Professional Authors

မရှိတော့ရင် .. ။

ဖြစ်များဖြစ်နိုင်မယ်ဆိုရင်လေ…ကမ္ဘာကြီးထဲကနေ ခဏလောက်ပျောက်သွားကြည့်ချင်လိုက်တာ…ဘာရယ်လို့တော့မဟုတ်..ကိုယ်မရှိတော့ရင် ဘယ်သူတွေများကိုယ့်ကို သတိရနေကြမလဲ သိချင်ရုံသက်သက်ပါ… တစ်ကယ်လို့များ ကျွန်မ သေဆုံးသွားခဲ့ရင် ၀မ်းအနည်းဆုံးက ကျွန်မ အဖေနှင့် အမေဖြစ်လိမ့်မည်။ သုံးဦးတည်းသာရှိသောမိသားစုလေးမို့ သူတို့နှစ်ယောက် မနေတတ် မထိုင်တတ် ဖြစ်နေလိမ့်မည်ထင်သည်။ ကျွန်မမရှိတော့လျှင် ညခုနစ်နာရီထိုးခါနီးမှ အိမ်ပြန်လာတတ်သော ကျွန်မ အဖေနှင့်အမေကို အိမ်ဝမှဆီးကြိုမည့်သူရှိမည်မဟုတ်။ထိုအချိန်မျိုးတွင် ကျွန်မ မိဘများ တစ်ခုခုလစ်ဟာနေသလိုခံစားရမည်ထင်သည်။ ထိုအချိန်မျိုးတွင် ကျွန်မမေမေ မျက်ရည်ကျလိမ့်မည်လား။ ကျွန်မ မရှိတော့လျှင် မေမေနှင့်အတူ ထမင်းဝိုင်းကို ဘယ်သူကများကူပြင်ပေးမှာပါလိမ့်။ ဖေဖေကတော့ မန်ယူပွဲများကိုသူကြည့်တိုင်း ကျွန်မကို သတိရနေပေလိမ့်မည်။ ကျွန်မနှင့် အပြိုင် ငြင်းခုန်ခဲ့သည်များကို ပြန်မြင်ယောင်နေလေမလား။ကျွန်မက မန်ယူနိုင်တိုင်း အပျော်ကြီးပျော်တတ်ခဲ့သည်ကိုး။

 

ကျွန်မမရှိတော့ချင်းကို ဒုတိယမြောက်သိရမည့်သူများကတော့ ကျွန်မ၏ ဦးလေးများ၊ အဒေါ်များနှင့် ကျွန်မ ချစ်လှစွာသော ကျွန်မ၏ အမများ။ အကိုတွေကတော့ အနေလည်းသိပ်မနီးတာမို့ ကျွန်မ ရှိခြင်း မရှိခြင်းသည် သူတို့ အတွက် သိပ်ကြီးထူးဆန်းနေလိမ့်မည် မဟုတ်ပေ။ ကျွန်မ မရှိတော့ ဟူသည့် အကြောင်းအရာကို ကျွန်မ အဘွားအား ဘယ်လိုများ အသိပေးကြမှာပါလိမ့်။ ဘွားဘွားက အသက်ကြီးပြီမို့  စိတ်ရှုပ်မခံနိုင်။ ထို့ကြောင့် သူ့ ဆွေမျိုးသားချင်း မိတ်ဆွေအချို့ ဆုံးသွားကြခြင်းကို အသိမပေးခဲ့။ သို့သော် သူမြေး အငယ်ဆုံးမလေး မရှိတော့ခြင်းကို ဘယ်လိုများပြောကြလိမ့်မလဲ။ဒါတော့ကြာကြာလိမ်လို့မရပါဘူး… သိသွားမှာပေါ့။ဘွားဘွားအိမ်မှာက သီတင်းကျွှတ်တိုင်း ဆွေမျိုးတွေဆုံကာ ကန်တော့ကြသည်။ထိုအချိန်မျိုးတွင် အငယ်ဆုံးကောင်မလေးပျောက်နေတာ သူတို့ သတိထားမိကြမှာလား။ သူတို့ တစ်ချက်တစ်ချက်တော့ သတိရမိကြလိမ့်မည်။ ဒါမှမဟုတ် ဟန်ဆောင်ကာ ဘာမှမဖြစ်သလိုနေကြလိမ့်မည်။ရင်ထဲမှာတော့ ငိုချင်စိတ်များရှိနေမှာလား။ ကျွန်မနှင့် အနေနီးစပ်သော အမသုံးယောက်နှင့် အဒေါ်အချို့ကတော့ မျက်ရည်ကျမိမည်ထင်သည်။ ထမင်းပွဲတွင် ကျွန်မကြိုက်တတ်သော ဟင်းများကို မြင်မိသည့်အချိန်မျိုး၊ဒါမှမဟုတ် ရေခဲမုန့်စားကြတဲ့ အချိန်မျိုးပေါ့။

 

ကျွန်မမိသားစု ဆွေမျိုးများပြီးလျှင် ကျွန်မရှိ၊မရှိ ၏ ခြားနားချက်ကို အများဆုံးခံစားမိမည့်သူများမှာ ကျွန်မ၏ ချစ်လှစွာသော သူငယ်ချင်းများဖြစ်ပါသည်။ကျွန်မတို့ တစ်လတစ်ခါဆုံနေကြ တွေ့ဆုံပွဲလေးတွင် ကျွန်မ မရှိတော့သောအခါ ကျွန်မကိုသူတို့ (သေချာပေါက် )သတိရနေကြပါလိမ့်မည်။သူငယ်ချင်းတွေဆုံတိုင်း ကျွန်မနဲ့ ဖြစ်ခဲ့တဲ့ အမှတ်တမဲ့လေးတွေက သူတို့အတွက် အမှတ်တရဖြစ်ကျန်နေခဲ့မှာလား။ဒါမှမဟုတ် သူတို့ကျွန်မကို (ရက်စက်စွာနဲ့ပဲ) လွယ်လွယ်မေ့ပြစ်လိုက်ကြမှာလား။ဒါပေမဲ့ ကျွန်မကိုသိပ်ချစ်သော၊ ကျွန်မသိပ်ချစ်သော သူငယ်ချင်းမလေးတစ်ဦးကတော့ ကျွန်မကိုမေ့လိမ့်မည်မဟုတ်ဟုထင်သည်။ကျွန်မ မရှိတော့သော ကျွန်မအိမ်ကို ယောင်ယမ်းပြီး ဖုန်းဆက်လိမ့်ဦးမှာလား။ဒါမှမဟုတ် ညကြီးသန်းခေါင် ထဆက်တတ်သည့် ကျွန်မ ဖုန်းကိုပဲ မျှော်နေမလား…။ကျွန်မဖုန်းမကိုင်လျှင် စိတ်ပူတတ်သော ထိုသူငယ်ချင်းမလေးသည် ကျွန်မ ဘယ်တော့မှ ဖုန်းမကိုင်တော့ကြောင်းသိလျှင် သူ ငိုနေလိမ့်မည်။ သူ ကျွန်မလို ချစ်သော သူငယ်ချင်းနောက်တစ်ယောက်မရခင်ထိပေါ့လေ။ ကျွန်မသူငယ်ချင်းများနှင့် ကျွန်မ တွဲရိုက်ထားသော ဓါတ်ပုံများကိုမြင်လျှင် သူတို့ ကျွန်မကို သတိရကြမှာလား ဒါမှမဟုတ် သဘာဝလွန်ဖြစ်ရပ်တွေကိုကြောက်၍ ကျွန်မပေးထားသော လက်ဆောင်တွေ ကျွန်မနှင့်ပတ်သတ်သော အမှတ်တရတွေကို သူတို့ ဘ၀ထဲက ဖျောက်ပြစ်ကြမှာလား။ ကျွန်မ၏ သူငယ်ချင်းမလေးတစ်ယောက်က ထိုကိစ္စမျိုးကို အယုံအကြည်ရှိပါသည်။ သို့သော် ဘန်နီဖြိုး၏ သီချင်းများကိုကြားတိုင်း၊သူငယ်ချင်းများဆုံမိတိုင်းတွင်တော့ တစ်ခါတစ်ရံ အူကြောင်ကြောင်အတွေးများတွေး၍ အူကြောင်ကြောင်စကားများပြောတတ်သော သူတို့၏ သူငယ်ချင်းလေးတစ်ယောက်မရှိတော့ကြောင်းသတိပြုမိပေလိမ့်မည်။

 

ထိုသူငယ်ချင်းများလောက်မခင်သောသူများနှင့် အွန်လိုင်းပေါ်မှသိသောသူငယ်ချင်းများကတော့ ကျွန်မ မရှိတော့ချင်းကို နောက်ဆုံးမှ သိရပေလိမ့်မည်။တချို့ အတော်ခင်သော အွန်လိုင်းပေါ်မှ အကိုအချို့ကတော့ ကျွန်မ အလာကို မျှော်နေကြလိမ့်မည်။ အွန်လိုင်းပေါ်တွင် ကျွန်မအား ရင်ဖွင့်လေ့ရှိသော အကိုတစ်ချို့တစ်လေကတော့ ကျွန်မ မရှိလျှင် ဘယ်သူ့ကိုများ သူ့ခံစားချက်တွေ ပြောပြမှာပါလိမ့်။သူတို့ ကျွန်မကို မတွေ့ရတာ ကြာလာသောအခါ block လုပ်ထားသလားဟုတွေးမည်။ သို့သော် ကြာတော့လဲ သူတို့ မေ့သွားကြမှာပါ။ သူတို့ကတော့ ငိုလိမ့်မည်မဟုတ်။ သေခြင်းတရား၏ဆန်းကြယ်ပုံကိုတော့ တွေးမိကောင်းတွေးမိနိုင်သည်။ အင်း ကျွန်မကို ချစ်သော အကို များကရော… သူတို့ ကိုတော့ ကျွန်မ အမက ပြောပြလိမ့်မည်ထင်ပါ့။ သူတို့လဲ ကျွန်မကို တစ်ခါတစ်ခါတော့ သတိရကြမှာပါ။ ကျွန်မ အကြောင်းတွေ တွေးမိရင် သူတို့ မျက်ရည်ကျ ကြမှာလား။ကျွန်မ မသိပါ။ တိုက်ဆိုင်မှုများ ရှိခဲ့၇င်တော့ သူတို့ သတိရကောင်းရနေလိမ့်မည်။သို့သော် သူတို့ အတွက်တော့ ညီမတစ်ယောက် ပျောက်သွားသည်ထက် ပိုမည်မဟုတ်ပါ။ ကျွန်မရှိနေသော အချိန်များတွင်လည်း သူတို့နှင့် အချိန်များများ တွေ့ဖြစ်သည်မဟုတ်။ ဖုန်းလောက်သာ ဆက်ဖြစ်တတ်ခြင်းဖြစ်သည်။ ဒါပေမဲ့ တအားချစ်သော အကိုအချို့ရှိပါသည်။သူတို့ကတော့ ကျွန်မ သေဆုံးသွားခြင်းကို ခံစားကောင်းခံစားနေနိုင်သည်။

 

ကျွန်မ၏ တစ်ယောက်သောသူကရော…ကျွန်မ မရှိတော့ကြောင်းသူသိလျှင် ဘယ်လိုများနေမှာပါလိမ့်။ သူ့ကို ဘယ်သူကများပြောပြမှာပါလိမ့်။သူကတော့ ဆက်နေကြအတိုင်း အိမ်ကိုဖုန်းဆက်လိမ့်မည်။ ထိုအချိန်မျိုးတွင် မေမေက ပြောပြလိုက်မှာလား။သူဝမ်းနည်းသွားလိမ့်မည်ထင်သည်။သူစိတ်ညစ်လျှင်လုပ်တတ်သည့်အတိုင်း ဆေးလိပ်ကို အဆက်မပြတ်သောက်နေမှာလား။ သူ့ဘေးမှာ ကျွန်မ မှ မရှိတာကွယ် သူ့ကို ဆေးလိပ်လျှော့သောက်ဖို့ ဘယ်သူက အမြဲ သတိပေးနေမှာလဲ။ သူနှင့်ကျွန်မတွင် အမှတ်တရများများစားစားမရှိပါ။ သို့သော် အမှတ်တမဲ့များစွာရှိပါ၏။ သူ ဆေးလိပ်တွေတအားသောက်တိုင်း၊ ကျွန်မကျောင်းရှေ့ကို အမှတ်တမဲ့ရောက်လာမိတိုင်း အဲ့လိုအချိန်မျိုးတွင် သူ ကျွန်မကို လွမ်းဆွတ်နေနိုင်သည်။ပြီးတော့ သူ့ဆံပင်တွေရှည်လာလျှင်လည်းသူကျွန်မကို သတိရနေလိမ့်မည်။အဓိပတိ အနီကို မတော်တဆ စီးဖြစ်လျှင် … ကမ္ဘာအေးသို့ရောက်ဖြစ်လျှင် … ကန်တော်ကြီး … အင်းလျားကန်ဘောင် … ထို့နောက် .. ကျွန်မတို့၏ဆင်တူလက်စွပ်လေး … အင်း…ပြီးတော့ ကျွန်မ သူ့ကို ပြောလေ့ရှိတဲ့ စကားတွေ ဒါတွေကို သူ သတိရနေနိုင်သည်။ ဒါပေမဲ့ ဒါလဲ ခဏပါကွယ် ကြာလာရင်တော့ သူလဲ နေတတ်သွားမှာပေါ့။

ခဏပါကွယ်……ကြာလာရင်သူတို့အားလုံး နေတတ်သွားမှာပါ။မေ့သွားရုံပါ….။

(၂၀၀၉ လောက်တုန်းက ရေးဖြစ်ထားတာထင်တယ် … ဆယ်တန်းဖြေပြီးခါစ … ဘာရယ်မဟုတ် စိတ်ကူးတည့်ရာလေး ရေးထားကြည့်တာ .. ^_^ )

In: Others Posted By: Date: Oct 18, 2011
Comment #1

စိတ်ကူးတဲ့ရာလေးကို
စိတ်ကူးတဲ့စွာနဲ့ဖတ်နေပါတယ်
ဆေးလိပ်မသောက်ဖို့လဲသွားပြောပေးပါ့မယ်(စတာနော်)

commentinfo By: jasmine at Oct 18, 2011
Comment #2

nice story…
i hate the guys who r smoking & drinking.

commentinfo By: ei lay at Nov 11, 2011
Comment #3

😀 … ကျေးဇူးတင်ပါတယ်နော့ .. အားပေးကြတာ … 😀

commentinfo By: Nge Lay at Nov 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment