Professional Authors

မျှဝေခြင်း – ၂

ကျွန်တော် ဒီနေ့ ဒုတိယပိုင်းလေးကို ဆက်မယ်ဗျာ…. ကျွန်တော် အရှေ့ပိုင်းမှာ ပြောခဲ့တဲ့  ပါရမီနဲ့ ပတ်သက်တဲ့ အကြောင်းလေး နည်းနည်းပါးပါး ပြောချင်တယ်ဗျာ… ကျွန်တော်တို့ ကိုးကွယ်ရာ မြတ်စွာဘုရားဟာ ဘုရားဖြစ်ဖို့အတွက် ကမ္ဘာပေါင်းများစွာ ပါရမီ ဖြည့်လာရတာ စာဖတ်သူတို့အသိပါဘဲဗျာ၊ သူရခဲ့တဲ့ အခွင့်ထူး၊ နေရာထူးတွေဟာ လွယ်လွယ်ကူကူရခဲ့တာ တစ်ခုမှ မရှိပါဘူး။ သူ ပေးဆပ်ခဲ့သမျှ သူ ပြန်လည်ခံစားရတာပါ။ လောကမှာ ဆိုးတဲ့သူတွေရော ကောင်းတဲ့သူတွေရောကို တရားပြနိုင်ဖို့၊ တရားချပြနိုင်ဖို့၊ လူတွေရဲ့ ရင်ထဲထိရောက်တဲ့ စကားတွေ ပြောနိုင်ဖို့၊ လူဆိုးတစ်ယောက်ရဲ့ ခံယူချက်တွေ၊ လူကောင်းတွေရဲ့ စိတ်ဓါတ်တွေကို နားလည်နိုင်ဖို့ လွယ်ကူမယ်လို့ ထင်ပါသလား။ ခု poem corner ဆိုတဲ့ အသိုင်းအ၀ိုင်းလေးတစ်ခုမှာတောင် မတူညီတဲ့ စိတ်ဓါတ်တွေ ခံယူချက်တွေ အများကြီးရှိပါတယ်။
ကဗျာ တစ်ပုဒ်ရေးလို့ comment ရေးကြရင်  ပိုသိသာတယ်။ တစ်ယောက်က ဒီလို မြင်ပင်မယ့် နောက်တစ်ယောက်က ဒီလို မြင်ချင်မှ မြင်မယ်၊ သူ့ ရှု့ထောင့်နဲ့ သူတော့ မှန်နေကြတဲ့ သူချည်းပါဘဲ။ တစ်ယောက်နဲ့ တစ်ယောက် ညီဖို့ဆိုတာ ခဲယဉ်းပါတယ်။ ဘယ်လိုမှ ညှိုနှိုင်းယူလို့မရပါဘူး။ တကယ် လက်တွေ့ စကားဝိုင်းဖွဲ့ကြရင် ငြင်းခုံမှုတွေ ဖြစ်ပွားလာမှာပါပဲ။ ကဗျာ၊ စာ ဆိုတာ ရင်ထဲထိရောက်အောင် ဖတ်တဲ့သူနဲ့ အပေါ်ယံ ဖတ်တဲ့သူနဲ့ ခံစားချက် မတူဘူးဗျ။ ဥပမာဗျာ…. ခုနေ လူတွေအားလုံးကို စက်ဝိုင်း တစ်ဝိုင်းလောက် ဆွဲပြတယ်ဆိုပါစို့ဗျာ။ အပေါ်ယံ ကြည့်ရင်တော့ စက်ဝိုင်းပေါ့ဗျာ၊ ဒါပေမယ့် အသေအချာစေ့စပ်စွာ ကြည့်တတ်တဲ့ သူတွေ အတွက်ကတော့ အဓိပ္ပါယ်ပေါင်းစုံ ထွက်လာမှာပါဘဲ။ ဒီလို လူမျိုးတွေကို ဘုရားက တသားတည်းတရားဟောနိုင်ဖို့ လွယ်မယ် မထင်ဘူးဗျ။ ဘာကြောင့် လိုက်ဖက်တဲ့ တရားတွေ ချပြနိုင်သလဲ? မတူညီမူတွေကို ဘာလို့ တစ်သားတည်းဖြစ်အောင် ဆုံးမစကားတွေ ပြောနိုင်ရသလဲ? လောကီ၊ လောကုတ္တရာတွေအတွက် ဘာလို့ ဒီလိုလုပ်ရင် ဒီလိုဖြစ်တယ်ဆိုတဲ့ အကြောင်းအရာမျိုးတွေကို သင်ပြပေးနိုင်ရသလဲ? စဉ်းစားမိတဲ့ သူတွေအတွက် စဉ်းစားစရာဗျနော်။
ဘုရား ဒီလိုမျိုးတွေ နားလည်နိုင်ခဲ့တာ ဒိဗစက္ခု ဥာဏ်ရလို့လို့ ပြောကြတယ်ဗျ။ ဒီဥာဏ်ဘာကြောင့် ရလာလဲ? ကျွန်တော်ထင်တယ် သူဖြည့်စွတ်ခဲ့တဲ့ ပါရမီကြောင့်လို့။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ကိုးကွယ်ရာ မြတ်စွာဘုရားဟာ လူဆိုးလူမိုက်ဘ၀တွေမှာလဲ လည်ပတ်ခဲ့ဖူးတယ်၊ သူတော်ကောင်းလည်း ဖြစ်ခဲ့ဖူးတယ်။ ဒါကြောင့် သူဟာ လူပေါင်းစုံရဲ့ စိတ်ဓါတ်နဲ့ ချို့ယွင်းချက်တွေကို ခြေရာကောက်နိုင်တာလို့ ထင်တယ်။ လူတစ်ယောက်ရဲ့ ရင်ဘတ်တစ်ခုကို မြင်အောင်ကြည့်နိုင်ဖို့ရာ သူကိုယ်တိုင် ဒီလို လူလိုမျိုး ခံစားခဲ့ဖူးမှသာလျှင် ဝေဒနာကို သိပြီး ဒဏ်ရာအတွက် သက်သာရာ ရှာပေးနိုင်မှာပါ။ ဒီလို  ရှာပေးနိုင်ခဲ့တာ တစ်ဘ၀တည်း ဘုရားဖြစ်ပြီး ဒိဗစက္ခုဥာဏ်ရသွားလို့ လို့ ထင်ရင် မှားသွားမှာပေါ့။ လူ့ဘ၀ပေါင်းများစွာ ပေးဆပ်၊ ခံစားခဲ့၊ မိုက်ခဲ့၊ ဆိုးခဲ့၊ ပေခဲ့နဲ့ ပါရမီတွေ ဖြည့်ကျင့်ခဲ့လို့သာ ဒီလိုမျိုး ထပ်တူကျနိုင်တာလို့ထင်တယ်။
စာအုပ်တစ်အုပ်ထဲမှာ ဖတ်ခဲ့ဖူးတယ်။ နတ်ပြည်မှာ သိကြားမင်း ဖြစ်တာတောင်မှ တချို့ နတ်မင်းကြီးတွေကို သိကြားတွေ့ရင် ပုန်းနေရတယ်တဲ့ သူတို့ရဲ့ ကိုယ်ရောင်ကိုယ်ဝါတွေက သူ့ထက် တောက်ပနေလို့တော့ သိကြားရုပ်မထွက်လို့တဲ့ဗျ။ ရာထူးသာ ကြီးနေတာ သူလုပ်ခဲ့တဲ့ ဒါနကုသိုလ်၊ သီလကုသိုလ်၊ သမာဓိတွေကတော့ သူ့ထက် ရာထူးနိမ့်တဲ့ နတ်မင်းကြီးတချို့ထက် မသာလွန်တော့ အရှက်ရလို့ပေါ့ဗျာ။ ပါရမီ ဖြည့်ခဲ့တာချင်း မတူတော့ တန်ခိုးနဲ့လည်း လိုက်တုလို့မရဘူးပေါ့ဗျာ။ လူတွေက အပေါ်ယံ အ၀တ်အစားကိုကြည့်ပြီး ဆုံးဖြတ်သလို၊ နတ်တွေမှာလဲ သူတို့ရဲ့ ကိုယ်ရောင် ကိုယ်ဝါကိုကြည့်ပြီး ဆုံးဖြတ်ကြတယ်တဲ့ဗျ။ (လေးနက်မှုကတော့ မတူဘူးပေါ့ဗျာ)
နတ်ဆိုလို့ ကျွန်တော်တို့ ဗုဒ္ဒဘာသာ ကိုးကွယ်တဲ့သူပဲ နတ်ဖြစ်သလား? တခြားဘာသာတွေ နတ်မဖြစ်ဘူးလား အရင်က ကိုယ့်ဟာကိုယ် အမြဲစဉ်းစားမေးမိတယ်။ ကိုးကွယ်မှုမတူတဲ့ သူတွေက အနေအထိုင်မြင့်ပြီး ငါတို့ဟာ ဘာကြောင့်များ စုတ်ပြတ်ရသလဲ? ဘယ်ကနေ ဘယ်လို ဒီလိုလူဖြစ်လာသလဲ?? ငါတို့မှာ နည်းနည်းလေးကျူးလွန်တာနဲ့ ငရဲကျမှာနဲ့ ဘာနဲ့ ကြောက်နေရတယ်၊ သူတို့မှာ ဖြစ်ချင်တိုင်းဖြစ် လုပ်ချင်ရာ လုပ်နေတာတောင်မှ လူဦးရေတွေ များဆဲပဲ၊ ငါတို့ထက် သာလွန်ဆဲပဲ၊ ချမ်းသာဆဲပဲ၊ ဘယ်သူတွေက သူတို့လို့ လူတွေ ဖြစ်ဖြစ်သွားတာလဲ ဆိုတဲ့ မေးခွန်းမျိုး ခေါင်းထဲမှာ ခဏခဏမေးဖူးတယ်ဗျ။
ကဲ သိပ်များရင် မကောင်းဘူးဗျို့……….နောက်တစ်ပိုင်းကျမှပဲ ဆက်ပြီး ဆွေးနွေးကြတာပေါ့။

မှတ်ချက် – (တချို့ကျွန်တော် ထင်မြင်ချက်တွေ မှားချင်လည်း မှားလိမ့်မယ် မှန်ချင်လည်း မှန်လိမ့်မယ်။ တစ်ခု သတိတော့ပေးမယ်ဗျာ။ ကျွန်တော်ခု တင်ထားတဲ့ ခေါင်းစဉ်က မျှဝေခြင်း၊ ဒါကြောင့် ကျွန်တော် သိတဲ့ဟာတွေ၊ ခံယူချက်တွေကို မျှဝေတယ်။ မှန်တယ်လို့လည်း မပြောဘူး၊ ကိုယ်ပိုင် သုံးသပ်ပြီးမှ လက်ခံပါ။ ကျွန်တော်လည်း အဲလိုပဲ လက်ခံတယ်။ သူ့ ခံယူချက်က သူ့အတွက် မှန်ချင်ပင်မယ့် ကိုယ့်အတွက် မှန်ချင်မှ မှန်မယ်။ စာတော့ ဖတ်ပါ၊ ဒါပေမယ့် စာအုပ်ရဲ့ ကျေးကျွန် မဖြစ်ပါစေနဲ့ဆိုတဲ့မူကို လက်ခံကျင့်သုံးစေချင်တယ်။ )

စာဖတ်သူများအားလေးစားလျှက်
လိပ်ပြာ
(၉-၁-၂၀၁၁)

Comment #1

ကိုလိပ်ပြာမေးတဲ့ မေးခွန်းကို စဉ်းစားတဲ့အချိန်မှာ ဘာလိုချင်လဲဆိုတော့ ငါ့အနားမှာ ပညာရှိပါမောက္ခတယောက်လောက်ရှိ၇င်ကောင်းမယ်လို့ ။ဆက်ကြိုးစားပါ။

commentinfo By: dan at Jan 9, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment