အတ္တ လောကသား (မင်းကိုချစ်တဲ့သူ)
ကောင်းကင်တရွေ့ လေတဝှေ့မှာ
ငါ့ကိုငါ ပြန်မေးကြည့်မိတယ်
အတ္တဆိုတဲ့အရာကို ဘယ်သူကများ
မွေးဖွားပေးခဲ့တာလဲလို့…
ဝရန်တာသေးသေးလေးမှာ
လေးပြေအေးအေးနဲ့
ကြယ်ကလေးတွေကြွေတာကို
ငါ့မှာပီတိဖြစ်ဖူးတယ်… (မိုက်လိုက်တဲ့ငါ)
သဘာဝရဲ့ ဖြိုခွဲခြင်းကိုခံလို့
အလင်းတန်းအဖြစ် ပွင့်ထွက်လာတဲ့
နာကြင်မှုတွေနဲ့ ကြယ်ကလေးဘ၀ကို
ကြည့်လို့ လိုရာဆုတောင်ဖူးတယ်…
အတ္တကြီးပုံကတော့ သူလိုငါလိုပါပဲ
အဆုံးသတ်ခြင်းမရှိတဲ့ သဘာဝကို
အဆုံးသတ်နိုင်အောင် ကြိုးစားရင်း
တိတ်တဆိတ် ထွက်သွားကြတယ်…
အတ္တဆိုတာကြီးကို ဘယ်ကျောင်းကများ
သင်ကြားပေးခဲ့တာလဲ
ဘာသင်သင်မတတ်တဲ့ ငါ့အတွက်တော့
အတ္တဆိုတာကြီးကို အဆင်းမခွဲတော့ဘူး
ငါ့အတွက် အချိန်မရှိတော့လို့ပဲ…
တခါတလေတော့လဲ
ပြောင်းပြန်အတွေးအခေါ်တွေကို
ပြန်ပြောင်းပြီးတွေးကြည့်မိတယ်
အတ္တကြောင့် လောဘတွေရှိတာလား
လောဘကြောင့် အတ္တတွေရှိတာလားဆိုတာပါပဲ…
Leave Comments
								 Email me whenever there is new comment
								
																
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
                                           	
                                    		
                                        


