Professional Authors

ဖေ့ဘွတ်က အပြန်

“ ဤ ခရီးမဝေးတော့ပါ ”- ဦးဖိုးသာအောင်-\”

 ၂၀၁၁ ခုနှစ်ထဲမှာ မြန်မာ့ရွေးကောက်ပွဲကော်မရှင် ဥက္ကဌက ၂၀၁၀ ရွေးကောက်ပွဲကို မဝင်တဲ့ ပါတီ တွေ တရားမဝင်တော့ဘူးလို့ ကြေညာပြီးနောက်ပိုင်းမှာ အင်အယ်ဒီရဲ့ တရားဝင်ရပ်တည်မှုဟာ လမ်းပျောက်သွားတယ်၊ 

အင်အယ်ဒီကလည်း ပါတီများ တရားဝင် မှု ဥပဒေ ချိုးဖောက်ခြင်းခံရတယ်ဆိုပြိး ကုလသမဂ္ဂကို စာတင်တိုင်တန်းမယ်ဆိုတဲ့အထိ ပြုလုပ်ခဲ့ကြတယ်၊

 

အစိုးရသစ်နဲ့ အတိုက်အခံ အင်အယ်ဒီပါတီတို့ အကြားမှာ အတင်းမာဆုံးအခြေအနေ ဖြစ်ခဲ့တယ်၊ ဒါပေမယ့် အင်အယ်ဒီကလည်း သူ့ရုံးနဲ့ သူ တရုန်းရန်းနဲ့ ဆက်ပြီးလှုပ်ရှားနေတယ်၊ 

အစိုးရသစ်ကလည်း တရားမဝင်ပါတီဆိုပြီး အရေးယူတာမျိုးမရှိဘူး၊

ပွဲကြည့်ရတာ ပဟေဠိဆန်လွန်းလို့ အဖြေမညှိနှိုင်ဖြစ်နေတယ်။

 

ရေကူးချန်ပီယံ ဂျွန်ယက်တော့ကစပြိး အမေရိကန်အထက်တန်းပုဂ္ဂိုလ်ကြီးတွေအလာ စိတ်နေတယ်၊

ခုနောက်ဆုံး ဒဲရစ်မစ်ချဲ အထိ ဆိုပါစို့၊ တရုတ်ကတော့ အိမ်နီးချင်းမှို့ ဝင်ထွက်သွားလာမှုကလွယ်လွန်းလို့ သူတို့ခြေလှမ်းကို မြင်ဖို့ခက်တယ်။ 

 

အမေရိကန်ရော တရုတ်ပါ မြန်မာနိုင်ငံကို စိတ်ဝင်စားတာကို ကြည့်ရင် ကမ္ဘာ့  မဟာဗျူဟာကျ ဒေသတွေထဲကတခု ဖြစ်နေတယ်ဆိုတာ သေချာတယ်၊ 

ပြီးတော့ မြန်မာ့နိုင်ငံရေးမှာ လက်ဝဲသန်သူက အားကောင်းတဲ့ အခြေခံရှိတယ်၊ အဲဒီအခြေခံအချက်တွေကြောင့် လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံသည် ပြည်တွင်း စစ်သက်တမ်း အရှည်ဆုံးနိုင်ငံဖြစ်နေရတယ်၊ အဆင်းရဲဆုံးစာရင်းဝင်ဖြစ်ရတယ်၊

 

စစ်အာဏာရှင်နိုင်ငံဖြစ်ရတယ်၊ စစ်အာဏာရှင် အစိုးရဖြစ်ပေါ် လာရခြင်းသည်လည်း အထက်ဖော်ပြပါ အခြေခံအချက်တွေကြောင့် ဖြစ်ပါတယ်၊ 

ဆိုချင်သည်မှာ မြန်မာနိုင်ငံသည် ကိုယ့်အလံကိုယ်လွှင့်ပြီး ကိုယ်ပိုင်လွတ်လပ် ရေး ကြေငြာနိုင်သည့် နိုင်ငံမျိုးမဟုတ်သလို ကိုယ်ဘာသာကိုယ် စစ်အာဏာရှင် နိုင်ငံလုပ်ချင်လို့ လုပ်တာဆိုတဲ့ နိုင်ငံမျိုး မဟုတ်ဘူးဆိုတာ သိနိုင်ပါတယ်၊ 

ယနေ့ အထိ စစ်အာဏာရှင်တပိုင်းနိုင်ငံလို့ ပြောနိုင်ပါတယ်။

 

ယနေ့ စစ်ဦးစီး အရပ်သားအစိုးရတရပ်ဖြစ်ထွန်းနေပါတယ်၊ ၂၀၀၈ အဓမ္မအခြေခံ ဖွဲ့စည်းပုံနှင့် အတူ ၂၀၁၀ ကြိုင်တင်မဲရွေးကောက်ပွဲဖြင့် ပေါ်ပေါက်လာတဲ့ ဦးသိန်းစိန်အစိုးရပါ၊ ကမ္ဘာ့နိုင်ငံရေးရေစီးကြောင်းပြောင်းလဲမှုတွေနဲ့အတူ ပေါ်ပေါက်လာရခြင်းပါပဲ၊ ယခု ဦးသိန်းစိန်အစိုးရသည် ၂၀၀၈ ဖွဲ့စည်းပုံနှင့် ပေါ်ပေါက် အုပ်ချုပ်ရမည့် အစိုးရသစ်ဟု ဆိုသော်လည်း ဖွဲ့စည်းပုံအခြေခံဥပေဒဘောင်ကို ကျော်လွန်ပြီး အချို့သော မဆိုစလောက် အလျှော့ပေးလိုက်ရောမှုများ ပြုလုပ် လာပါသည်၊ စိန်နှင့်စုတွေ့၊ မြစ်ဆုံရပ်၊ နိုင်ငံရေးအကျဉ်းသား အနည်းငယ်လေးလွှတ်၊ လူ့အခွင့်အရေး စုံစမ်းရေး ရုပ်ပြကော်မရှင်ဖွဲ့၊ စတဲ့ တစ္ဆေရုပ် ထုံးသုတ်ပြ တဲ့ လုပ်ရပ်တွေ လုပ်ပြနေတာပါပဲ၊ အခြေခံကြတဲ့ အနှစ်သာရပြောင်းလဲမှုရဲ့အစလို့တောင် မပြောနိုင်သေးပါဘူး။

 

သို့သော် အဲဒီလိုရုပ်ပြပြောင်းလဲပြုပြင်မှုလေးတွေကို အစိုးရသစ်ကလုပ်လာတာသည်ပင်လျှင် ဘာကြောင့်လဲ၊ ဘယ်သူကြောင့်လဲဆိုသော် ကမ္ဘာ့နိုင်ငံရေးရေစီးကြောင်း ပြောင်းလဲမှုနှင့်အတူ မီးစဉ်ကြည့်ပြီးကနေရခြင်းပါပဲ၊ 

 

စစ်ဦးစီးအစိုးရသစ်သည် ရုပ်ပြဟန်ဆောင် ပြုပြင်ပြောင်း လဲမှုလေးတွေကို လုပ်ပြနေရခြင်းသည် နိုင်ငံတကာက ဖိအားအမျိုးမျိုးလျှော့နည်းလာစေရေးအတွက် ကမ္ဘာကသိအောင် မြင်အောင် ကြိုးပန်းနေသည်ဆိုသော်လည်း တကယ် တန်းသိစေမြင်စေချင်သည့် နိုင်ငံက အမေရိကန်ပါပဲ၊ ပြိုင်ဘက်မဲ့ စူပါ ပါဝါ အမေရိကန်အစိုးရ၏ အဆုံးအဖြတ်သည်သာ အဓိကလို့ သိနေလို့ပါပဲ၊ 

 

နှစ်ပေါင်း ငါးဆယ်နီးပါး အစိုးရလုပ်စားလာတဲ့ စစ်ဗိုလ်ချုပ်များရဲ့ မရိုးနိုင်တဲ့ အတွေးအခေါ်နဲ့ လုပ်ဟန်ကို လျှော့တွက်လို့ မရပါဘူး။

 

စစ်အေးတိုက်ပွဲကာလ မြန်မာပြည်မှာ ကွန်မြူနစ်အန္တရယ်ရှိလာတာကြောင့် အနောက်အုပ်စုက အရှင်မွေး နေ့ချင်းကြီးဖြစ်လာခဲ့ရတဲ့ ဗိုလ်နေဝင်း စစ်အစိုးရသည် မြန်မာပြည်ကို ဖွတ်ကြောပြာစု၊ ခရုဆံကျွတ်၊ ဓါးမနောက် ပိတ်ခွေ ဘဝရောက်အောင် ဖျက်ဆီးလိုက်ကြပါတော့တယ်၊ 

 

အဆင်းရဲဆုံး နိုင်ငံဖြစ်ရ သည်မျှ မကပဲ တပြည်လုံး မျိုးဆက်သစ် အဆက်ဆက်ကို စာမတတ် ပေမတတ်၊ မျက်စိကန်း နားပင်း ဘဝမျိုးရောက်အောင်၊ လူနုံ လူချာ လူဖျင်း လူညံ့တွေ ဖြစ်အောင် သူခိုး ဂျပိုး လူလေ လူလွင့် မိန်းမလေ မိန်းမလွင့်တွေ ဖြစ်အောင် နည်းအမျိုးမျိုးဖြင့် ပညာရေးကဏ္ဍကို ဖျက်ဆီးလိုက်ကြပါတော့သည်၊ 

 

စစ်အာဏာရှင်ကြီးတို့က သူတို့မျိုးဆက် စစ်ဗိုလ် စစ်သားလူတန်းစားကိုတောင် အတွေးအခေါ်ရှင်သန်ခွင့် မပေးကြပါ၊

ခေါ်ရင်လာ ခိုင်းတာလုပ်၊ ခံမပြောနဲ့ ဆိုတဲ့ ပုံစံခွက်ထဲမှာ ရိုက်သွင်းထားကြ ပါတော့သည်၊ 

ဤလိုပုံနှင့် နှစ်ပေါင်းရာထောင် မြန်မာပြည်ကို စိုးမိုးအုပ်ချုပ်ဖို့ အုတ်မြစ်ချ ဆောင်ရွက်ခဲ့သည်မှာ ယနေ့ထိအောင်ပဲဆိုကြပါစို့။

 

စစ်အေးတိုက်ပွဲပြီးတော့မည်၊ 

ကမ္ဘာ့နိုင်ငံရေး ရေစီးကြောင်းလည်း ပြောင်းလဲလာသည့်အချိန်မှာ မြန်မာ ကွန်မြူနစ်ကလည်း ပါတီစုံတို့ ဒီမိုကရေစီတို့ ကို ဦးအောင်အော်ဟစ်ကြသည်၊ 

စစ်အာဏာရှင်ကြီး ဗိုလ်နေဝင်းကလည်း ပါတီစုံကြိုက်သလား၊ တစ်ပါတီကိုပဲ ကြိုက်သလားဆိုပြီး ပါတီစုံ အမည်ခံ စစ်အာဏာရှင်စနစ် အစိုးရပဲ သက်တန်းဆက်ရန် ခြေလှမ်းပြင်ကြပါတော့သည်၊ 

 

ရှစ်လေးလုံးတွေ ဘာတွေက သူတို့အပြောင်းအလဲအတွက် အားဖြည့်ပေးရ သလောက်သာ ဖြစ်နေပါသည်၊

အဘယ်ကြောင့် ဆိုသော် ယနေ့ ၂၀၀၈ ဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲ ရလာဒ်က သက်သေပြသောကြောင့် ဖြစ်ပါသည်၊ မည်သူမျှ မငြင်းနိုင်ပါ။

 

ရှစ်ဆယ့်ရှစ်ရဲ့ နောက်ပိုင်းမှာ အမေရိကန်က သူတို့ပေါ်လစီသစ်အတိုင်း သူတို့မွေးတဲ့ သားဆိုးတွေကို အမွေပြတ်ကြေငြာတယ်၊ 

အချိုးတွေပြင်မှ ဆက်ပြီးမွေးမယ်ပေါ့၊ ပြင်မရအောင် ပျက်စီးနေပြီဖြစ်တဲ့ စစ်အာဏာရှင်သားဆိုးက အဖေအရင်း အလိုကျ မပြင်နိုင်တော့တဲ့အတွက် ပထွေးကို အားကိုပြီး ဆက်မိုက်ဖို့၊ ဆက်ပြီး နိုင်ငံကို ဖျက်ဆီးဖို့ လုပ်လာကြပြန်ပါတယ်၊

 

ကမ္ဘာနဲ့ အဆက်ပြတ်နေတဲ့ လူထုနဲ့ အားကိုးရှာရကောင်းမှန်း မသိတဲ့ အတိုက်အခံဆိုတာကို ထည့်ပြီးမတွက်ပါဘူး၊

ဒါကြောင့် ဒုတိယစစ်အာဏာရှင် မျိုးဆက် ဗိုလ်သန်းရွှေရဲ့ လက်ထက်မှာ ပထွေးတရုတ်ကို နိုင်ငံတော်သယံဇာတနဲ့ နှစ်ရှည် စီးပွားရေး လုပ်ငန်းတွေ အလွန်အကျွံပေးပြီး စစ်အာဏာ သက်ဆိုးရှည်ရေးအတွက် စာချုပ်စာတမ်း များနှင့် ပနက်ရိုက်လိုက်ကြပါတော့တယ်၊

 

တပြိုင်နက်တည်းမှာ နိုင်ငံ တော်ပိုင်ရေကြောင်း လေကြောင်း ကုန်ကြောင်း လမ်းပန်း ဆက်သွယ်ရေးများ၊ လယ်ယာသစ်တော ဥယျဉ်ခြံမြေ စိုက်ကွင်း စိုက်ကွက်များ၊ သယံဇာတ တူးဖော် ရေးလုပ်ငန်းများ၊ ရေတိမ်ရေနက် ငါး၊ ပုလဲနှင့် အကောင် ဘလောင် မွေးမြူထုတ်လုပ်ရေးများ၊ သွင်းကုန်ထုတ်ကုန်လုပ်ငန်းများနှင့် ပုဂ္ဂလိကပိုင် လယ်ယာခြံ မြေ ဥယျဉ်တို့ကို ကုမ္ပဏီပိုင်လိုတမျိုး စစ်တပ်ပိုင်လိုတနည်းဖြင့် တနိုင်ငံလုံးအနှံ့ ခွဲဝေယူထားပြီးကြပါပြီ၊ အဲဒီလို မတရားမှုမျိုးတွေကို တရားဝင်ဖြစ်စေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကိုလည်း အဓမ္မအတည်ပြု ကြေငြာခဲ့ပါသည်၊ 

 

တချိန်က အဖေအရင်းက အမွေဖြတ်ခဲ့ပေမယ့် တရုတ်ပထွေးအားကိုးဖြင့် ကမ္ဘာ့နိုင်ငံရေး ရေစီးကြောင်း ဘယ်လိုပင်ပြောင်းပါစေ ဒို့တတွေက စင်ပေါ်ကပါပဲ ဆိုတဲ့ ဇာတ်ကွက် ဇာတ်လမ်းရဲ့ နိဒါန်းပိုင်း ဟုဆိုလျှင် များမည် မထင်ပါ။

 

သို့သော် ကမ္ဘာ့အရွေ့သည် အမြဲတမ်း အဓမ္မဝါဒီများ အတွက် မဖြစ်တန်ကောင်းပါ၊ အာရပ်လှိုင်းများ အဆက်မပြတ်ရိုက်ခတ်နေခြင်းနှင့်အတူ အိုင်းပက်၊ အိုင်းဖုန်း၊ အိုင်းပေါ့ စတဲ့ နည်းပညာပေါက်ကွဲမှုများကလည်း လူထု၏ ကံကြမ္မာ အကောင်းဖက်ကို ဖန်လာရေးအတွက် မျက်နှာသာ ပေးနေပါပြီ၊ လူတစု၏ ကိုယ့်ကြမ္မာ ကိုယ်ဖန်တည်းမည့် အဓမ္မဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်းပုဒ်ကို ဝိုင်းဖြုတ်ခံရမည့် နိဒါန်းကိုလည်း မြင်စပြု လာနေပါသည်။

 

 

ပါတီစုံ၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးဆိုသည့် အလံသုံးလက်ကို လွှင့်ထူထားပြီး ၎င်းအလံများ၏ အောက်တွင် အတုအယောင်ဟန်ဆောင် ကောင်းများပြု လုပ်ရန် ကြိုးပန်းကြသော်လည်း အလံသုံးလက်က ကမ္ဘာ့အသိအမှတ်ပြု စံချိန်မီ ဖြစ်နေကြသဖြင့် လှည့်စားမည် ကြံတိုင်း နှာခါင်းကျည်ပွေ့ တွေ့နေ ပါတော့သည်။

 

၂၅ ရာနှုန်း စစ်ဗိုလ်အမတ်များ အလိုလိုပါပြီးသားနှင့် အစိုးရအလိုတော်ကျ ကြံဖွံ့ အမတ်များပေါင်းပြီး ၉၀ % ရှိသည့်ဘက်နှင့် ၁၀ % မျှ လောက် အတိုက်အခံပါတီ အမတ်များဘက်ကို ပေါင်းသည့် ဘုရားစူးလွတ် ပါတီစုံ လွတ်တော် ဖြစ်သော်လည်း အဲဒီ ၁၀ % သော အတိုက်အခံ အမတ်များ၏ အဆိုများသည် မအောင်မြင်နိုင်ဘူးဆိုတာ လူတိုင်းသိသော်လည်း တရားခြင်း မတရားခြင်းဟူသည့် အနှစ်သာရများကိုတော့ လူထုနှင့် ကမ္ဘာကပါ သိခွင့်ရ နေသည့် ခေတ်ဖြစ်နေပါသည်၊ ဟိုတုန်းကလို တိုးတိုးတိတ်တိတ် ကြိုးကြိုးကြိတ်ကြိတ် ခေတ်မျိုး မဟုတ်တော့ပါ၊ ၁၀ % မျှသော အတိုက်အခံ အမတ်တို့၏ အသံသည် မှန်လျှင် မှန်သလို လူထုနှင့် ကမ္ဘာက သိခွင့်ရနေသည့် အခွင့်အလန်းသည် လွန်စွာကြီးမားလှပါ၏။

 

အာရပ်ကမ္ဘာမှ အာဏာရှင်တပိုင်း နိုင်ငံများသည် တခုပြီးတခု ပြုတ်ကျလာနေသည်မှာ နေတိုးနှင့် အနောက်အုပ်စု တို့၏ ပံပိုးမှု၊ ဝင်ရောက်မှုများ ကြောင့် ဖြစ်ပေါ်နေချိန်တွင် ဆီးရီးယားကို ထပ်မံအရေးယူမည့် ကိစ္စမှာတော့ တရုတ်နှင့် ရုရှားတို့က ဗြောင်ဆန့်ကျင် ကန့်ကွက်ကြပါတော့သည်၊

 

အကြောင်းမူ အာဏာရှင်တပိုင်း နိုင်ငံများထဲမှ အကျိုးတူနိုင်ငံတွေကို ကာကွယ်ဖို့တာဝန်သည် အင်အားကြီး တရုတ်နှင့် ရုရှားတို့၏ သမိုင်းဟောင်းက တာဝန်အတိုင်း ဖြစ်နေ သောကြောင့် ဖြစ်ပါသည်၊ 

 

အနောက်အုပ်စုနှင့် ဆန့်ကျင်၍ ဆီးရီးယားကို ကာကွယ်ရခြင်းတာဝန်သည် တရုတ်အတွက်ကြီးလေးလှပါသည်၊ 

တောင်တရုတ် ပင်လယ် အငြင်းပွားမှု ကိစ္စနှင့် တရုတ်ငွေကြေး တန်ဖိုးလျှော့ချ ထားမှုတို့သည်လည်း ရေရှည်မှာ တရုတ်အတွက်ကြီးမားသည့် ဝန်ထုတ် ဝန်ပိုး ဖြစ်လာမှုများက တရုတ်အတွက် သိသာလာသော အကျပ်အတည်းများ ဖြစ်လာနေပါသည်၊ 

 

ဤအချက်များကြောင့် တရုတ်ကို ရေရှည်အားကိုး အားထားပြုနိုင်ပါမည် လားဟု စဉ်းစားရင်း သူတို့ကိုယ်သူတို့ စိတ်မချ လက်မချဖြစ်လာသည့် မြန်မာစစ်ဦးစီး အစိုးရသည် အနောက်ဘက်ကို ပြန်လည်မျက်နှာ မူလာကြပါ တော့သည်။

 

ပါတီစုံ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အလံသုံးလက်၏ အောက်တွင်ရပ်မိပြီဖြစ်သော မြန်မာအစိုးရသစ်၊ အားမကိုးလောက်သည့် တရုတ်ကို အားကိုးမိပြီ ဖြစ်သော စစ်ဦးစီး မြန်မာအစိုးရသည် အနောက်၏ အလိုကျ လုပ်ရပ်များကို လုပ်ပြရတော့မည်ဖြစ်သည်၊ 

 

၎င်းအခြေအနေတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရမည့်အချက်သည်လည်း မဖြစ်မနေ ပါဝင်နေပါသည်၊ အဘယ်ကြောင့်ဆိုသော် လူထုဆန္ဒနှင့် ထင်ဟပ်သည့် ခေါင်းဆောင်သည် ဒေါ်အောင်ဆန်းစုကြည်ပါပဲဟု အနောက်အုပ်စုက ယူဆပြောဆိုခြင်းကြောင့် ဖြစ်ပါသည်၊

 

ဒေါ်စုနှင့် အစိုးရသစ်တို့ တွေ့ဆုံ ဆွေးနွေးမှုသည် ပြရုပ်ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ဒီအခွင့်အရေးကို လူထုအတွက် အကျိုးရှိအောင် ဒေါ်စုက အသုံးချရ ပါတော့မည်၊ 

အသုံးချနေသည်ဟုလည်း ထင်ပါသည်၊ 

 

တဆက်တည်းမှာ အင်အယ်ဒီပါတီသည် တရားဝင် မှတ်ပုံတင်ပေးရေးအထိ အစိုးရဘက်မှ လိုက်လျှောလာရသည်ကိုကြည့်လျှင် ဒေါ်စု၏ ကဏ္ဍသည် အစိုးရ အတွက် မရှိမဖြစ် လိုအပ်နေကြောင်း သိသာလှပါသည်။ 

 

သို့သော် စစ်ဦးစီးအစိုးရသည် တိုင်းပြည်နှင့်လူထု ဖွံ့ဖြိုးတိုးတက်ရေးဆိုတာထက် သူတို့လူတစု ထွက်ပေါက်ပွင့် ချမ်းသာရေးကို ရှေးရှုနေခြင်းသာ ဖြစ်သည်၊ ၎င်းအချက်ကို အကဲဖြတ်မှုကတော့ ဒေါ်စု၏ ပုခုံးပေါ်သို့ ကျပါလိမ့်မည်၊ 

မည်သို့ဆိုစေ ဒေါ်စု၏ စေတနာကိုတော့ ယုံမှားဖွယ်မရှိပါ။ 

 

မြစ်ဆုံစီမံကိန်းရပ်ဆိုင်းရသည့် ကိစ္စသည် အစိုးရသစ်အနေဖြင့် လူထုနှင့် ရင်ဆိုင်ရမည့် အခြေအနေကို ရှောင်လိုက်ခြင်းပင် ဖြစ်သည်၊ 

စီးပွားရေး ထက် နိုင်ငံရေး ပဋိပက္ခကို ရှောင်ခြင်းဖြစ်ပါသည်၊ ယခုအချိန်သည် စစ်အစိုးရအတွက် နိုင်ငံရေးပဋိပက္ခကို အဖြစ်မခံနိုင်သည့် အခြေအနေမျိုး ဖြစ်နေပါသည်၊ 

 

ပါတီစုံ ဒီမိုကရေစီစနစ်ကို သွားနေပါသည်ဟုလည်း ကြေငြာမိလျှက်သား ဖြစ်နေသည်၊ 

လွတ်တော်တွင်း အတိုက်အခံ အနည်းစုတို့၏ အသံများကလည်း ကမ္ဘာကြားအောင် ပြောနေနိုင်ပါသည်၊ လူထု၏ ကျမ္မာရေး ပညာရေး စီးပွားရေးတို့သည်လည်း မယ်မယ်ရရ ပြောင်းလဲ တိုးတက်ခြင်း မရှိသေးခြင်းအပြင် ပြည်တွင်းစစ်ကလည်း တိုက်နေရသည့် နိုင်ငံဖြစ်နေပြန်ပါသည်၊ 

 

ကလေးစစ်သား၊ ပေါ်တာဆွဲ၊ စစ်ပြေးဒုက္ခသည်နှင့် မူးရစ်ဆေး ရောင်းဝယ်မှု၊ နိုင်ငံတကာ ထွက်ပြီး ကျွန်ခံနေရမှုစသည့် မဖုံးနိုင် မဖိနိုင်ဖြစ်နေကျ ဖြစ်ရပ်ကြီးများကလည်း အစိုးရသစ်အတွက် မဖြေရှင်းနိုင်သည့် အခက်အခဲကြီးများပင် ဖြစ် နေပါသည်။

 

အဆိုးဆုံးကတော့ ဂေါင်ကစပြီး အောက်ခြေအထိအကျင့်ပျက်လာဘ်စား၊ မတရားယူ၊ မတရားတောင်း၊ မတရားသိမ်းပိုက်နေသည့် လူထုကို နှိပ်စက်နေသောအကြင့်ဆိုးများကို မည်သို့မျှ ပြုပြင်နိုင်ခြင်း မရှိတော့ခြင်းဖြစ်သည်၊ သို့သော် သူတို့ အကုသိုလ်နှင့်သူတို့ ခံရတော့မည့် ကိစ္စသည် လွတ်လပ်သော ဈေးကွက်ကို ဝင်ဖို့နှင့် ငွေကြေးတန်းဖိုးညှိဖို့အပြင် ငွေကြေးခဝါချရေး၊ ငွေဖြူဖြစ်ရေးအတို့အတွက် ကြီးမားသော လာဘ်ထိုးမှုကြီးများ လုပ်ရန်သည်လည်း အခက်အခဲပါပေ။ 

တချိန်က အင်္ဂလိပ်အခက် ဗမာ့အချက်ဟု အမိအရဆုတ်ကိုင်ပြီး လွတ်လပ်ရေးရယူနိုင်သည့် ခေါင်းဆောင်ကြီးများ၏ အရည်အချင်းကို စံနမူနာ ယူကြပြီး ယခု စစ်ဦးစီးအစိုးရအခက် ဒို့အချက် ဖြစ်အောင် ဆောင်ရွက်နိုင်ရပါလိမ့်မည်၊ 

ကမ္ဘာ့နိုင်ငံရေး ရေစီးကြောင်းသည် လူထုဘက်ကို မျက်နှာလိုက်သလို မြန်မာပြည်ကို ချစ်သော မြန်မာပြည်ကို ကမ္ဘာ့အဆင့်အဆန်းမီနိုင်ငံဖြစ်စေလိုသော မြန်မာလူထုကို ကယ်တင်လိုသော မျိုးဆက်သစ်များ မျိုးဆက်ဟောင်း များ၏ အင်အားတို့သည် လူထုအတွင်း ဝန်ထမ်းတို့အတွင်း တပ်မတော်အတွင်း၊ အစိုးရအတွင်း ပါလီမန်အတွင်းတို့တွင် တနေ့တခြား ကြီးထွားလာလျှက် ရှိနေကြပါသည်၊ 

ခေတ်မီဆက်သွယ်ရေးနှင့် အင်တာနက်များ၊ မီဒီယာများကလည်း အရှိန်အဟုန်ပြင်းစွာ အထောက်အပံ့ ပေးနေကြပါသည်။

 

ဤ အခြေအနေမျိုးတွင် တိုင်းပြည်ကို တကယ်ချစ်သည့် အစိုးရထဲမှ ပုဂ္ဂိုလ်များ၊ တပ်မတော်ထဲမှ အရာရှိ အရာခံ အကြပ်တပ်သားများ၊ အတိုက် အခံများ၊ ပါလီမန်တွင်းမှ အမတ်များ၊ ဒေါ်စု နှင့် လူထုတို့ ညီညွတ်စွာဖြင့် ပူးပေါင်း ဆောင်ရွက်ကြမည် ဆိုလျှင်ဖြင့် “ ဤ ခရီး မဝေးတော့ပါ ”။ 

 

 

ဦးဖိုးသာအောင်

၂၅-အောက်တိုဘာ-၂၀၁၁

(ဖတ်သင့်တယ်ထင်လို့ ဖေ့စ်ဘွတ်က ကူးယူတင်ပေးလိုက်ပါတယ် ..ခမ်းမွန်)

In: ဆောင်းပါး Posted By: Date: Nov 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment