Professional Authors
အယူအဆ ဟူသည် ပဋိပက္ခလော(သို့) ပြုပြင်ပြောင်းလဲမှု့လော….။
အယူအဆ ဟူသည် ပဋိပက္ခလော(သို့) ပြုပြင်ပြောင်းလဲမှု့လော….။
                 ကမ္ဘာပေါ်၌  တည်ရှိနေကြသော သက်ရှိသတ္တ၀ါများ အနက်မှ  လူ ဟု အမည်နာမ ပညတ်ခွင့်ရကြသည့်  စာရေးသူတို့သည်   စဉ်းစားတွေးခေါ်တတ်သော  အသိတရားများ  မိမိတို့ အသိညဏ်ထဲကို ၀င်ရောက်လာခဲ့သည့် အချိန်မှစ၍   မျှော်လင့်ချက်၊ ရည်မှန်းချက်၊ဆန္ဒ ၊ ခံယူချက် ၊ ယူဆချက်  စသော စိတ်မှ ဆင့်ပွား  ဖြစ်ပေါ်လာသည့် ခံစားမှု့များကို  ရင်းနှီး လက်ခံကျင့်သုံးလာခဲ့ကြပါသည်….။တတ်သိ နားလည်လာခဲ့ ကြပါသည်….။
               အသိညဏ်တရားနှင့် စိတ်မှ ပူးပေါင်း၍ ဖြစ်ပေါ်လာသော အထက်ပါ ခံစားမှု့များအနက်မှ…..စာရေးသူတို့၌  လွဲမှားမှု့ ဆုံးရှုံးမှု့ ၊ နစ်နာမှု့ များကို အများဆုံးပေးနိုင်သော ခံစားမှု့သည် မိမိပိုင်အယူအဆ ဆိုသော  “”တစ်ဦးပိုင် သုံးသပ်မှု့များ””   ဖြစ်ပါသည်..။
              “”အယူအဆ”” ဟူသည်  မူသေပြဌာန်းချက် မရှိသော တိတိကျကျ မရှိသော ၊ အခြေတကျ ခိုင်ခိုင်မာမာ မသတ်မှတ်ထားသော
ထင်မြင်ယူဆချက် သဘောတရားမျိုး ဖြစ်ပါသည်…။
              လွတ်လပ်စွာ ဖန်တီးတည်ဆောက်နိုင်သော ကိုယ်ပိုင်လွတ်လပ်ခွင့် စိတ်နေသဘောတရားမျိုးလည်း ဖြစ်ပါသည်….။
             ထို့ကြောင့်……အယူအဆ တစ်ခုကို နိုင်ငံအလိုက် ၊လူမျိုးအလိုက် ၊  မြို့ရွာအလိုက် ၊ မိသားစု အလိုက် ၊ ညီညွှတ်သော အစုအဖွဲ့ သဘောမျိုးနှင့် ကျင့်သုံးလက်ခံလို့ မရနိုင်ခြင်း ဖြစ်ပါသည်..။ ကျင့်သုံးနိုင်ခဲ့သည် ဆိုလျှင်တောင်….မိမိဆန္ဒ မပါဘဲ တစ်စုံတစ်ခုသော ဖိအား အား မလွန်ဆန်နိုင်ခြင်းကြောင့်သာ လက်ခံကျင့်သုံးခဲ့ရခြင်း  ဖြစ်နိုင်ပါသည်..။
                အဘယ့်ကြောင့်ဆိုသော်  မကြာသေးခင်နှစ်များကမှ နိုင်ငံ၏ အုပ်ချုပ်ရေး အပြောင်းအလဲတစ်ခု  ကြုံတွေ့ခဲ့ရသော “”ဆော်ဒီ””
  နိုင်ငံတစ်ခုအတွင်းမှ အမျိုးသမီးများ၏ ဖြစ်စဉ်ကို ကြည့်၍သိနိုင်ပါသည်….။
ဌင်းနိုင်ငံအတွင်း၌ နေထိုင်ကြသော အမျိုးသမီးများသည်  အစိုးရဟောင်းလက်ထက်တွင် ပြဌာန်းထားသော  ဘာသာရေးတားမြစ်ချက်
ဝတ်စားဆင်ယင်မှု့တစ်ခုကြောင့်  အိမ်မှ ပြင်ပသို့ ထွက်မည့် ကိစ္စမျိုးရှိပါက အပြင်သွားလာနိုင်ရန်အတွက်… ခန္ဓာကိုယ်အား သူစိမ်းများ   မြင်တွေ့နိုင်ခြင်းမရှိစေရန်…””ဆာရီ””  ဆိုသော  ဘာသာရေးကိုယ်စားပြု ၀တ်ရုံအား….ဆံစ မှ ခြေဖျားအထိ လုံအောင်ခြုံ၍ သွားလာ ရပါသည်…။
           ထိုကဲ့သို့  သွားလာခဲ့ရသောအချိန် ၌  ဌင်းတို့သည် မိမိတို့ ပြုလုပ်ရသော ၀တ်စားဆင်ယင်မှု့ အမှုကိစ္စအား  မိမိတို့ ဆန္ဒ
ကြောင့်လော…..မိမိတို့ နှစ်ချိုက်သော  ဘာသာရေး အယူအဆကြောင့်လော…..ဝေခွဲမရနိုင်လောက်သော စိတ်တွင်း အယူအဆ များနှင့်    လက်ခံကျင့်သုံးနေကြပါသည်…။
         ယင်းအခါ  က  ဌင်းတို့ ၀တ်စားဆင်ယင်မှု့ အယူအဆသည်……နိုင်ငံတစ်နိုင်ငံ၏ ဘာသာရေး အယူအဆတစ်ခုကို  နိုင်ငံတွင်းမှ
အမျိုးသမီးထု အားလုံး လက်ခံကျင့်သုံးနေကြသယောင်  ရှိခဲ့သော်လည်း………အစိုးရအပြောင်းအလဲ  ဖြစ်ပြီးလာချိန်တွင် ယခင်အစိုးရ  ဟောင်း၏ နိုင်ငံတွင်း ချမှတ်ထားသော စည်းမျဉ်းအက်ဥပဒေများကို  နောက်တက်အစိုးရမှ ပြင်ဆင်ရေးဆွဲခဲ့ရာ ၌  ဌင်းနိုင်ငံတွင်းနေ အမျိုးသမီးများ၏ ၀တ်စားဆင်ယင်မှု့ ကဏ္ဍပုံစံအားလည်း ပြင်ဆင်သတ်မှတ်ပေးခဲ့ပါသည်….။
       ထိုအချိန်အခါ ၌ လွတ်လပ်သော ၀တ်စားဆင်ယင်ခွင့် ရရှိသွားသော ဌင်းအမျိုးသမီးများသည်……ယခင် တစ်နိုင်ငံလုံးရှိ အမျိုးသမီး
များ  ယူဆလက်ခံကျင့်သုံးခဲ့ရသော  ၀တ်စားဆင်ယင်မှု့ ပုံစံကြီးကို သိသာထင်ရှားသော  မိမိပိုင်ဝတ်စားဆင်ယင်ပုံ  အယူအဆများနှင့် လဲလှယ်ကြပါတော့ သည်….။    အတိတ်က “”ဆာရီ“” ခြုံ၍ လမ်းခရီး သွားလာခဲ့ကြ  ရသော    အမျိုးသမီးများသည်…. လွတ်လပ်ခွင့်ရ သော လက်ရှိကာလ ၌ မိမိတို့၏ ဆန္ဒအယူအဆ အလျှောက်  အနောက်တိုင်း ၀တ်စုံများ  ၀တ်ဆင်လို့ တစ်မျိုး……… ဂျိုင်းပြတ်အင်္ကျီ.. စကပ်တို နှင့် သွားလာလို့ တစ်ဖုံ….အစုံစုံသော  ၀တ်စားဆင်ယင်မှု့ ပေါင်းစုံနှင့် လမ်းများပေါ်တွင်….   ပေါ့ပါး လွတ်လပ်စွာ  သွားလာလှုပ်ရှားကြပါတော့၏….။
       အထက်ပါဖြစ်ရပ်နှင့်  ပါတ်သတ်၍  စာရေးသူ ဆိုလိုချင်သည်မှာ…..လူတစ်ဦတစ်ယောက်၏ စိတ်၌ ထားရှိသော သူ၏ သဘောထား အယူအဆအား အဘယ်သို့သော အကြောင်းနှင့်မျှ   အများနှင့် တူညီအောင် တာရှည် ပြုလုပ်၍ မရနိုင်ခြင်းကို ဖြစ်ပါသည်…။ဘယ်လို ဖိအားနှင့် တူညီအောင်စွမ်းဆောင်သည် ဖြစ်စေ……လွတ်လပ်စွာ ပေါက်ဖွားရှင်သန်တတ်ကြသော စာရေးသူတို့၏  တစ်ဦးပိုင် အယူအဆများကို ထိမ်းချုပ်နိုင်စွမ်းမရှိပါ….။ ထိမ်းချုပ်ရခဲ့ သည်  ရှိသော်လည်း အခြေအနေ အချိန်အခါ ပေးလာသော အခါအခွင့်တွင် ယင်းအယူအဆကို ဖျက်ချိုး၍ ကိုယ့်အယူအဆ ကိုသာ  လက်ခံကျင့်သုံး အကောင်အထည် ဖော်ကြမြဲ ဖြစ်ပါသည်…။
       ကမ္ဘာပေါ်တွင် လူသားဦးရေ  သန်း(၆၀၀၀) ကျော်ပါသည်…။ ထိုလူသား သီးရေ သန်း(၆၀၀၀) ကျော်တွင် အယူအဆပေါင်း သန်း(၆၀၀၀) ကျော်ပါမည်….။ တစ်ဦးနှင့် တစ်ဦး မတူညီသော အယူအဆများနှင့် စာရေးသူတို့ ရပ်တည် ရှင်သန်နေကြသော ……. ဤကမ္ဘာမြေကြီးပေါ်တွင် သဘောထားကွဲလွဲမှု့  စစ်ပွဲများသည်…နေ့စဉ်နှင့်အမျှ မည်သည့်  နေရာဒေသတွင်းမဆို ဖြစ်ပေါ်လျှက် ရှိနေပါသည်….။ ကွဲလွဲငြင်းခုံ မှု့ များစွာ  ဒီအယူအဆများကြောင့်  ဖြစ်ပေါ်နေပါသည်….။ ဆုံးရှုံးမှု့များလည်း ရှိနေပါပြီ… ထိခိုက်နစ်နာမှု့များ  သည်လည်း     အယူအဆများကြောင့်သာ ဖြစ်ထွန်းလာခဲ့ခြင်း ဖြစ်ပါသည်….။                    
             ကောင်းသော ပြောင်းလဲခြင်းများဘက် ပုံဖော်သော အယူအဆများထက် မကောင်းသော ပဋိပက္ခများ ဖြစ်ပေါ်စေသော အယူအဆ များကို သာ တွေ့မြင်နေရပါသည်….။
        အယူအဆ ဟူသည် အထင်ဖြစ်ပါသည်….ထို အထင်အမြင်သည် တစ်ဦးပိုင် အယူအဆမှ စတင်ပေါ်ပေါက်ပါသည်….။ လူတစ်ဦးသည်  ကိစ္စ အ၀၀အပေါ် ဝေခွဲဆုံးဖြတ်ရာ၌လည်း…….ကိုယ်၏ ဘ၀ဖြတ်သန်းရာ ခရီးတစ်လျှောက်မှ ရရှိတွေ့ကြုံ ခံစားလာခဲ့ ရသော အတွေ့အကြုံ အဖြစ်အပျက်များမှ တဆင့်  မိမိတို့သန်ရာ ထင်မြင်ယူဆချက်များကို ကိုင်ဆွဲကာ ကိုယ့်၌လက်ရှိ  ကြုံတွေ့နေ ရသော ဖြစ်စဉ်များကို ဖြေရှင်းတတ်ကြပါသည်….။
        ယင်းကဲ့သို့ ဖြေရှင်းကြရာတွင်….တစ်ဦးပိုင်အယူအဆ ကိုယ်စီထား၍ ကိုယ်ထင်ရာ ကိုယ်မှန်တတ်သော လူနှစ်ဦး ထိပ်တိုက်တွေ့ ကာ  သဘောထားအယူအဆ တစ်ခုအပေါ်  ဆွေးနွေးကြရာ၌  ဌင်းတို့နှစ်ဦး၏  မူသေလက်ခံထားသော  သဘောထား အတိမ်အနက် အလိုက် ယင်းဆွေးနွေးပွဲ၏ အဆုံးသတ်ရလဒ်သည်…. ခန့်မှန်းမရနိုင်လောက်သော ပဋိပက္ခဖြစ်မှု့များကို  ဦးတည် ဖြစ်ပေါ်   စေတတ် ပါသည်..။ ထိုကဲ့သို့  ပဋိပက္ခများ ဖြစ်ပေါ်စေရခြင်း  အကြောင်းအရင်းသည်…..ကိုယ်ထင်ရာ ကိုယ်မှန်တယ် ထင်သော အယူအဆ များ ကြောင့် ဖြစ်ပါသည်….။  ကိုယ့်၏  အယူအဆ ပြင်းထန်လျှင် ပြင်းထန်သည့်အလျှောက်  နောက်ဆက်တွဲ  ပဋိပက္ခသည်လည်း  ကြီးထွားမြင့်မား လာတတ်စမြဲလည်း  ဖြစ်ပါသည်…။
          ကမ္ဘာပေါ်၏…..နိုင်ငံတိုင်းရှိ  ရုပ်ဝါဒ၊ နာမ်ဝါဒ၊ ဘုရားမဲ့ဝါဒ၊ ဘုရားရှိ ၀ါဒ၊ ဖြစ်တည်မှု့ ပဓာန ၀ါဒ နှင့်  အနှစ်သာရ ပဓာန ၀ါဒ၊
ပုဂ္ဂလ ဗဟိုပြုဝါဒ နှင့် လူမှုဘ၀ ဗဟိုပြုဝါဒ—–စသဖြင့်သော  ၀ါဒများ ဖြစ်ပေါ်လာခဲ့ ရခြင်းသည်လည်း……အထက်ကဆိုခဲ့ သည့်
အတိုင်း  လွတ်လပ်သော ထင်မြင်ယူဆချက်များမှ  သန္ဓေတည် ဖြစ်ပေါ်လာခဲ့ခြင်းသာ  ဖြစ်ပါသည်….။ 
ထို့ကြောင့်….မိမိတို့  ၀ါဒ အယူအဆအလိုက်   အတောမသတ်နိုင်သော အငြင်းပွားမှု့ စစ်မျက်နှာများကို ကမ္ဘာအနှံ့အပြားသော နေရာ ဌာနများ၌  တွေ့မြင်နေရခြင်းလည်း ဖြစ်ပါသည်…။တချို့ဒေသများ….တချို့ အသင်းအဖွဲ့များ….တချို့လူပုဂ္ဂိုလ်များတွင်  ဆိုလျှင်.. မည်မျှအထိ ဌင်းတို့၏ ခံယူချက်အယူအဆများ ပြင်းထန်ပါသနည်း….ဟု ဆိုရလျှင်  မိမိအယူအဆအတွက်  ကိုယ်၏အသက်ကို စွန့်လွှတ်ကြသည်အထိ  ပြင်းထန်စွာ သက်သေမဏ္ဍိုင်ပြု ဆောင်ရွက်တတ်ကြပါသည်….။
     (ဥပမာ  ။)…..အတွေးအခေါ် ပညာရှင် “”ဆော့ခရေးတေးလ်
“” (ဆိုကရေတီး) ကိုကြည့်ပါ….သူ၏ “”အမှန်တရားအပေါ် ထားရှိသော
သီအိုရီ..“” အယူအဆတစ်ခု အား  ဌင်း၏ တန်ဖိုးရှိသော  အသက်ခန္ဓာနှင့် လဲလှယ်သွားခဲ့ပါသည်…..။
     ယင်းကဲ့သို့သော လူသားတို့၏  ထင်မြင်ဆွဲကိုင်သော အယူအဆများအပေါ် တခုတ်မက်မက် တွေးထင်လုပ်ဆောင်နေကြခြင်းကို–   ပြင်သစ်စာရေးဆရာကြီး–“”အဲလဘတ်ကမျူး..“” က ဤသို့ဆိုခဲ့ ဖူးပါသည်…။
      “”နေစကြာဝဠာထဲတွင်  နေသည် ဗဟိုချက်ဖြစ်သည် ဟူသော သိပ္ပံအယူအဆကို ထုတ်ဖော်တင်ပြခဲ့သောကြောင့် ………. “”ဂျော်ဒန်နိုဘရူနို“” သည်  ကားစင်တင်၍ မီးရှို့သတ်ခြင်း ခံခဲ့ရသည်…..“”ဂယ်လီလီယို“” ကမူ ထွက်ပြေးတိမ်းရှောင် ခဲ့သည်…။ ကျွန်တော်အမြင်အရ “”ဂယ်လီလီယို“” မှန်သည်။ စကြာဝဠာ၏ ဗဟိုချက်သည် နေဖြစ်စေ၊ ကမ္ဘာဖြစ်စေ—လူ၏စိတ်၌ ၀ိဘာဂ(၉) ခု ရှိ သည်ဖြစ်စေ၊ ၀ိဘာဂ(၁၂)ခု ရှိသည် ဖြစ်စေ…ဌင်းအယူအဆဆိုင်ရာ အကြောင်းအချင်းရာများသည်….လူ့အသက်တစ်ချောင်းနှင့်လဲ  ရလောက်အောင် မထိုက်တန်ချေ……“”
           ဟု….ပြင်သစ်စာရေးဆရာကြီး…“”ကမျူး“”က  ဌင်း၏ သဘောထားကို နိုင်ငံပိုင် စာတမ်းတစ်စောင်၌ ထုတ်ဖော်ရေးသားခဲ့ ပါသည်…။
        (စားရေးသူ အနေနှင့်ကတော့  မည်သူ တစ်ဦးတစ်ယောက်ကိုမျှ  စာရေးသူ ထင်မြင်ယူဆချက်အား ဗဟိုပြု၍တိုင်းတာဆွေးနွေး   ဝေဖန်မှု့များ  မပြုခဲ့ပါ..။သို့သော်လည်း  မှားယွင်းသော အယူအဆများထား၍ တစ်ဦးတစ်ယောက် အယူအဆအမှား မှ  အများဆီ ကူးပြောင်း လွဲမှား  ထင်မြင်စေနိုင်သော   အယူအဆအမှားများ  ဖြန့်ဝေနေသော သူများ     တွေ့လျှင်တော့  စေတနာအရင်းတည်သော အပြုသဘောဆောင် ဝေဖန်မှု့မျိုးနှင့် ဆွေးနွေးပါသည်…။ ထိုကဲ့သို့ စိတ်မျိုးထား၍ စာရေးသူ ဘက်မှ ဆွေးနွေးလာခြင်းကို တစ်ဖက်မှလက်မခံလိုသော သဘော၊ ပဋိပက္ခ တစ်ခုဆီ ဦးတည်လာနေခြင်း သဘောများ…မြင်လာ  ရှိလာခဲ့လျှင်တော့  စာရေးသူ၏  ဌင်းနှင့်ဆွေးနွေးခြင်း အမှုကိစ္စအား  ခေတ္တဆိုင်းပြီး——ဆက်လက်၍   ဤဆွေနွေးမှု့အား ပြုလုပ်ရန် သင့်မသင့်   စဉ်းစား သုံးသပ်ပါသည်…။ဌင်း အကြောင်းအရာကိစ္စသည်….လူမျိုး၊ ဘာသာ ၊ သာသနာ ၊ စာပေအနာဂါတ်  အတွက် မဟုတ်လျှင်  ဆက် လက်   ဆွေးနွေးခြင်း မပြုတော့ပါ…….သို့တည်းမှမဟုတ် အထက်က ဆိုခဲ့သော အကြောင်းအချင်းအရာများနှင့်  ညိစွန်း ပါတ်သတ်နေသည် ဆိုလျှင်တော့ ….ယင်းဆွေးနွေးမှု့ ကိစ္စသည်  ပဋိပက္ခတစ်ခု အသွင် ပြောင်းလာနိုင်လင့်ကစား ထိုသူအားအမှန်ပြနိုင်ရန်….
အမှန်မြင်နိုင်ရန်    စာရေးသူ
   တစိုက်မတ်မတ် လုံ့လပြု၍  ကြိုးစားပါလိမ့်မည်..။  ဒါသည်….စာရေးသူ၏ အယူအဆနှင့် ပါတ်သတ်သော  သဘောထား ရှင်းတန်း
ဖြစ်ပါသည်…။ စကားချပ်။)
            ဤဆောင်းပါး၌ စာဖတ်သူ၏ အသိတရားသို့  ဆိုလို အသိပေးချင်သော  ရည်ရွယ်ချက်အား အချုပ်ဆိုရလျှင်…… အယူအဆ တိုင်းတွင်  သူ့အယူအဆ သတ်မှတ်အဆင့် အတန်းအလိုက် စံနှုန်းကန့်သတ်ချက်များ ရှိပါသည်….။ အယူအဆတိုင်းအား   နေရာတိုင်း၊   ဖြစ်ရပ်တိုင်း၊ လူတိုင်းကို တိုင်းတာ၍ မရပါ…..။  အယူအဆတိုင်းကို မူသေ တသမတ်တည်းထား၍ ပြဿနာ ကိစ္စတိုင်းအား မဖြေရှင်းစေ လိုပါ…..။
          ကိုယ်သိသော ကိုယ့် ထင်မြင်ယူဆချက်သည်  အခြားတစ်ပါးသူ တွေးထင်ယူဆထားသော ထင်မြင်ချက်နှင့် မတူညီနိုင်ပါ…။ မတူညီရာ အယူအဆ(၂) ကို  ချ၍ တိုင်းတားမှု့  စံနှုန်းထုတ်ကြည့်မိလျှင် အကောင်းဘက် ဦးတည်သော ရလဒ်ကောင်းများ ရရှိဖို့ထက် ကြီးမားရှုပ်ထွေးသော  ပဋိပက္ခကြီးများသာ  ရရှိလာကြပါလိမ့်မည်….။
          ထို့သို့အခါမျိုးတွင်  မလိုလားအပ်သော ပြဿနာများကို အကျိုးမရှိဖြေရှင်းနေသော လူများ ဖြစ်သွားကြပါမည်….။ ထို့ကြောင့် အယူအဆတစ်ခု  မိမိ၏ အသိတရားတွင် ရရှိလာခဲ့ပြီ ဆိုပါလျှင်—–ဌင်းအယူအဆအား ရရှိသည့် အချိန်မှ စ၍  ကိုယ့်အတွေးအခေါ်၌ ပိတ်လှောင် မထားပါနှင့်……ဌင်း အယူအဆအား ထပ်မံ တွေ့ရှိလာမည့် သဘောတရားအသစ်များနှင့် လဲလှယ်နိုင်ရန်  အမြဲဖွင့် ထား  ပေးပါ…။
          အယူအဆတစ်ခု အား  ဆွဲကိုင်ပိတ်စို့ ထားသောသူသည် ရေတွင်းတစ်တွင်း၏ အောက်ခြေမှ အပေါ်တွင်းဝသို့   မော့ကြည့်နေ   သောသူနှင့် တူ၍…..
         အယူအဆ တစ်ခုအား ထပ်မံတွေ့ရှိလာမည့်  သဘောတရားများနှင့် ဖလှယ်နိုင်ရန် ဖွင့်ထားသောသူသည်….ရေတွင်း အပေါ် နှုတ် ခမ်းဝ၌  မတ်မတ်ရပ်ကာ  ပါတ်ဝန်းကျင်၌ ရှိသော  အရပ်လေးမျက်နှာ  အထက်အောက် မြင်ကွင်းများကို  ကြည့်ရှု့မြင်နိုင်စွမ်းရှိသော အမြင်ကျယ်သူ တစ်ဦးနှင့် တူပါသည်….။
         ထို့ကြောင့်……စာရေးသူ၏  စာဖတ်ပရိတ်သတ်များ….ယခုရေးသားသော ဆောင်းပါးအား ဖတ်၍——မိမိတို့ ဘ၀တစ်လျှောက် တွင် တွေ့ကြုံလာရမည့်  တစ်ဦးပိုင် အယူအဆတိုက်ပွဲ  ပဋိပက္ခများကို  မှန်ကန်သော အသိ ၊ အမြင် ၊ အတွေးအခေါ် ၊ အယူအဆများနှင့် အပြုသဘောဆောင် ပြုပြင်ပြောင်းလဲမှု့များဆီ ကျော်လွှား ဖြတ်သန်း ရောက်ရှိနိုင်ကြပါစေ…….။
                                                                                  ကကြီး။(၇.၉.၁၁)[email protected] 5;00pm
In: ဆောင်းပါး Posted By: Date: Oct 6, 2011
Leave Comments
Name*
Email*
Website
Email me whenever there is new comment