Professional Authors

အတိတ်ဟူသည်…။

အတိတ်ဟူသည်…။

 

 

         ကျွန်ုပ်တို့  သိတတ်လာသည့် အရွယ်မှ စ၍   ကျွန်ုပ်တို့သည် လူ့လောက၏  အကောင်းအဆိုး အကြောင်းအကျိုး အဖြစ်အပျက်  တို့ကို  လက်ခံခဲ့ကြရပါသည်…။

        မိမိတို့ လက်ခံခဲ့ရသော အဖြစ်အပျက်များသည် အကောင်းများရှိနိုင်ခဲ့သလို  အဆိုးများလဲ ရှိခဲ့နိုင်ပါသည် ။
မည်သို့ပင် ဆိုစေကာမူ

ကျွန်ုပ်တို့အားလုံး ကျော်ဖြတ်လာခဲ့    ကျော်ဖြတ်နိုင်ခဲ့ကြသည်ဘဲ ဖြစ်ကြပါသည်..။ ထိုသို့ ကျော်ဖြတ်ကာ ကြုံတွေ့လာခဲ့ရသော   ဖြစ်ရပ်များသည် လူ့လောက၏ ကာလပြ အသုံးအနှုန်းနှင့် ခေါ်ဆိုသတ်မှတ်ခြင်း ပြုမည် ဆိုပါလျှင်  အတိတ်ဆိုသော အခေါ်အဝေါ်ဟု မည်ပါ၏.။

           အတိတ်ကာလ ဟူသည် ပြီးခဲ့သော…..ဖြစ်ပျက်ခဲ့ပြီးသော…. ဖြစ်ပျက်ခဲ့ သည့် ပြယုဒ်များကို ကိုယ်စားပြု ကာလပြ စကားစု တစ်ခု ဖြစ်ပါသည်..။

         ဥပမာ- ရာသီဥတု တစ်ခု၏ လွန်ခဲ့ပြီးသော ဖြစ်ရပ်တစ်ခုအား  ရာသီဥတုနှင့်ယှဉ်တွဲကာ အတိတ်ကာလကို ယှဉ်တွဲ သုံးစွဲလိုပါလျှင်  အတိတ်ရာသီဥတု ဟု ခေါ်ဆိုရပါမည်..။ ထို့အတူဘဲ  လူ့ဘ၀မှ လူသားတစ်ဦး၏  ဖြတ်သန်းခဲ့ရာ ဘ၀တစ်လျှောက်တွင်   ဖြစ်ပျက်ကြုံတွေ့ လာခဲ့ရပြီးသော  အကောင်း အဆိုးများကို ပြန်လည်ရည်ညွှန်း၍  ပြောဆိုဖို့လိုလာခဲ့လျှင်  ထိုသူ၏ လောကတွင်  အသတ်မှတ်ခံ…….အမည်ခံ ပညတ်နာမ  နှင့် ယှဉ်တွဲကာ  မောင်ဖြူဆိုလျှင် မောင်ဖြူ၏ အတိတ်ဘ၀…..မောင်မဲ ဆိုလျှင် မောင်မဲ ၏  အတိတ်ဘ၀ ဟုဆိုလို သုံးစွဲ ရပါမည်..။

           လူ့ဘ၀ လူ့လောကတွင် ရှင်သန်ရပ်တည်နေကြသော လူတိုင်းတွင်း အတိတ် ဆိုသော ကာလသည် မလွှဲဧကန်  ရရှိခဲ့ ဖူးကြပါသည်။ 

           ကောင်းသော အတိတ်ကာလကို ပိုင်ဆိုင်ခဲ့ဖူးသော လူတစ်ဦးသည်  ကောင်းသော အတိတ်ကာလမှ ကြုံတွေ့ ဖြစ်ပျက်ခဲ့သော   ဖြစ်ရပ်များကို  လက်ရှိကာလ ဟုခေါ်ဆိုသော (ပစ္စုပ္ပန်..) ကာလတွင် ပြန်လည်တွေးတောကာ ပီတိဖြစ်နိုင် ကြသလို……. မကောင်းခဲ့သော အတိတ်ကာလကို  ပိုင်ဆိုင်ခဲ့ရသော လူတစ်ဦးသည်လည်း လွန်ခဲ့ပြီးသော အတိတ်မှ အကြောင်းဆိုး   ဖြစ်ရပ်ဆိုးများကို  လက်ရှိ (ပစ္စုပ္ပန်..)တွင်  နောင်တနှင့် ပြန်လည်ခံစားမိကြပါသည်…။

                ကြုံတွေ့ခဲ့ရသော   ဖြစ်ရပ်များ၏  အကောင်းအဆိုး….ထိချက်…ဖြစ်ရပ်  ခံစားမှု့ အတိမ်အနက် အလိုက် လက်ရှိတွင် စိတ်မှ ပြန်လည်တွေးတောမိတိုင်း ခံစားခွင့် ရှိသလောက် ခံစားနိုင်ကြသည်  ဖြစ်ပေမယ့်……..ကောင်းသောအတိတ်ဖြစ်စေ….

ဆိုးသော ပြဿနာ များ ကို ကြုံတွေ့လာခဲ့ရသော အတိတ်ဖြစ်စေ……အတွေးထဲမှတဆင့် ပြင်ပ မိမိ၏ လက်ရှိ ပစ္စုပ္ပန် ဘ၀သို့

ဆွဲထုတ်ကာ ခေါ်ဆောင်၍ လက်ရှိခံစားမှု့…..လက်ရှိ ဘ၀နှင့် အတိတ်ခံစားမှု့ ဖြစ်စဉ်၊ ဖြစ်ရပ်များကို ပူးတွဲ၍ မခံစားသင့်ကြပေ…..

            အဘယ့်ကြောင့် ဆိုသော်……

            ကောင်းခဲ့သော အတိတ်မှ ဖြစ်ရပ်များကို လက်ငင်း ပစ္စုပ္ပန် ဘ၀သို့ ဆွဲယူ မိတ္တူကူးကာ ခံစားမိလျှင် ဖြစ်ပေါ်လာနိုင်သော ဆင့်ပွားခံစာမှု့ သည်  အကောင်းဘက်ကို များစွာ ဦးတည် ပေးနိုင်သော်လည်း……..အတိတ်ဆိုးမှ ဖြစ်ရပ်များကို လက်ရှိ မိမိ ဖြတ်သန်းနေရသော ဘ၀ကို မိတ္တူဆွဲယူ ၍  ခံစားသုံးသပ်မိခဲ့မည် ဆိုလျှင်…..အတိတ်မှ ခံစားမှု့များကို  မှန်ကန်သော အသိညဏ်နှင့်  မိမိ ဘက်မှ ယှဉ်တွဲကာ စဉ်းစား သုံးသပ်နိုင်သော အသိတရား အားမရှိနိုင်ခဲ့လျှင်…….

          မိမိ အတိတ် ဘ၀ ဆီမှ  မိမိကိုယ်တိုင် တွေးတော ခေါ်ဆောင် ယူလာမိသည့် အတိတ်ဆိုး ခံစားမှု့ များသည်  မိမိ၏ လက်ရှိပစ္စုပ္ပန်ဘ၀ ကိုကော…….မိမိဆီ နောင်တစ်ချိန်တွင် ရောက်ရှိလာမည့်  အနာဂါတ် ဆိုသော ကာလကိုပါ  မိမိ အတိတ်မှ ခံစားမှု့ ဖြစ်ရပ်ဆိုး များ သည် ချယ်လှယ်ပါလိမ့်မည်….။

        ထိုသို့ ရောယှက်ချယ်လှယ် ခံရမည် ဆိုလျှင် အချယ်လှယ်ခံရသော အတိတ်ဆိုး ပိုင်ဆိုင်ခဲ့ ဖူးသည့် ဘ၀ပိုင်ရှင်သည် သူ၏ ဆိုးခဲ့သော အတိတ်ဘ၀မှ အရှုံးများကို  တစ်ကြိမ်သာ ရှုံးခံ ရရုံမျှ မက……ပစ္စုပ္ပန် တွင်လည်း ရှုံးရပါလိမ့်မည်…..အနာဂါတ်တွင်လည်း

မုချ ကျိမ်းသေးကို ရှုံးရပါလိမ့်တော့မည်  ဖြစ်ပါသည်..။

        သို့ဆိုလျှင်…ထိုသူ ဘ၀သည် ဘ၀တွင် အနိုင်ပြစရာ မရှိ….အရှုံးများသာ သူ့ဘ၀တွင် နေရာတိုင်း  အချိန်တိုင်း၌ ရှိနေ…ပိုင်ဆိုင်

နေရပါလိမ့်မည်..။ ထိုသို့ အခြေအနေနှင့် ဘ၀ကို ပိုင်ဆိုင်ရခဲ့ပြီ ဆိုခဲ့လျှင်  ထိုလူသည် လူ့လောက၏ အရှုံးသမား ဟု အမည်တပ်ခံ ရပါမည်..။

                ထို့ကြောင့် လူတိုင်းတွင် အတိတ်ဆိုသော ကာလသည် ရှိကြပါသည်…။ထိုအတိတ်ကာလ များတွင်လည်း ကောင်းခြင်း ဆိုးခြင်း များသည်လည်း….ရှိနေခဲ့ပါသည်…။ 

              ဖြစ်ပြီးခဲ့သော အတိတ်က ရိုက်ချက်များကြောင့် မိမိ လက်ရှိဘ၀နှင့် နောင်လာမည့် အနာဂါတ် ဘ၀ကို စိတ်ဓါတ်ကြံ့ခိုင်သော  လူသား တစ်ဦး မှန်လျှင် ရောယှက်ကာ ပူးတွဲမခံစား သင့်ကြပါ…..။

           အတိတ်ဟူသည် ပြီးခဲ့သော အဖြစ်အပျက်များဆီ ဦးတည်သော စကားအစုအဝေး  ဖြစ်ပါသည်…သူသည် လက်ရှိ ပစ္စုပ္ပန် မဟုတ်ပါ…နောင်လာမည့် ကာလ အနာဂါတ် လဲ မဟုတ်ပါ….။

          သို့ကြောင့်……..။

          ပြီးခဲ့သော ကာလများမှ ဖြစ်ပျက်ခံစားခဲ့ရသော  ခံစားမှု့များကို  ပြီးခဲ့သော အချိန်များတွင်သာ ထားခဲ့ သင့်ကြပါသည်….။

သို့ဆိုမှသာလျှင် မိမိ တို့၏ဘ၀တွင် ရှုံးခဲ့ သည်ဆိုလည်း…တစ်ကြိမ်သာ ရှုံးရပါမည်……အောင်မြင်ရဖူးခဲ့သည် ဆိုလျှင်လည်း  ထို

အောင်မြင်ခဲ့မှု့ သည်  တစ်ချိန်က အောင်မြင်ခဲ့ဖူးသော အောင်မြင်မှု့ တစ်ခုသာ ဖြစ်ခဲ့ပြီး…..ယခင်ရရှိသော အောင်မြင်မှု့နှင့် မတူသော အောင်မြင်ခြင်း အသစ်တစ်မျိုးကို ဘ၀တွင် ထပ်မံ၍ လက်ဝယ်ရရှိ ပိုင်ဆိုင် နိုင်ပါမည်….။

             အတိတ်သည် အတိတ် ဖြစ်ခဲ့ပါပြီ…အတိတ်သည် လက်ရှိ ပစ္စုပ္ပန် မဟုတ်ပါ….အတိတ်သည် အနာဂါတ် ဖြစ်မလာနိုင်ပါ…..

သက္ကရဇ် ကိန်ဂဏန်း များသည် ရှေ့သို့သာတိုး၍ ပြောင်းလဲ နေပါသည်… နောက်သို့သွားသော  ပြက္ခဒိန်ဟူသည်… မည်သည့် နိုင်ငံမှာမှ ထုတ်လုပ်ရောင်းချ ချိတ်ဆွဲခဲ့ကြခြင်းမရှိပါ….။

          ထို့အတွက်ကြောင့်….။

      အတိတ်ကို အတိတ်မှာ ထားပြီး  ပစ္စုပ္ပန်ကာလ ကို  တည့်တည့်ကြည့်ကာ…ခံစားမှု့ အသစ်အသစ် များနှင့် မိမိ ကောင်းကျိုး လူလောက  ကောင်းကျိုးကို အနာဂါတ်ကာလ အတွက် ပီပြင်စွာ ဖော်ဆောင်နိုင်သော စာဖတ်ပရိတ်သတ်များ ဖြစ်စေရန်  ရည်သန်ကာ

ဤဆောင်းပါးအား  ရေးသားလိုက်ပါသည်…။

 

 

                                                                                                   ကကြီး။(၂၁.၆.၁၁)

                                                                                                  [email protected]

In: ဆောင်းပါး Posted By: Date: Jul 18, 2011
Comment #1

ဖြစ်ပြီးခဲ့သော အတိတ်က ရိုက်ချက်များကြောင့် မိမိ လက်ရှိဘ၀နှင့် နောင်လာမည့် အနာဂါတ် ဘ၀ကို စိတ်ဓါတ်ကြံ့ခိုင်သော လူသား တစ်ဦး မှန်လျှင် ရောယှက်ကာ ပူးတွဲမခံစား သင့်ကြပါ…..။

commentinfo By: May Kha at Jul 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment