Professional Authors

သစ်သီးစိမ်းစိမ်းနဲ့မြေခွေး မှတ်စုများ

သစ်တော(၁)

သစ်သီးက စိမ်းမြမြ

အမွှေးဖွားမြေခွေးကသစ်သီးကလေးတည်ရှိရာ အကိုင်းဆီမော့ကြည့်နေ

မျှော်လင့်ချက်ဟာခရေပွင့်ကလေးလို ကြွေကျလာမယ့်နေ့ကို။

 …………………………………………………………………

သူ့ဂူရှေ့မှာသစ်ပင်ချုံနွယ်တွေမှ အများကြီး။ ပန်းပွင့်တဲ့ အပင်၊ ပန်းမပွင့်တဲ့ အပင်၊ အသီးတွေအခိုင်အပြွတ်လိုက် ရာသီမှန်ပွင့်တဲ့ အပင်၊ အမြုံပင်၊ အမျိုးစုံပေါ့။

အဲသည်သစ်တစ်ပင်ကိုလဲ အမှတ်တမဲ့မို့ ပန်းပွင့်အသီးသီးတတ်တဲ့ အပင်မျိုးဟုတ်မဟုတ် သတိမပြုမိခဲ့။ အဲသည်မိုးမှောင်ကျ လျှပ်ပြက်ကြိုးမုန်တိုင်းတစ်ညကမှ။ ဂူထဲဝပ်ရင်း မိုးမဲကောင်းကင်နဲ့ လျှပ်ပန်းနွယ်ခက်တွေကို ရင်တထိတ်ထိတ် မော့ကြည့်မိနေတုန်း အဲသည့် သီးကင်းကလေးကို အကိုင်းမှာတွဲလဲကလေး အမှတ်တမဲ့ လျှပ်အပြက်မှာ မြင်လိုက်ရ။

အဲသည်ခဏ ညကစ၊ နေ့တိုင်း ခဏခဏ သတိရတိုင်း အကိုင်းထက်က သီးကင်းကလေးကို အမှတ်မဲ့ ဖြတ်သွားဖြတ်လာ မော့ကြည့်မိ။

စိတ်ထဲမှာတော့ တစ်နေ့မဟုတ်တစ်နေ့ ဒီသစ်သီးကျေးငှက်စာ မိနိုင်မယ့်အဖြစ်ကို သဘာဝအတိုင်းသဘောပေါက်မိပြီးသား။

တစ်ကယ်တော့ မြေခွေးတစ်ကောင်ရဲ့ အသက်ရှင်ရပ်တည်မှုနဲ့ ဒီသစ်သီးနဲ့ ဘာမှကိုမဆိုင် ပတ်သက်စရာအကြောင်းလည်းမရှိ။

ဘာပဲဖြစ်ဖြစ် မော့ကြည့်မိတိုင်း သစ်သီးကလေး ဘေးကင်းကင်းရှိနေသေးတာမြင်မိရင် စိတ်ထဲကျေနပ်ပျော်ရွှင်သွားမိသလိုလို။

……………

စကားဝိုင်းငယ် (၁)

Mr. A: အဲဒါ ဘာသီးဖြစ်မတုန်းကွ?

 Me: ကျွန်တော်လဲမသိဘူးလေ။

 Mr. A:   မင့်ဇာတ်လမ်းမင်းသိရမှာပေါ့ ကွ။

 Me: ခင်ဗျားမနက်ဖြန်တွေကိုရော ခင်ဗျားသေချာရဲ့လား? နောက်ထပ်ဖြစ်ရပ်တွေ သူဘာသာသူ တဖျတ်ဖျတ်ဖြစ်ပျက်ကြလိမ့်မယ်။ ကျွန်တော့်တာဝန်က ဖြစ်ရပ်တွေကိုမျက်ခြေမပြတ်စောင့်ကြည့်နေပြီး သူတို့ဦးဆောင်တဲ့အတိုင်းဇာတ်လမ်းကိုရှေ့ဆက်ရုံပဲ။

 Mr. A: မင်းဟာလေ ငါလိုက်မမီအောင်တမင်လုပ်နေတာလား? ဒါမှဟုတ် တကယ်ပဲလား? ငါနားလည်ရ ခက်တယ်ကွာ။

………

 

ဒီလူက အမှတ်ကိုမရှိ။ စကားပြောတိုင်း အငြင်းအခုံပြုကြရစမြဲ။ သူကဘယ်လိုအခြေအနေမျိုးဖြစ် အဖြူအမဲ ကွဲကွဲပြားပြားသိဖို့ ကြိုးစားတတ်သူ။ ကျွန်တော်ကမီးခိုးရောင်နယ်မြေတွေထဲအသိရခက်မှူကိုပျော်မွေ့သူ။

 …………………………………………………………………

ဇာတ်လမ်း

အစိမ်းရောင်မိန်းကလေးကို သူသတိပြုမိချိန်က အစပြု၍ သူဒီပုံပြင်ဆန်ဆန်ဇာတ်သွားတစ်ခုဖန်တီးဖို့ စိတ်ကူးရခဲ့တာဖြစ်သည်။
အဲသည်နေ့ညနေက သူကျူရှင်တက်ဖို့ကားအစီး အစိမ်းရောင်သူမနှင့်ကားပေါ်မှာပြန်ဆုံမိတာဖြစ်သည်။
လူထူတူတောမှာ ရည်ရွယ်ချက်၊ ဦးတည်ချက်မတူလှပဲ တိုက်ဆိုင်စွာ ကားမှတ်တိုင်တစ်ခုတည်းဆီသို့ဦးတည် အသူသွားဖြစ်ခဲ့ကြ
အကြောင်းအမျိုးမျိုးကြောင့် ရည်မှန်းချက်ကိုခဏမေ့လျော့လေလွင့်နေမိစဉ် အမှတ်မဲ့ ဆင်တူလှသောသူမ၏အတွေ့အကြုံအချို့ကို သတိပြုမိသည်။

“စာကကျက်လို့ကိုမရတော့တာ။ မကျက်ချင်တာမဟုတ်ဘူးနော်။ ကျက်လို့ကိုမရတော့တာ။”

သစ်ပင် သစ်သီးနှစ် ပွင့်သစ်တို့၏အဆီအငေါ်မတည့်ဖြစ်စဉ်အချို့ကိုသတိပြုမိသည်။ အိုကိုယ်နဲ့ဘာဆိုင်တာလိုက်လို့။
တွေးနေလျက်ကပင် ကိုယ့်ချွတ်ယွင်းချက်တွေကိုယ်ပြန်သတိပြုမိလာသည်။
တိတိကျကျအကြောင်းရင်းကိုရှာမတွေ့ပဲနှင့်ပင် ကိုယ်မြတ်နိုးသောဘာသာရပ်အချို့မှအဆက်ပြတ်လေလွင့်နေမိခဲ့ပါလား!

မှန်တစ်ချပ်မလိုပဲနှင့်ပင်ကိုယ့်အခြေအနေယိုယွင်းလာမှုကို တဖြည်းဖြည်းသတိပြုမိလာသည်။

 …………………………………………………………………

စကားဝိုင်းငယ် (၂)

Mr. A: အဲသည်အစိမ်းရောင်သစ်သီးရယ်။ မြေခွေးရယ်။ မင့်အနာဂတ်လမ်းကိစ္စ။ သူ့ကိုမင်းအားမလိုအားမရဖြစ်မိတဲ့ ကိစ္စ။ တစ်ခုနဲ့တစ်ခု အဆက်အစပ်လဲမရှိပါလား?

 Me: ဒါတွေအားလုံးကျွန်တော့်အာရုံထဲမှာဖြစ်ပြက်နေကြတာပဲမဟုတ်လားဗျာ

 Mr. A: ဟ  မင့်ဇာတ်လမ်းမင်းသိရမှာပေါ့ ကွ။ ရှုပ်ထွေးထွေပြားတဲ့ ကိစ္စမျိုးတွေမှာတော့ငါ့ထောက်ခံချက်လာမတောင်းနဲ့ဟေ့။

 Me: ကိုယ့်ဘာသာအေးအေးနေပါဗျာ။ ခင်ဗျားလိုက်မမှီတဲ့ကိစ္စတွေထဲရှုပ်ရှုပ်ရှုပ်ရှုပ်လာမလုပ်စမ်းပါနဲ့။ မျက်စိနောက်လွန်းလို့။

 Mr. A: ကြည့်ကြသေးတာပေါ့ကွာ…

 …………………………………………………………………

ဆက်ရန်….

ဩမြိုင်

In: စကားပြေ Posted By: Date: Apr 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment