Professional Authors

တစ်ချိန်က

“အဖေ့ပြောပုံအရဆို ဒီလမ်းမကြီးအောက်က ချိုင့်ခွက်ကြီးက တစ်ချိန်က မြစ်ပေါ့နော်”

သားအဖနှစ်ယောက် ချိုင့်တွင်းကြီးအပေါ်မှ ဖြတ်ထိုးထားသော ခြေတံများနှင့်လမ်းမထက်ကနေ၍ ဆွေးနွေးနေကြခြင်းဖြစ်သည်။

“ဒါပေါ့ ငါ့သားရ… အရင်က ဒီမြစ်ကြီးဟာ မင်းအဘေးတွေခေတ်တုန်းကဆို တော်တော်ကြီး အသုံးဝင်ခဲ့တာကွ”

“အဖေ… မြစ်ဆိုတာ ကျွန်တော်တို့ကို ရေပေးနေတဲ့ဟာကြီးလိုမျိုးလား”

“ဟေ”

အဖေဖြစ်သူ အံ့အားသင့်သွားသည်။ ရော်… ဟုတ်သည်ပဲ။ သူမွေးတုန်းကတောင် ဗွက်အိုင်လိုလိုလေးပဲ မြင်ခဲ့ဖူးသည်ကို သတိရသွားသည်။

“မဟုတ်ဘူးလေ… ဟိုဟာက ဆည်… မြစ်ဆိုတာမျိုးက စီးတယ်ကွ… နောက်ပြီး..”

“နေဦးအဖေ… အဖေ ခုနကပြောသလို ဘာတွေအသုံးဝင်လဲဆိုတာ ရှင်းပြဦးလေ.. ”

“အေး… ဒီမြစ်ကြီး နဂိုက စီးနေတုန်းကဆိုရင် အဖေတို့ ဧရာဝတီတိုင်းကြီးမှာ စပါးစိုက်ပျိုးလို့ရခဲ့တယ်လို့ မင်းအဘိုးပြောဖူးတယ်ကွ… စပါးစိုက်တော့ တို့တစ်တိုင်းပြည်လုံး ဆန်ရေစပါး ဖူလှုံကြွယ်ဝခဲ့တယ်တဲ့ကွ… တစ်ချိန်ကဆိုရင် ပြည်သူပြည်သားတွေဟာ တို့လို တခြားက အစားအစာကို အားကိုးစရာမလိုခဲ့ဖူးဘူးတဲ့ကွ… အဖေတောင် သိပ်မမီလိုက်ပါဘူးကွာ… မင်းတို့အဘေး ပြောခဲ့တာပဲ… နောက်ပြီး ဒီမြစ်ကြီး ကမ်းပါးတစ်လျှောက်မှာနေကြတဲ့ ပြည်သူပြည်သားတွေဟာလည်း ဒီမြစ်ကြီးက ငါးတွေကိုမှီခိုပြီး စီးပွားတွေဘာတွေတောင် ဖြစ်လို့တဲ့ကွ”

“ဒါဆို… တစ်ချိန်က ဒီမြစ်ကြီးက သိပ်အသုံးဝင်ခဲ့တာပေါ့နော် အဖေ… ဘာလို့ ခုဆို ရေမရှိတော့တာလဲ”

“ငါ့သားရဲ့… အဲလိုမပြောရဘူးကွ… မြစ်ကောတယ်လို့ပြောရတယ်… မင်းအဘိုးပြောဖူးတာတော့…”

အဖေက သားကို ဆက်လက်ရှင်းပြနေသည်။ သားငယ်သည် ခေါင်းငြိမ့်တစ်ချက် ခါတစ်ချက်။ နားလည်တစ်ချက် နားမလည်တစ်ချက်။ နားမလည်ခံနိုင်ရိုးလား။ အဖေကိုယ်တိုင်ပင် ဒီမြစ်ကြီးခေတ်ကောင်းစဉ်ကိုမမီခဲ့ဖူး။ ဒီတော့ မသိတဲ့လူက မတတ်တဲ့လူကို ရှင်းပြနေသလိုဖြစ်နေတော့သည်။

သားအဖနှစ်ယောက်နောက်မှ ကားများအဆက်မပြတ် သွားနေသည်။ သစ်ပင်ဆိုသည်မှာ မရှိ။ မီးများထိန်ထိန်ညီးနေသည်။ လေယာဉ်ပျံများတဝီဝီ။ စက်ရုပ်များ အလုပ်လုပ်နေသည်။

ခြေထောက်တပ်လမ်းမကြီးအောက်မှ ချိုင့်ခွက်ကြီးက အဆက်မပြတ် ငိုနေတော့သည်။

၂၆.၉.၁၁ တွင် ပြီးသည်။
ရွှေနဒီရေးသည်။
တစ်ချိန်က ဤတွင်ပြီးသည်။

In: စကားပြေ Posted By: Date: Sep 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment