Professional Authors

ကိုယ်ကျင့် ပညာနှင့် အောင်မြင်လာသူ

 
 

ကိုယ်ကျင့် ပညာနှင့် အောင်မြင်လာသူ

 

 

သီရိလင်္ကာနိုင်ငံမှာ နွေရာသီ မိုးရာသီ နှစ်ခုသာရှိပေမဲ့ တစ်ခါတရံ နံနက်ခင်းမှာ အအေး ဓာတ်လေးတော့ ရှိပါတယ်။ ကျွန်တော် ညက ခေါင်းလေး နည်းနည်း ကိုက်တတ်လာလို့ စောစောအိပ်လိုက်တာ။ ဒီမနက် စောစော ချမ်းစိမ့်စိမ့် အာရုံဦးရဲ့ နေရောင်ခြည် အရှေ့လောကဓာတ်က အလင်းရောင် မထိုးခင် ကျွန်တော် နိုးကြားလာပါတယ်။

ဒါနဲ့ အခန်းအပြင်ထွက် မျက်နှာသစ် သွားတိုက် ကိုယ်လက် ဆေးကျောပြီး ဗောဓိညောင်ပင်အောက် လမ်းလျှောက်လာခဲ့ပါတယ်။ ဗောဓိပင်ရောက်တော့ ကျွန်တော် အနန္တဂုဏ ငါးပါးနှင့် ပြည့်စုံသော ဘုရား တရား သံဃာ မိဘ ဆရာတို့အား အာရုံပြုပြီး ဘုရားရှိခိုးလိုက်ပါတယ်။ ကျွန်တော် ဘုရားရှိခိုးပြီး ရှိရှိသမျှ သတ္တဝါအနန္တတို့ကို မေတ္တာပို့ခဲ့ပါတယ်။ ဘုရားရှိခိုး မေတ္တာပို့ပြီး ဗောဓိပင်အောက်က ပြန်အထွက်မှာ ကျွန်တော်နှုတ်က လောကနီတိထဲက စာပုဒ်လေးတစ်ခု….

“This World Guideline Information is a dependable document of instructions. The person who is well-versed in this information is one who is full of general knowledge and well-educated.”

“ကမ္ဘာကြီး လမ်းညွန် အင်ဖောမေးရှင်းသည် လူသားတို့၏ အားကိုးစရာ ပညာပေးများ ဖြစ်သည်။ ဤအချက်အလက် ကျွမ်းကျင်လိမ္မာသော သူသည် အသိပညာ ဗဟုသုတနှင့် ပြည့်စုံသော ပညာရှင် ဖြစ်သည်။” ဆိုတာကို ကောက်ရွတ်မိပါတယ်။

ဒါနဲ့ အားလုံးပြီးတော့ ကျွန်တော် အခန်းရှိရာကို ပြန်လာခဲ့ပါတယ်။ အခန်းထဲရောက်တော့ ကျွန်တော် ကွန်ပြူတာလေးကို ကောက်ကာ ငင်ကာ ဖွင့်လိုက်ပါတယ်။ စက်က အိုလွန်းလို့လားတော့ မသိဘူး ဖွင့်ရတာ နှေးလွန်းလို့ ထွေရာလေးပါး စဉ်းစားမိတယ်။ ကျွန်တော် ခေါင်းထဲ အတွေးတစ်ခု ဝင်ရောက်လာတယ်။ မနေ့က ကျွန်တော်တို့ သူငယ်ချင်းတွေ မကုဋာရာမကျောင်းတိုက်ကြီးရဲ့ အခန်းထောင့်နားက နံနက်ခင်း ကိုယ်စီ ကိုယ့် ကော်ဖီလေးတွေ ယူဆောင်ပြီး ကိုယ်တိုင် ဖျော်ရတဲ့ ကော်ဖီဆိုင်လေးမှာ အခန်း ကိုယ်စီက သူငယ်ချင်းတွေ ဆုံစည်းရာ နေရာလေးတစ်ခုဖြစ်လို့ သူတို့နှင့် တွေ့ဆုံကြရင် ဆွေးနွေးမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ အခု အဲဒါလေးက ကျွန်တော် ခေါင်းထဲသို့ ဝင်ရောက်သဖြင့် စာရေးချင်တဲ့ စိတ်လေး ပေါ်လာပါတယ်။

ကျွန်တော်တို့ သူငယ်ချင်းတွေ တွေ့ဆုံနေကြ ဆုံစည်းရာလို့ ခေါ်သည့် မကုဋာရာမကျောင်းတိုက် ထောင့်နားက ကော်ဖီဆိုင်မှာ သူငယ်ချင်းများနှင့် ကျွန်တော်ရဲ့ ဆွေးနွေးမှုက လူ့ဘဝနေရတဲ့ အခိုက်အတန့် သာမန် လက်လုပ် လက်ကိုင်သမား ဘဝကရင် အောင်မြင် ကျော်ကြားလာသည့် ကမ္ဘာကျော်တွေ အကြောင်းလေး ဖြစ်ပါတယ်။ လူတွေ အောင်မြင်လာကြတာ တချို့က သူ့နည်း သူဟန် ရှိကြပါလိမ့်မည်။ သို့သော် အခြေခံ လူတန်းစား ဘဝကရင် စတင်ပြီး စနစ်တကျ အောင်မြင်လာသူတွေကတော့ မရှိသလောက် ရှားပါးလွန်းလှပါတယ်။

ဘာကြောင့်လည်းလို့ မေးခွန်းတွေ မေးစရာဖြစ်လာပါတယ်။ ကျွန်တော်တို့ အားလုံး အဲဒီမေးခွန်းတွေကို ရှာဖွေခဲ့ကြပါတယ်။ တချို့က သူတို့ ထင်မြင်ယူဆထားသည့် အတိုင်း တင်ပြကြတယ်။ တချို့က စာပေထဲကလာသည့်အတိုင်း ဆွေးနွေးတင်ပြကြတယ်။ ဒါနဲ့ စိတ်ဝင်စား စရာကောင်း အချက်အလက်တစ်ခု ဆွေးနွေးမှုထဲ ပါလာပါတယ်။ အဲဒါကတော့ ပို့တ် ရစ်မွန်က မထင်မရှား လူငယ်တစ်ယောက် အကြောင်း ဖြစ်ပါတယ်။ ဒီအကြောင်းလေးကို အလွန်နှစ်သက်လွန်းလို့ ကျွန်တော် သိသလောက်လေးတွေ တင်ပြ ရေးသားချင် ဖြစ်ပါတယ်။

နယူးယောက်ခ်မြို့ စတိတ်တင်းကျွန်းထဲ ပို့စ် ရစ်မွန်မှာ ၂၇ ရက် မေလ ၁၇၉၄ ခုနှစ်မှာ သူ့ကို မွေးဖွားခဲ့ပါတယ်။ သူသည် ဆင်းရဲသော အသိုင်းဝိုင်းက မွေးဖွားလာသော သူတစ်ယောက် ဖြစ်သည်။ သူ့ လောကဓံ သူ့ဘဝထဲမှာ အခြေခံ စာသင်ကျောင်းကို ခဏတာ တက်ရောက်ရပေမဲ့ ဘဝအခြေအနေကြောင့် သူ့အသက် ၁၁နှစ်မှာ ပညာမသင်နိုင်တော့ပဲ စာမတက်သော သူ့ဖခင်ကို ကြည့်ရှုစောင့်မဖို့အတွက်နှင့် မိသားစု နေထိုင် စားသောက်ရေးနှင့် နေ့စဉ် ဖြေရှင်းရမည့် ဘဝပြဿနာများထဲသို့ ဝင်ရောက်လာပါတယ်။

သူသည် ကျောင်းထွက်လာပြီးသည့်နောက်တွင် သူ ကိုယ်တိုင် စိတ်ဝင်စားသော ပင်လယ်ထဲတွင် လှေလှော်သား တစ်ယောက်အနေနဲ့ စီးပွားရှာခဲ့သည်။ တကယ်လည်း သူသည် အရွယ်နှင့် မလိုက်အောင် ဖခင်ဖြစ်သူရဲ့ လုပ်ကိုင်နေမြဲဖြစ်တဲ့ နယူးယောက်ခ်မြို့နားက စတိတ်တင်း ကျွန်းကလေးမှ မန်ဟတ္တန်ကို လာလာသမျှ ကုန်ခြောက် ရောင်းကြသည့် ဈေးသည်တွေကို အကြို အပို့ လုပ်ရတဲ့ လှေထိုးသား တစ်ယောက် ဖြစ်နေပါတယ်။ ဈေးသည်တွေကို နေ့တိုင်း အကြို အပို့ လုပ်ရသဖြင့် ဈေးသည်တွေက သူကို ခင်မင် ရင်းနှီးကြပါတယ်။

သူရဲ့ ဘဝအခြေအနေကို ဈေးသည်အားလုံးကလည်း ကောင်းကောင်း သိသလို သူ့ရဲ့ အကျင့် စာရိတ္တကိုလည်း နှစ်သက်ကြတယ်။ တစ်ခါတရံ ဈေးသည်တွေ ကျန်ရစ်ခဲ့သည့် ပစ္စည်းများကို အိမ်ရောက်သည့်အထိ ပို့ဆောင်ပေးခဲ့တယ်။ တစ်ချို့တရံ မမှတ်မထင် ကျကျန်ခဲ့သည့် ဈေးသည်များ ပစ္စည်းများနှင့် ပိုက်ဆံတွေကို အိမ်တိုင် ယာရောက် ပို့ဆောင်ပေးခဲ့တယ်။ ဒါကြောင့် သူ့ရဲ့ အကျင့် စာရိတ္တနှင့် ရိုးသား မှန်ကန်ဖြောင့်မတ်မှုကို အားလုံးက နှစ်သက်ကြသလို ချီးမွန်းခဲ့ကြတယ်။ ဒီထက်မက သူသည် နံနက်စောစော ဈေးသည်များကို အကြို အပို့လုပ်သည့် လှေထိုးသားလည်းဖြစ်သလို သူ့လုပ်ငန်း တိုးချဲ့လို့ ကွင်းပြင်မှာ အလေ့ကျ ပေါက်နေတဲ့ ဟင်းရွက် ကန်စွန်းရွက်တွေကို ညနေပိုင်းမှာ လိုက်ခူးပြီး နံနက်စောစော ဈေးသည်တွေနှင့်အတူ နယူးယောက်ခ်မြို့က ဈေးထဲမှာ သူကိုယ်တိုင် လိုက်ရောင်းနေ ရပါတယ်။

တဖြေးဖြေး နှစ်တွေကြာလာတော့ သူ့ရဲ့ ကျွမ်းကျင်မှုနှင့် အပြိုင်အဆိုင် လုပ်ကိုင်နိုင်စွမ်းရှိမှုတွေက သူ့ဘဝကို တိုးတက်စေခဲ့ပါတယ်။ အဲဒီက သူ့ရရှိလာတဲ့ စုဆောင်းထားတဲ့ ပိုက်ဆံတွေကိုလည်း ပျက်စီး ယိုယွင်းစပြုလာသော လှေအိုလေးကို ပြင်လို့ အဆင်မပြေတော့ မော်တော်တစ်စီး ဝယ်ဖို့ မိသားစုလည်း အဆင်ပြေအောင် အရှိန်ယူနေပါတယ်။

အချိန်မကြာခင် သူသည် နယူးယောက်ခ်မြို့နားက စတိတ်တင်း ကျွန်းနှင့် မန်ဟတ္တန်ကို သွားလာနေသည့် ဈေးသည်များအတွက် မော်တော်ဘုတ် အသစ်တစ်ခု ပြောင်းလဲ တည်ထောင်နိုင်ခဲ့ပါတယ်။

နောက်ပိုင်း သူကိုယ်တိုင် လှုပ်ရှား ရုံးကန်မှုတွေသည် သူ့ဘဝမှာ ပထမဆုံး ရရှိလာသော အောင်မြင်မှုတွေက ခမ်းနားကြီးကျယ်စွာ တိုးတက်လာသလို အောင်မြင်မှုရဲ့ အရသာကို နားလည်ခဲ့ပါတယ်။ သူ့ အိပ်စက်ဖို့ အိပ်ယာထက်က ခေါင်းအုံးပေါ်ကို မှေးစက်လိုက်တိုင်း သူ လုပ်ဆောင် လာခဲ့သည့် ဘဝရဲ့ အဓိပ္ပာယ်တွေကို ဖော်ဆောင်ရင်း ပီတိတွေနှင့် အိပ်ပျော်ခဲ့ပါတယ်။

၁၈၁၂ ခုနှစ်တွင်းမှာ သူသည် ဟော်ဆန်း မြစ်တစ်လျှောက်လုံးရဲ့ စစ်ခံတပ်ကို ထောက်ပံ့ပေးဖို့ အတွက် စာချုပ် ချုပ် သဘောတူခဲ့ပါတယ်။ အဲဒါကိုလည်း အခြေခံ အုတ်မြစ်ကောင်းသော သူ့အတွက် အကောင်းဆုံးအဖြစ်နှင့် သူ့စွမ်းရည်တွေကြောင့် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တယ်။

ခေတ်က တောင်းဆိုလို့လားတော့ မသိ မီးသင်္ဘောနှင့် ခရီးသွားလာမှု မြင့်တက်လာသောအခါ သူရဲ့ စီးပွားရေးကို ခြိမ်းခြောက်လာခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူ မောင်းသော မော်တော် ကူးတိုးခနှင့် မတန်လို့ မစီးကြတော့ပါဘူး။ ဒါကို နှစ်ပေါင်းများစွာ ခင်မင် ရင်းနှီးကြသော မိတ်ဆွေများက အကြံပြုကြပါတယ်။

အဲဒီအချိန် သူ့ရဲ့ စီးပွားရေး အသက်မွေးဝမ်းကြောင့် အကြီးအကျယ် ကျဆင်းနေသဖြင့် ၁၈၁၇ ခုနှစ်မှာ သူ့ရဲ့ မော်တော်ကို ရောင်းခဲ့ပြီး သောမတ် ဂဗ်ဘန်(စ်)ရဲ့ မီးသင်္ဘောမှာ ခရီးသည်တွေကို နယူးဂျက်ဆီနှင့် မန်ဟတ္တန်ကို ပို့ဆောင်ရေး အလုပ် လုပ်ကိုင်ခဲ့ပါတယ်။

သူ့အသက် သုံးဆယ်ကျော် နှစ်လည်လောက်မှာ သူသည် မီးသဘောင်္ ကိုယ်ပိုင် လုပ်ခဲ့ပါတယ်။ နောက်တစ်ကြိမ် သူ့ရဲ့ စီးပွားရေးကို အားပေးသည့် သူများက အုံလိုက် ကျင်လိုက် သက်သက်သာသာ ဈေးကလည်း ချိုပြီး သင်္ဘောကလည်း အသစ်ဆိုတော့ လာရောက် စီးကြပါတယ်။

အရင်တုန်းက သူ့ရဲ့ ဖေါက်သည်တွေကို ယူသွားသည် ပြိုင်ဘက်တွေကို ပညာသား ပါပါနှင့် ဟော်ဆန်း မြစ်က ထွက်ခွာသွားအောင် လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီထက်မက ရောဘာ ဘာရမ်ကဲ့သို့ ဂုဏ်သိက္ခာရှိသော ကျော်ကြားမှုတွေလည်း သူ အတုယူ လိုက်နာခဲ့ပါတယ်။

၁၈၄၀ ခုနှစ် အလယ်ပိုင်းတွင် သူသည် မီးသင်္ဘောပေါင်း ၁၀၀ ကျော်ကို ပိုင်ဆိုင် စွမ်းဆောင်နိုင်သူ ဖြစ်လာပါတယ်။ အဲဒီအချိန်မှာ သူသည် မီလျှံ ဒေါ်လာကို ပိုင်ဆိုင်သော သူဌေးကြီး တစ်ယောက် ဖြစ်လာခဲ့ ပါတယ်။

၁၈၅၅ ခုနှစ်တွင် ပြည်ပနိုင်ငံများအား သူ၏ မီးသဘောင်္ဖြင့် ကုန်ယူ ပို့ဆောင်ရေး စတင်ခဲ့ပြီး အမေရိကရဲ့ ဗဟိုချက်မမှ မီးသင်္ဘောဖြင့် ကုန်ယူ ပို့ဆောင်ရေးနှင့် စွန့်စားချက်များက သူ့ရဲ့ အောင်မြင်မှုကို တိုးတက်စေခဲ့ပါတယ်။

၁၈၆၀ ခုနှစ်တွင် သူသည် နယူယောက်ခ်မြို့အတွင်း ရထားလမ်း ပြုလုပ်ဖို့ရန် အခွင့်အရေး ရရှိလာခဲ့သလို အမေရိကန်နိုင်ငံအတွင်း ရထာလမ်းဖြင့် ခရီးသွားလာရေး တိုးတက်ဖို့ရန် စတင်ခဲ့ပါတယ်။ အရင်တုန်းက စွန့်စား ပြုလုပ်ခဲ့သည့် စီိးပွားရေးအတိုင်း အကျိုးသက်ရောက်မှုရှိသလို သူ့ လုပ်ငန်း တိုးတက်ဖို့နှင့် ခရီးသွားသူတွေကိုလည်း ဈေးချိုချိုဖြင့် ခရီးသွားနိုင်အောင် ဆောက်ရွက်ပေးခဲ့ပါတယ်။

နောက်ငါးနှစ်လောက်ကြာသောအခါ သူလုပ်ဆောင်သော ရထားလုပ်ငန်းမှ ရရှိငွေသည် ၂၅ မီလျှံ ဖြစ်ပါတယ်။ သူ၏ ရထား

လုပ်ငန်း အင်ပါယာသည် အနောက်ဘက်နယ်များသို့ တဖြေးဖြေ ချဲ့ထွင်ခဲ့သလို ရှော့ နှင့် မချီဂန် တောင်ပိုင်း ရထားလမ်း၊ ကနေဒါ တောင်ပိုင်း ရထားလမ်း၊ မချီဂန် ဗဟို ရထားလမ်းများ တိုးချဲ့လာခဲ့ပါတယ်။

၁၈၇၃ ခုနှစ်တွင် သူသည် ငယ်စဉ်က အတက်ပညာတွေ ကောင်းကောင်း မသင်ကြားခဲ့ပေမဲ့ သူ့လို ပညာမတက် တစ်ယောက် ဖြစ်မည်ကို စိုးရိမ်သဖြင့် သူ အမည်ဖြင့် ဗန်ဒါဗစ် တက္ကသိုလ်ကြီး တည်ထောင်ခဲ့ ပါတယ်။ နောက်တစ်ခေတ်မှာ တိုးတက်လာမည့် လူငယ်တွေကို ပညာတတ် လူငယ်ဖြစ်တွေ ဖြစ်စေချင်တယ်။

အဲဒီလို တတ်သိ နားလည်သော ပညာရှင် လူငယ်တွေ ပေါ်ပေါက်လာမှ တိုင်းပြည်နှင့် လူမျိုးအတွက် ကောင်းကောင်း တိုးတက်မည်ဖြစ်သဖြင့် သူကိုယ်တိုင်လည်း ပညာရှင်တွေ မွေးထုတ်ပေးစေ ချင်သည့် ဆန္ဒများ ဖြစ်ပေါ်လာခဲ့လို့ ဗန်ဒါဗစ် တက္ကသိုလ် တစ်ခု အနေနဲ့ ယနေ့ ကမ္ဘာက သိလာကြပြီ ဖြစ် ပါတယ်။

ဒါတွေအားလုံးကို ကောင်းကောင်းသိသဖြင့်လည်း သူကိုယ်တိုင် သူ့နိုင်ငံ သူ့လူမျိုးတွေအတွက် အကုန်လုံး အနစ်နာခံပြီး ဆောင်ရွက်ပေးခဲ့ပါတယ်။ အဲလို ပုဂ္ဂိုလ်ထူးကတော့ တခြားလူ မဟုတ်ပါ အမေရိကန်နိုင်ငံ နယူးယောက်ခ်မြို့နားက စတိတ်တင်း ကျွန်းထဲက ပို့တ် ရစ်မွန်မှာ မွေးဖွားခဲ့သည့် ကမ္ဘာကျော် မီလျှံ သူဌေးကြီး ကာနယ်လီယံ ဗန်ဒါဗစ် ပင်ဖြစ်ပါတယ်။

အားလုံးကို ချုပ်ကြည့်မယ်ဆိုရင် ကိုယ်ကျင့်တရားသည် ကိုယ့် ခြေထောက်နှင့် တူပါတယ်။ အသိ ပညာသည် ကိုယ့် မျက်စိနှင့် တူပါတယ်။ စာရိတ္တဆိုသည် လူသားတို့ အရင်းအနှီး ဖြစ်ပါတယ်။ ထိုအရာတွေသည် နှစ်တွေ ကြာညောင်းသွားပေမဲ့ ဘယ်တော့မှ မဟောင်းနွမ်းသော တကယ့်ဂုဏ်ယူစရာကောင်းသော စာရိတ္တမဏ္ဍိုင်နှင့် အောင်မြင်မှုတွေ ရရှိခဲ့သည့် သူတွေဆိုတာ ပညာမတက်သော်လည်း စေတနာ မှန်မှန်နှင့် ကိုယ်ကျိုးမဖက် ကိုယ့် တိုင်းပြည်နှင့် ကိုယ့် လူမျိုးတွေကို အကျိုးပြုသလို ကမ္ဘာလူသားတွေအတွက်လည်း အကျိုးပြုပါတယ်။

စာပေမြတ်နိုးကြသော ပညာရှင်အားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် မိမိတို့ဘဝ ဒီထက်မက မိမိတို့ ရည်စူး ရည်မှန်းသော အောင်မြင်မှု ပန်းတိုင်ဆီသို့ မလျှော့သော ဇွဲ ထူးချွန် ပြောင်မြောက်သော အတက်ပညာတို့ဖြင့် လွယ်လင့်တကူ ရောက်နိုင်ပါစေလို့ ဆုတောင်းရင်း နိဂုံးချုပ်လိုက်ပါတယ်…။

(ဗန်ဒါဗစ် သူဌေးကြီးအကြောင်းကို တတ်နိုင်သလောက် မှီနိုင်သလောက် ဘာသာပြန်ဆိုထားပါသည်)

တက္ကသိုလ်မြတ်မင်း


In: ဆောင်းပါး Posted By: Date: Feb 6, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment