်မှာပေါ့ဆိုတဲ့) ကိုကာကိုလာထည့်ထားတဲ့ဖန်ခွက်တဲ့။ အားလုံးက အရက်မသောက်လို့ ညီမလေးကို ဝိုင်းဟားကြတယ်တဲ့လားညီမလေးရယ်။ လှောင်ရယ်သံတွေကြားမှာ ကိုယ့်ကိုကိုယ်ရှက်သလိုတောင် ဖြစ်သွားမိတယ်တဲ့လားညီမလေး။ ဂုဏ်ယူလိုက်စမ်းပါကွာ။ အများညီပေမဲ့ “ဤ” ကို “ကျွဲ” မဖတ်ခဲ့တဲ့ညီမလေး ဂုဏ်ယူလိုက်စမ်းပါ။ အရက်သောက်မှ ဂုဏ်ပြုလို့ရမှာမဟုတ်ဘူး။ အရက်သောက်မှ Social ကျမှာမဟုတ်ဘူး။ အရက်သောက်မှ Popular ဖြစ်မှာမဟုတ်ဘူး။ အရက်သောက်ရင် အရက်သမားကလွဲလို့ ဘာမှဖြစ်လာမှာမဟုတ်ဘူးညီမလေး။

 

ဒီတော့ ညီမလေး ဂုဏ်ယူလိုက်စမ်းပါ။ အရက်မသောက်လိုက်တဲ့ ညီမလေးစိတ်ကို တွေ့တဲ့လူတိုင်းကို ပြန်ပြောပြရင်း လက်မထောင်ထားလိုက်စမ်း။ ညီမလေးကိုယ့်ကိုကိုယ်ဆက်ထိန်းရင်း ဂုဏ်ယူနေလိုက်စမ်း။

လုပ်ပါ… ဂုဏ်ယူနေလိုက်စမ်းပါ။

 

ညီမလေးတော့မသိဘူး။ ကိုကိုကတော့ တွေ့တဲ့သူတိုင်းကို ညီမလေးအကြောင်းပြောရင်း၊ ကိုကို့ညီမ မြန်မာမလေး အကြောင်းပြောရင်း ဂုဏ်ယူနေဦးမယ်ညီမလေး။

 

ကိုကို

 

 

 

 

 

 

 

နေပိုင်

၀၈.၀၁.၂၀၁၂

In: စကားပြေ Posted By: Date: Jan 22, 2012
Comment #1

……
ဖတ်သွားပါတယ်ဗျာ

commentinfo By: အသဲကွဲမိုး at Jan 22, 2012
Comment #2

အဲ့ဒီ model ပေါက်စလေးက နာမည်ဘယ်လိုခေါ်လဲဟင်…………. :p

commentinfo By: kokhant at Jan 31, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment