ကျနော့်မှာ ကဗျာတစ်ပုဒ်ရှိတယ်
နေပိုင်ဆိုတာ…
တူတူပုန်းတမ်းကစားတိုင်း
ကိုယ့်ကိုကိုယ်ပြန်ဖွက်တတ်တဲ့ကောင်လားလို့
သိချင်တဲ့သူလည်းရှိတယ်
မသိချင်တဲ့သူလည်းရှိတယ်။
နှင်းဆီပွင့်လေးတစ်ယောက်က
ဓါးထောက်ပြီး
ခြိမ်းခြောက်ခံမယ့်သူမဟုတ်ဘူး။
ဆောင်းခိုငှက်တို့အပြန်လမ်းက
ကိုယ့်ဆန္ဒနဲ့ကိုယ်ပေါက်တဲ့
သစ်ပင်လည်းမဟုတ်ဘူး။
ကျနော်ကခါးပါတယ်လို့
အငွေ့တထောင်းထောင်းထပြတတ်တဲ့
ကော်ဖီမဟုတ်ဘူး။
ကျနော်ကဘာလဲဆိုတော့
သိချင်တဲ့သူလည်းရှိတယ်
မသိချင်တဲ့သူလည်းရှိတယ်။
သူဟာ လူယောင်ဆောင်ထားတဲ့
နာရီတစ်လုံးဖြစ်ကောင်းဖြစ်မယ်။
နပိုလီယမ်ရဲ့နောက်ဆုံးတိုက်ပွဲ
မန်ချက်စတာယူနိုက်တက်ရဲ့ ၁၉၉၉ အချိန်ပို
၁၅မိနစ်ထက်နောက်ကျလို့ ကွေးသွားတဲ့ နှုတ်ခမ်းတချို့
တနင်္ဂနွေ…တနင်္လာ…အင်္ဂါ…
ဗုဒွဟူး…ကြာသပတေး…သောကြာ
စနေ…
ဒါတွေကျနော်မရည်ရွယ်ခဲ့ပါဘူးဆိုတာ
သိချင်တဲ့သူလည်းရှိမယ်
မသိချင်တဲ့သူလည်းရှိမယ်။
တခါတလေ
မေ့ချင်ယောင်ဆောင်ပြီး မိုးရွာချပြတတ်တယ်
ကိုယ်ကိုယ်တိုင်ဘာလို့ထီးမဆောင်းလဲလို့တော့
ဘယ်သူကတွေးမှာလဲ
ရေစိုနေပြီးသားမို့လား
ထီးမပါလို့လား
ဖြစ်တည်မှုနဲ့လွဲနေလို့လား
တခြားအကြောင်းပြချက်တွေကြောင့်လား
…
သိချင်တဲ့သူလည်းရှိတယ်
မသိချင်တဲ့သူလည်းရှိတယ်…။
သင်္ကြန်ရောက်ကြောင်းသိဖို့
မြေသင်းနံ့တွေဖောက်ခွဲ
ဧပရယ်မှာလည်းချိတ်ဆွဲထားတယ်
Agree To Disagree
ခံယူချက်တွေကွဲလွဲကြမယ်။
မင်းလည်းအောက်ဆီဂျင်ရှူ
ငါလည်းအောက်ဆီဂျင်ရှူတာချင်းတူတူ
သေမယ့်နေ့ကိုစောင့်စားပုံကလည်း
လူသားဆန်ဆန်ပေါ့
ဒါ…
ဇော်ဝင်းထွဋ်ရဲ့ ဂျစ်ပစီမိုးတိမ်မဟုတ်ဘူး
နှုတ်ခမ်းနီနဲ့ ဆည်းဆာမဟုတ်ဘူး
ကြိုးတစ်ချောင်းနဲ့ စကတ်တိုမဟုတ်ဘူး
Greenday ရဲ့ I Fought The Law လည်းမဟုတ်ဘူး
ဒါဆိုဘာလဲ…
သိချင်တဲ့သူလည်းရှိမယ်
မသိချင်တဲ့သူလည်းရှိမယ်…။
ကျနော့်မှာ
အစ်မသုံးယောက်ရှိတယ်
ခဏခဏပြုတ်ကျတတ်တဲ့ Internet Connection ရှိတယ်
နံမည်ပြောင် ၇ မျိုးရှိတယ်
ရင်ဘတ်တစ်ခုရှိတယ်
www.gmail.com ရှိတယ်
မှန်ကြည့်တိုင်းမြင်နေရတဲ့မျက်နှာတစ်ခုရှိတယ်
ပါးစပ်တစ်ပေါက်ရှိတယ်
ပြီးတော့…ဒါတွေကို
သိချင်တဲ့သူလည်းရှိတယ်
မသိချင်တဲ့သူလည်းရှိတယ်…။
နေပိုင်