Professional Authors

အလွမ်းသို့…..အသုံးတော်ခံခြင်း(၃)

 

မဟုတ်ရပါဘူး….

ငါရက်စက်ခဲ့တယ်ဆိုတာ..။

အဲဒီမိုးကလည်း

ငါ့အတွက်နဲ့သည်းခဲ့တာမဟုတ်ဘူး

တိမ်တွေကိုယ်တိုင် ငွေ့ရည်ဖွဲ့ခဲ့လို့ပါ…။

 

ကျိတ်ပုန်းဆိုရင်တောင်

ပေးဆပ်ခဲ့ရသမျှတော့

နာကျင်ခွင့်ရှိတယ်မဟုတ်လား

လက်ခုပ်ဆိုတာတောင်နှစ်ဖက်

တီးမှမြည်ခဲ့တာပဲကွယ်…

ငါတစ်ယောက်ထဲနဲ့တော့

ကောင်းကင်တစ်ခုလုံးမလင်းလက်နိုင်လောက်ပါဘူး…။

 

အဲဒီ နင်မဆင်းသက်ဖူးတဲ့

မြေပေါ်မှာပေါ့…

ငါကြယ်တစ်ပွင့်ပျိုးခဲ့တာ

ကြွေသမျှတွေ မစွေပြချင်တော့ဘူး

မယုံမရဲနဲ့ မျှော်လင့်ခြင်းဆိုတာ

နွမ်းလျလျသာရှိပါစေဦး…

ငါတစ်သက်လုံး ယုံရဲတယ်..။

 

နင်ထင်သလို ငါကအိမ်မက်ဆန်ဆန်ကောင်

…….

ဟုတ်ပါတယ်…

အဲဒီအိမ်မက်ကောင်ရဲ့ ရင်ဘတ်မှာလည်း

အရာရာပေါ်မဟုတ်တောင်

တစ်ခါတစ်ခါလဲ မာနပန်းတော့ပွင့်တတ်တယ်…

 

နွေလို ပူလောင်ပါများတော့

တစ်ခါတစ်ခါ လဲ ဆောင်းလိုအေးပြချင်သေးတယ်

ဖီဆန်တာမဟုတ်ပါဘူး

ခဏတစ်ဖြုတ်ပဲ ရုန်းထပြချင်တာပါ..။

 

ငါကအနှိုင်ယူရလောက်အောင် လဲ

သာလွန်နေတဲ့သူလဲမဟုတ်ရပါဘူး

ရက်စက်တတ်လောက်အောင်လဲ

မာကျောခဲ့သူမဟုတ်ပါဘူး…

ငါတို့က

အိမ်မက်ဆိုရင်တောင် အဲဒီအိမ်မက်က

မနိုးထချင်ပါဘူး…

ဒါပေမယ့်ကွယ်

အိမ်မက်တို့သဘာဝ

အချိန်တန်ရင်နိုးထပြရမယ်မဟုတ်လား…

 

မနူးညံ့ခြင်းတွေထဲ

နေသားကျလာတော့လဲ

မာကျောတတ်ဖို့ဆိုတာ

အရေးတကြီးရင်ခုန်ပြစရာတော့

မဟုတ်တော့ပါဘူး…

နေ၀င်သလို တစ်ခဏ

မှောင်ပြဖို့ပဲမဟုတ်လား….

 

 

စိတ်ကူးသမျှလက်တွေ့ကျဖို့ဆိုတာ

ငါကိုယ်တိုင်တောင်မမှန်းရဲသေးတော့                                         

မင်းလိုချင်တဲ့ဘ၀ ငါ့ထံမှာမရှိခဲ့ပါဘူး

လက်မဖြန့်ပါနဲ့ကွယ်

ငါကိုယ်တိုင်တောင် မရိုးသားတတ်ခဲ့တော့

နင်လိုချင်တဲ့အိမ်မက် ဘယ်လက်နဲ့များ

ငါဖန်ဆင်း ပေးရဦးမှာလဲ

နယ်လွန်စိတ်နဲ့

ငါခွင့်ပန်ပါရစေရဲ့

ငါမရှိတဲ့ ကမ္ဘာသာနင်သွားပါ…။

 

ကောင်မလေးရယ်

တစ်ခါတစ်ခါကျတော့လဲ

မမြင်ရတဲ့ဒဏ်ရာက ပိုပြင်းထန်တတ်ပါတယ်

ဟိုလွန်လေခဲ့သောနံရံတစ်ဖက်က

နင်ပျိုးခဲ့တဲ့အိမ်မက်

နင်ကိုယ်တိုင် အဆုံးမသတ်သရွေ့တော့

ငါ့ကို  ရိုးသားစွာလွမ်းခွင့်ပြုပါ…။   

 

                                   နေညို

In: ကဗျာ Posted By: Date: Jun 26, 2010
Comment #1

တော်လိုက်တဲ့ အစ်ကို …မောင် … ဦး ….. စတာနော် တကယ်ကောင်းတာ ကြိုက်လိုက်တာ စာသားတွေကို
thank u

commentinfo By: maythuotkyar at Jun 26, 2010
Comment #2

ရိုးသားစွာလွမ်းတော့မယ်ပေါ့…
အရမ်းကောင်းတယ်..နေညိုရေ..။။။
စကားလုံးအသုံးအနှုံးတွေလဲနုတယ်..။။။

commentinfo By: အမရာ at Jun 26, 2010
Comment #3

စကားလုံးသုံးထားတာလေးတွေ လှလည်း လှတယ်
ထိလည်း ထိတယ်
အရမ်းမိုက်တယ် သူငယ်ချင်း နေညို

commentinfo By: lwanhlainge at Jun 26, 2010
Comment #4

@maythoutkyar အားပေးတာကျေးဇူးတင်ပါတယ်။ကြိုက်တယ်ဆိုတဲ့
အတွက်လဲဝမ်းသာပါတယ်…။ အစ်ကို လား မောင်လားတော့မသိဘူး
ဦးမဟုတ်တာကတော့သေချာပါတယ်…:)

@အမရာ အစ်မကျေးဇူးကမ္ဘာသိလား..။လာလာအားပေးပြီး ကွန့်မန့်ပေးပေးနေရတာမောနေပြီထင်တယ်…။အလုပ်မှာအဆင်ပြေပါစေ။

@lwanhlainge သူငယ်ချင်ရေ အားပေးတာကျေးဇူးပဲနော်။သူငယ်ချင်းကဗျာတွေလဲအရမ်းကောင်းပါတယ်..။
အားပေးနေပါတယ်..။

commentinfo By: naynyo23 at Jun 27, 2010
Comment #5

အလွမ်းသို့…..အသုံးတော်ခံခြင်း(1)(2)(3) မှာ…(1)နဲ့(3)ကပိုကောင်းတယ်…(1)ကိုတော့အကြိုက်ဆုးံပဲ..ဆက်ရန်ရှိအုံးမယ်ထင်တယ်…

commentinfo By: နော်ဧရာဝတီ at Jul 8, 2010
Comment #6

အင်း ဆက်ရန်တော့ရှိပါသေးတယ်။ ဒါပေမယ့် ကိုးရီးယားဇာတ်လမ်းတွဲလို
အဆက်တွေ အများကြီးဖြစ်လာရင် ဖတ်ရတဲ့သူတွေပျင်းသွားမှာကိုစိုးတာ..။အားပေးတာကျေးဇူးပါနော် မနော်ဧရာဝတီ..။

commentinfo By: naynyo23 at Jul 8, 2010
Comment #7

နယ်လွန်စိတ်နဲ့

ငါခွင့်ပန်ပါရစေရဲ့

ငါမရှိတဲ့ ကမ္ဘာသာနင်သွားပါ…။

ဟိုလွန်လေခဲ့သောနံရံတစ်ဖက်က

နင်ပျိုးခဲ့တဲ့အိမ်မက်

နင်ကိုယ်တိုင် အဆုံးမသတ်သရွေ့တော့

ငါ့ကို ရိုးသားစွာလွမ်းခွင့် …… ( ထိရှစေသော )

commentinfo By: sharon myorr myor at Dec 29, 2012
Comment #8

ဖီဆန်တာမဟုတ်ပါဘူး
ခဏတစ်ဖြုတ်ပဲ ရုန်းထပြချင်တာပါ..။
……………………………………….
အလွန်ကောင်းလွန်းသော စကားလုံးများ……။။။

commentinfo By: နွေ at Nov 30, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment