Professional Authors

အောင်မြင်စွာ ကျရှုံးခဲ့ကြသော ညနေခင်း

ဩဂုတ်လ ၂၆ ရက်၊ ၂၀၁၃ ခုနှစ်၊ ညနေ ၆း၃၀ မိနစ်

ဝေါစတာရဲ့ အေးချမ်းတဲ့ ညနေခင်းက ဝေါစတာပိုလီတက် တစ်ခုလုံးကို လွမ်းခြုံထား၏။ တက္ကသိုလ်၏ ညနေခင်းလေးကလဲ တက်ကြွနေ၏။ ဤနေ့ကား ၂၀၁၇ တွင်ဘွဲ့ရမည့် အသုတ် (Class of 2017) ၏ ပထမဆုံး နေ့။ ကျောင်းသားတို့၏ တက်ကြွမှူ နှင့် အင်အားပြည့်နေသော ညနေခင်း။

ကျောင်းသူ၊ ကျောင်းသား တစ်ထောင့်တစ်ရာ တို့သည် ကျောင်း၏ ဟယ်ရင်တန် ခန်းမတွင် စုစည်းနေကြ၏။ သူတို့ ကို ဒီညနေ ဟောပြော သူက “ကားတစ်(စ) ဇင်မာမင်း”။ ခေါင်းစဉ်ကား “ဘဝ တွင် နေထိုင်ခြင်း”။

ဟောပြောပွဲကား အသက်ဝင်လှ၏။ ကျောင်းသားတစ်ချို့၏ မျက်နှာများမှာ ပြုံးနေ၏။ အချို့ကား မျက်ရည်စများနှင့်။ အချို့ကား လက်ခုပ်ကို အားရပါးရ တီးကာ အားပေ၏။ ထောက်ခံ၏။

ဟောပြောပွဲပြီး ဖို့ မိနစ် ၃၀ အလိုမှာ ကားတစ်စ် က စင်အောက် က ဂျွန် ကို စင်ပေါ်ကို တက်ခဲ့ဖို့ ဖိတ်ခေါ်သည်။ ထို့နောက်…

ကားတစ်စ် – ဂျွန် မင်း ဂျာဂယ် (ဆပ်ကပ် များထဲမှ ဘောလုံး များကို ပစ်မြောက် ကစားပြခြင်း) လုပ်တတ်လား။

ဂျွန် – မလုပ်တတ်ဖူး။

ကားတစ်စ် – ဂျာဂယ် လုပ်တာကို ကောသင်ဖူးလား။

ဂျွန် – မသင်ဖူး ပါဘူး။

ကားတစ်စ် – ဟုတ်ပြီ။ ဂျွန် ငါက ဂျာဂယ် လုပ်တတ်တယ်။ ငါမင်းကို ဂျာဂယ် ဘယ်လိုလုပ်လဲဆိုတာသင်ပေးမယ်။မင်းသင်ချင်လား။

ဂျွန် – ဟုတ်

ကားတစ်စ် – ဒါပေမဲ့ မင်းကို ဒီအခုပဲ၊ ဒီနေရာ၊ ဒီစင်ပေါ်မှာ တတ်အောင် သင်ပေးမယ်။ မင်း ယုံ သလား။

ဂျွန်လဲ နည်းနည်း ကြောင်အန်းအန်း ဖြစ်သွားသည်။ ပြီးနောက် ပြန်ဖြေလိုက်သည်။ “ဟင့်အင်” ဟု။

ဤအဖြေကား အံ့ဩ စရာမကောင်း။ ကျွန်တော်လဲ မယုံ။ တစ်ခြားသူ တွေလဲ ယုံမည်မဟုတ်။ ဂျာဂယ် လုပ်ခြင်းကား အလေ့အကျင့် များစွာလို ကြောင်းကျွန်တော်တို့သိသည်။ ဤအရာကို နာရီဝက် နှင့် မည်ကဲ့သို့ တတ်အောင်သင် မည်နည်း။

သို့သော် ကားတစ်စ် က တစ်ခွန်း ပြန်ပြောသည်။ “ဂျွန် မင်းဟာ တစ်ကယ် သင်ပေးမယ်ဆိုတာကို မယုံဘူးပေါ့။ မင်းအခု တတ်ဖို့ အဆတစ်ထောင် ပိုခက်ခဲသွားပြီ ဆိုတာကို သိလား။”

ကျွန်တော့ ခေါင်း ပူထူ သွား၏။ ကျွန်တော် ဘာလိုနေလဲ ဆိုတာကို သိလိုက်ပြီ။ လူတွေ အမြဲမေ့ရော့ တတ်တဲ့အရာ။ ကျန်နေတတ်တဲ့အရာ။ အရေးအကြီးဆုံးသောအရာ။ “မိမိကိုယ်ကို ယုံကြည်ခြင်း”

ကျွန်တော် တို့အားလုံး တစ်ခုကို ရင်ထဲမှာ စွဲမြဲလိုက်ရ၏။ ဤကား ယုံကြည်ခြင်း။

ကားတစ်စ် က “ဂျာဂယ် ဘော တွေ ယူခဲ့” ဟု လှမ်းပြောလိုက်၏။ ကျောင်းသား ထောင့်တစ်ရာ အတွက် ဂျာဂယ်ဘော သုံးထောင့်သုံးရာ ကို တစ်ခြားကျောင်းသား ကြီးတွေက သယ်ခဲ့ကြ၏။ မျက်လုံးပင်မယုံမိ။

“ဪ ဒီနေ့ ဒီအချိန် ဒီနေရာ မှာ ဂျာဂယ် လုပ်တာကို တစ်ကယ် သင်ရတော့မှာပါလား။”

ကျောင်းသား တစ်ယောက်ကို ဂျာဂယ်ဘော သုံးလုံးစီရ၏။ ဂျာဂယ်ဘော များက လေဘောလုံးများ မဟုတ်ကြ။ အထဲတွင် သဲ ကဲ့သို့သော အရာများထည့် ထားခြင်းဖြစ်သည်။ ထို့ကြောင့် အောက်ပြုတ်ကျလျင် မခုန်။ ကွဲလည်းမကွဲ။

ကားတစ်စ် – ဟုတ်ပြီ။ အားလုံး ဘာမှ မလုပ်ကျ နဲ့ဦး။ အရင် ဆုံး သုံးလုံး လုံး ကို ကိုင်လိုက်။ ပြီးရင် ဟောဒီလို ခြေထောက် အောက်ကို ပစ်ချလိုက်။”

ကျောင်းသားတွေကလည်း ပစ်ချလိုက်၏။

ကားတစ်စ် – ဟုတ်ပြီ။ ကောင်းတယ်။ မင်းတို့ လုပ်ရမှာ အဲဒါပဲ။ မင်းတို့ ဂျာဂယ်လုပ်တတ်ချင်ရင် မင်းတို့ ဘောလုံးကို ပစ်ချရဲရမယ်။ ပြုတ်ကျရဲရမယ်။ ပြန်ကောက်ရဲရမယ်။ ပြုတ်မကျပဲနဲ့တော့ ဘယ်တော့မှ ဂျာဂယ် လုပ်တတ်မှာမဟုတ်ဘူး။ အဲဒီလို ပြုတ်ကျ တာကို “အောင်မြင်စွာကျရှုံးခြင်း” လို့ခေါ်တယ်။

ဟုတ်ပြီ။ တစ်လုံးထဲနဲ့ စကျင့်မယ်။ တစ်  ပစ်ချမယ်။ အော်မယ် “ရေး…”။

“ရေး……..”

တစ်လုံးထဲ ကျင့်တော့ ဘယ်သူမှ သိပ်မပြုတ်ကျကြ။ ပြုတ်ကျ တော့လဲ “ရေး” လို့အော်ကြ၏။ ကျွန်တော်တို့ အတူတူ အောင်မြင်စွာ ကျရှုံးနေကြ သည်။

နှစ်လုံးနှင့် စကျင့်ကြ၏။ ဘောလုံးတွေ အားလုံး ပလူ ပျံကုန်သည်။ အားလုံး အပြုံးမပျက်။ အတူတူ “ရေး” လို့အော်ကြ၏။ အားပေးကြ၏။ ချီးကျူးကြ၏။ အောင်မြင်စွာ ကျရှုံးကြပြန်၏။

သို့သော် တဖြည်းဖြည်း နဲ့ကျင့်သားရလာကြသည်။ ကျွမ်းကျင်လာကြသည်။ သုံးလုံးနှင့် ကျင့်ကြပြန်၏။ ပြုတ်ကျ ကြပြန်သည်။ ပြန်ကောက် ကြပြန်၏။ မည်သူမှ ပြုတ်ကျမည်ကို စိုးမရိမ်ကြတော့။ ပြန်ကောက်ရမည်ကိုလဲ ဝန်မလေးကြတော့။

မကြာခင်မှာပဲ တစ်ချို့ကျောင်းသားတွေ ဂျာဂယ်လုပ်၍ရလာ၏။ ပြုတ်မကျ ကြတော့။ ခုနက မယုံ ဟုပြောခဲ့သော ဂျွန်ပင်ပြုတ်မကျတော့။

ဤကား အောင်မြင်ခြင်းမဟုတ်ပါလော။ မအောင်မြင်ခင်တော့ ကျရှုံးရမည်။ သို့သော် အောင်မြင်စွာကျရှုံးခြင်း။

ထို့နောက် မစ္စတာ ကားတစ်စ် က ပုံစံ အမျိုးမျိုး ဖြင့် ဂျာဂယ်လုပ်ပြ၏။ သူလုပ်သည်တို့မှာ အင်မတန်ကြည့်၍ကောင်းသကဲ့သို့ အင်မတန်လည်း ကျွမ်းကျင်သည်။ ကျောင်းသားတို့ကလဲ လှိုက်လှဲစွာ အားပေး၏။

ထို့နောက် မစ္စတာ ကားတစ်စ် ကသူလုပ်နိုင်တဲ့အကြောင်းကိုပြောပြသည်။ “ဒီလို လုပ်နိုင်တာက ငါဟာမင်းတို့ထက် အဆထောင်၊ သောင်း ပေါင်းများစွာ ပိုပြီး ဘောလုံးတွေကို အောက်ပြုတ်ကျခံခဲ့လို့ပဲ”

ဤညတွင် တစ်ဆယ် ရာခိုင်နှုန်းမျှသော ကျောင်းသူကျောင်းသားတို့ သည် ဂျာဂယ်လုပ်နိုင်သွား၏။ ကျောင်းသား ထောင့်တစ်ရာတို့သည် မည်ကဲ့သို့ ဂျာဂယ် လုပ်ရမည်ကို သင်ယူခဲ့ရ၏။ ကျန်သူတို့ သည်လဲ နောင်လေးနှစ် ဘွဲ့နှင်းသဘင်ကျလျင် ဂျာဂယ်လုပ်တတ်သူများ ဖြစ်နေလိမ့်မည်။ ထိုသူတို့သည် တစ်မိုးအောင်တွင် အတူတူ အောင်မြင်စွာ ကျရှုံးခဲ့ကြ၏။

အစဉ်လေးစားလျက်
မောင်ပိုင်

 

In: ဆောင်းပါး Posted By: Date: Jan 11, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment