Professional Authors

အမဲနှပ်နှင့် ကန်စွန်းရွက်……………..(စောင်းပါး………………:))

“ငါ ဘာမှမသိသေးပါလား”
“ငါသိလိုက်တာ ငါ ဘာမှမသိသေးဘူးဆိုတာပဲ”
ထိုထိုစကားတို့သည်ကား ပညာရှိ က၀ိတို့၏ နောက်ဆုံး ၀န်ခံချက်တည်း။
ကြီးမြတ်လှပေ၏။ရိုးသားလှပေ၏။အမှန်တကယ်လည်း သည်အနတ္တကမ္ဘာတွင်
မှတ်ဖွယ်မှတ်ရာ လေ့လာစရာကား များပြားလှပေ၏။(သညာ သိဟု မှတ်လော့..ဟရို့)။
ဆည်းပူး၍လည်း မကုန်နိုင်။မခန်းနိုင်။ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ် ပြည့်ဝပြီဟု သွေးနားထင်ရောက်
နေသူတို့ ဆင်ခြင်သတိဝင်လော့။(ဆင်အန္တရာယ် ခြင်အန္တရာယ် ကို ကာကွယ်ရမည်ဟု
အထင်မလွဲကြကုန်လင့်..)။
အနို့ နေပါဦး ။ဒါက ပညာရှိ က၀ိတွေ ငြင်းခုန်ရမည့်ကိစ္စကို အမောင်တာကောက ဘာကြောင့်
လူတွင်ကျယ်လုပ်ပြီး လာပြောနေသနည်း။ဟုတ်ကဲ့။
ဟောသလိုပါ အမောင်တာကော ကဗျာတွေဖတ်ဖတ်ပြီး အမောင်တာကောကို
အမြင်မကြည်လင်သူတွေ ရှိလာလို့ပါ ခင်ဗျ။ရောင်းရင်းတို့ သိတော်မူပြီးသည့်အတိုင်း
အမောင်တာကောကဗျာတွေဟာ တစ်ယောက်ယောက်ကို သရော်သလိုလို ရိသလိုလို
ဟန်တွေ နဲ့ရေးတာကိုးဗျ။သို့ကလိုဆိုတော့လည်း ချစ်စိတ်မ၀င် မုန်းစိတ်ဝင်တာ
ဆန်းသလားနော့။အရေးမကြီးပါဗျ။သို့တစေ အမောင်တာကောကြောင့် တစ်ယောက်ယောက်
စိတ်ဒဏ်ရာဖြစ်တာကိုတော့ အမောင်တာကော မပျော်နိုင်ပါ ခင်ဗျ။
ဒါဆိုလည်း ရေးဟန်ပြောင်း အနုအချိုတွေရေးလော့ဟု တစ်ယောက်ယောက်က
ပြောလာလျှင်တော့ အမောင်တာကော နှလုံးကွဲ၍သေပွဲ ၀င်ရပါလိမ့်မည်။ဘဇာကြောင့်နည်း။
အမောင်တာကော ကဗျာရေးဖြစ်သည်ဆိုသည်မှာ ကဗျာဆရာဖြစ်ချင်၍ မဟုတ်ပါလေ။
ဆရာ့ဆရာ ကဗျာတွေ ဖတ် ပြီး သဘောကျ၊အမောင်တာကော ထိတွေ့ခံစားနေရတာလေးတွေကို
ချရေး ရင်း အရိုးစွဲလာတာပါခင်ဗျ။ဒီနေရာမှာ အမောင်တာကော ရဲ့ စိတ်နှစ်သက်မှုက စပါလေရော။ကဗျာကို
ရိုးဂုဏ်တွေ၊ကရုဏာဂုဏ်တွေနဲ့ရေးဖွဲ့ကြည့်တော့ လူကြိုက်များသော်လည်း
အမောင်တာကောစိတ်မှာ လေးပင်နေသေးသလို ခံစားနေရပါ၏။တစ်ခြားသူတွေတော့
အမောင်တာကော မသိပါ။အမောင်တကော ကဗျာရေးတာက အမောင်တာကောရဲ့
စိတ်ထွက်ပေါက်အဖြစ် ရေးခြင်းပါ။ကမ္ဘာကို ကယ်တင်ရန် မဟုတ်ပါခင်ဗျ။
အမောင်တာကောလေထွားနေသည့်ရေးပုံမှာ အခြားတစ်ချက်ရှိသေး၏။
အမောင်တာကောက ရကန်ကဗျာ အမျိုးအစားဆို လွှတ်ကြိုက်တာကိုးဗျ။
ပြီးတော့ ဆရာအော်ပီကျယ်ရဲ့ အတွေးအခေါ်တွေ ကို လည်း သဘောခွေ့ မနောခွေ့ပါဗျ။
ဆရာခရမ်းပြာထက်လူရဲ့ကဗျာတွေဆိုရင် သိပ်ကြိုက် သိပ်ခိုက်။
ပြီးတော့ ဟစ်ဟော့ခရေဇီပါ ခင်ဗျ။သို့ဆိုလျှင် အမောင်တာကောရဲ့ စိတ်နေစိတ်ထားကို
အနည်းအကျင်း တော့ နားလည်လိမ့်မည်ဟုထင်ပါရဲ့။
အမောင်တာကောရဲ့ ဟောဒီကဗျာကိုဖတ်ပြီး

ဘ၀င်စိတ်နဲ့ တင်ဆက်လိုက်ပါတယ်  

ကျွန်တော့်အကြောင်း
ပြောရရင် ခင်ဗျားဖျားသွားမယ်
501နဲ့တီရှပ်အနက်ဝတ်ထားတဲ့ ကျွန်တော့်ကဗျာတွေ ဖတ်ဖူးမှာပေါ့
ပက်ပက်စက်စက်လှနေတဲ့ အပျိုမလေးက ကျွန်တော့်ရဲ့တတိယမြောက်ရည်းစားလေ
နိစ္စဓူဝ အင်တာနက်နဲ့ ကမ္ဘာပတ်နေကျ
ကျွန်တော်က အခြားဘာသာစကား သုံးမျိုးတတ်တယ်
စွဲစွဲလမ်းလမ်းမက်နေတဲ့ အိပ်မက်တစ်ခုရှိတယ်
philosophy သင်ပေးရမလားပြော
အနာဂတ်အတွက်ဟောကိန်းထုတ်ရရင်
ကျွန်တော့်ရဲ့အရိုးပြာ ရဖို့အတွက်
ဒီလူတွေ အချင်းချင်း စစ်ခင်းကြလိမ့်မယ်။

In: ကဗျာ Posted By: တာကော Date: Aug 13, 201

အမောင်တာကောရဲ့ ဟောဒီကဗျာတော့ မဖတ်ပဲ

ငပေါင်းရေ….ဆုတောင်းကောင်းပါ့မလား

ငပေါင်းရေ…
မင်းပြောတော့ အလွယ်သား make it new ဆိုလား
ငါ့မှာတော့ make it true ပါဖြစ်အောင်
ငါ့အဘိဓမ္မာ ငါ သ,နေရတာ
မလွယ်ရေးချ မလွယ်ပါလားကွာ
အချိန်ဇကာနဲ့ တိုက်ချလိုက်တဲ့အခါ
ငါ့ကဗျာလေး တစ်ပုဒ်တစ်လေ တင်ကျန်ရစ်နေစေချင်ရုံပါ
ကျောင်းတက်နေတဲ့ကောင်မလေးတစ်ယောက်ကတော့
ဒီလိုပြောဖူးပါရဲ့
တာကောရဲ့ကဗျာလေးတစ်ပုဒ်ကို ကြိုက်လွန်းလို့
သူမရဲ့ဗလာစာအုပ်နောက်မှာ ကူးရေးထားတယ်တဲ့
ငါ့မှာ ၀မ်းသာပီတိ ဂွမ်းဆီထိပေါ့
ကျောင်းပြီးလို့ စာအုပ်ဟောင်းတွေ
ဘော်လ်တယ် ကုလားဆီရောင်းတဲ့အခါ
ငါ့ကဗျာလေးပါ ရောပါသွားခဲ့ရင်တော့
အဲဒီအခါကျ မှားတဲ့အခါလည်းမှားပေမပေါ့ဆိုပြီး
သူမနဲ့ငါ ရယ်ကြရုံပေါ့ကွာ ဟား.. ဟား..
ဒါနဲ့ မင်းသိလား
ခေတ်အဆက်ဆက် ကဗျာဆရာတွေကတော့
ခံစားချက်တွေသာ စုခဲ့ကြပြီး
ငွေမစုခဲ့ကြတာဆိုတာလေ
ငါ့မှာတော့  ကံ၊စိတ်၊ဥတု၊အာဟာရလေး မျှတအောင်
ငွေရေးကြေးရေးအတွက် အချိန်တွေပေးခဲ့ဖူးတာ မနည်းဘူး
ဒီိတော့ ငါ့ကို ကဗျာဆရာအတုလို့ ပြောလာလည်း
ငြင်းခုန်နေစရာ အကြောင်းမရှိဘူး
ငါဆုတောင်းဖြစ်နေတာက
တောပြောင်းသွားတဲ့ ကျားကြီးလည်း မသေပါစေနဲ့..
တစ်ရွာမပြောင်းနိုင်တဲ့ကဗျာဆရာလေးလည်း သူကောင်းဖြစ်ပါစေ.. လို့။.

(ငပေါင်း=Ezra Pound)

In: ကဗျာ Posted By: တာကော Date: Oct 10, 2010

အမြင်ကတ် ဒေါသထွက်နေတတ်တဲ့သူတွေကိုတော့

တာကောဆိုတဲ့ကဗျာရေးတဲ့ငနဲကို ထားခဲ့လိုက်

တာကောဆိုတဲ့ အဲဒီလူ
အယူအဆ ဘာတစ်ခုမှ သိတယ်မရှိဘူး
အလကား အရူး
နွားခြေရာခွက်လေးထဲ
သူ့ရဲ့သွက်ချာပါဒ ခါတော်မီဗေဒတွေကို
စိတ်အလိုရှိတိုင်း ထ ထ မွှေ။
ပေါ မိုက် တေ လေ အချိုးနဲ့
သူပျိုးခဲ့တဲ့ကဗျာတွေမိုးမလင်းခင် ဘ၀င်လေဟပ်
မာန်တက်နေတဲ့အခါတိုင်း
ငါ့မြင်းကြီး ငါစိုင်းလို့
အဲဒီငတေကြီး မာလိုက်ပုံများ..
ဘယ်သူသေသေဆိုလား.။

In: ကဗျာ Posted By: တာကော Date: Oct 5, 2010

လို့သာ ပြောရုံ ပါခင်ဗျ။(အမောင်တာကောရဲ့ မနူးမနပ် ကန်စွန်းရွက် ဟင်းကို
မျက်နှာလွှဲကာ အမဲနှပ်ကိုသာ မြိန်ရည်ရှက်ရေ သုံးဆာင်ပါလေတော့ ဟုသာ)

(မှတ်ချက်။ ။ပညာရှိက၀ိတွေက ငါဘာမှမသိဘူးဟု ညည်းတွားနေချိန်
အမောင်တာကောက ကကြီးရေးတတ်ရင် ကကြီးရေးပြမှာဖြစ်ပြီး
ရောင်းရင်းတို့ကလည်း ခကွေးရေးတတ်ရင် ခကွေးရေးပြရင်း မျှဝေ
ခံစားမည်ဟု ယုံကြည်မျော်လင့်မိပါကြောင်း……..)

In: ဆောင်းပါး Posted By: Date: Feb 23, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment