Professional Authors

ကံဆိုးကောင် (မင်းခိုက်စိုးစန်)

သည့်ထက်ပိုပြီးမှောင်စရာ…
ဘာကျန်သေးလို့လဲ
လျှပ်စီးတွေ လက်လက်ပြနေတာကိုပဲ
ယုံကြည်ပစ်လိုက်ရတော့မယ်…။

ကောင်…မ…လေး…ရေ…
စပယ်တွေ တဝုန်းဝုန်း ရွာချခဲ့တာတောင်မှ
ငါဆိုတဲ့ကောင်က
ရနံ့ တစ်ခုတစ်လေတောင်
စိုစွတ်ခွင့် မရပါဘူး။

စိတ်ကူးတွေ အအေးပတ်တာပဲ
အဖတ်တင်တော့ရဲ့…
အရောင်းပြခန်းတစ်ခုရဲ့ နံရံမှာ
ကိုယ့်ကိုကိုယ် ချိတ်ဆွဲပြသထားတာလည်း
၂၆ နှစ်သာ ကြာသွားတယ်
တစ်ခါမှ ဈေးကောင်းပေးဝယ်တာ မခံရပါဘူး။

အခုတော့ … ဟောဒီ ကောင်မလေးကိုပဲ
ကျေးဇူးတွေ တင်ပစ်လိုက်ရတော့မယ်…
ဝယ်သူမရှိတဲ့ ငါ့ကို
နံရံပေါ်က ဖြုတ်ချ ခိုးယူသွားလို့…

ငါ့ရဲ့ မွတ်သိပ်ခြင်းတွေကို သယ်ပိုးသွားတဲ့
ချစ်လှစွာသော သူခိုးမလေးရေ…
ပေးပါ… ပေးခဲ့ပါ…

ငါ့ရဲ့ လက်နက်ချခွင့်ကို
သနားသဖြင့် ပေးခဲ့ပါ။

ငါ့ရဲ့ အမည်နာမ မရှိတဲ့အဖြစ်နဲ့
မင်းစတိုခန်းရဲ့ ထောင့်ကျဉ်းမှာ
ဟောင်းဟောင်းမြင်းမြင်း လွှင့်ပစ်ခံထားရာက
တရားဝင် သေဆုံးခွင့် ပေးပါ။

ဝေးကွာပြီ ဆိုမှတော့
ငါ့ တနင်္ဂနွေကို ငါ ဖန်ဆင်း
တစ်နေ့ခင်းလုံးပဲ အိပ်ပစ်လိုက်တော့မယ်။

အဲဒါပါပဲ… ကောင်မလေးရယ်
သည့်ထက်ပိုပြီး မှောင်စရာ
ဘာကျန်သေးလို့လဲ !!!

မတန်ပါဘူးကွယ်…
အဲဒီ…ကံကြမ္မာဆိုတဲ့ တစ္ဆေတစ်ကောင်က
(ငါ့ကို) သေအောင်ပဲ ခြောက်လှန့်နေရော့တယ်…။

မင်းခိုက်စိုးစန်

Comment #1

(တောက်…)
ရက်ရက်စက်စက်…
အချက်ကျကျနဲ့ 
ထောင့်စိစိ
သေဒါဏ်ပေးသွားလိုက်တာ
လှရက်လွန်းပါတယ်
ဆရာမင်းခိုက်စိုးစန်ရယ်…

ကျွန်တော်လည်းအဲလိုတွေ ဘယ်တောမှရေးတတ်မယ်မသိ…

commentinfo By: Mickey at Aug 28, 2010
Comment #2

ဟုတ်ပါ့ဗျာ…ကျွန်တော်လည်း ဘယ်တော့မှရေးတတ်မယ်မသိပါဘူး..

commentinfo By: thelkothel at Dec 17, 2010
Comment #3

“စပယ်တွေ တဝုန်းဝုန်း ရွာချခဲ့တာတောင်မှ
ငါဆိုတဲ့ကောင်က
ရနံ့ တစ်ခုတစ်လေတောင်
စိုစွတ်ခွင့် မရပါဘူး။”

အဲဒါဆရာသစ္စာနီကဗျာမဟုတ်ဘူးလား?????

commentinfo By: Ye Gyi at Aug 16, 2012
Comment #4

ဝေးကွာပြီဆိုမှတော့
ကိုယ့်တနင်္ဂနွေ ကိုယ်ဖန်ဆင်း
တနေ့ ခင်းလုံးအိပ်ပစ်လိုက်တော့မယ်

တိုက်ဆိုင်ရသောနာကျင်မှုများဖြင့်

commentinfo By: အသဲကွဲ မိုး at Feb 18, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment