Professional Authors

အဲဒါမတော်တဆ

ဒီမယ်ငါ့ကောင်ရ
ဒါဟာအသေအချာအစီအစဉ်တကျကို
မတော်တဆဖြစ်မှုတစ်ခုပဲ
အရောင်တွေမှာအသံရှိတယ်
အသံတွေမှာအရောင်ရှိတယ်
မျက်စိရှိတိုင်းမကြားရဘူး
နားရှိတိုင်းလဲမမြင်ရဘူး
ငါ့ပန်းချီကားကို
နားနဲ့ကြည့်ပြီးမျက်စိနဲ့နားထောင်
ဒါဟာပန်းချီရှုထောင့်မဟုတ်ဘူး

ဒီမယ်ငါ့ကောင်ရ
ဒါဟာအသေအချာအစီအစဉ်တကျကို
မတော်တဆဖြစ်မှုတစ်ခုပဲ
သုခဘုံနဲ့ဒုက္ခဘုံထဲမှာလူရှိတယ်
လူထဲမှာ
သုခဘုံနဲ့ဒုက္ခဘုံရှိတယ်
မျက်စိရှိတိုင်းမကြားရဘူး
နားရှိတိုင်းလဲမမြင်ရဘူး
ငါ့စကားကို
နားနဲ့ကြည့်ပြီးမျက်စိနဲ့နားထောင်
ဒါဟာဘာသာရေးရှုထောင့်မဟုတ်ဘူး

မင်းသိထားဖို့က
သီအိုရီတိုင်းမှာရလာဒ်ကောင်းရှိတယ်
ရလာဒ်ကောင်းမှန်သမျှသီအိုရီအတိုင်းဖြစ်ခဲ့တာမဟုတ်
ဖလင်းမင်းရဲ့မှိုတွေက မတော်တဆမဟုတ်
မတော်တဆတွေကမှိုတွေပေါက်ခဲ့တယ်

မင်းနားမလည်ဘူးလား
သင်ယူလိုက်လေ့လာလိုက်ပါ
မင်းနားလည်သွားပြီလား
အဲဒါအားလုံးမေ့ပစ်လိုက်ပါ
ဆုပ်ကိုင်ဖို့ထက်လွှတ်ချဖို့ခက်တာသိပြီလား
မေ့လို့ရမှအသစ်စနိုင်မယ်
ဒါဆိုဘာလို့သင်ကြားနေသေးလဲ
အဲဒီလိုမေ့ပစ်ဖို့ပေါ့ကွာဟုတ်ပြီလား
မသိပဲရမ်းလုပ်မလား
လုပ်ကြည့်လေ
မင်းရဲ့ပရမ်းပတာလုပ်နိုင်စွမ်းဟာ
အကန့်အသတ်သိပ်ကိုကျဉ်းတာသိလာလိမ့်မယ်
သင်ကြားမှုမှန်သမျှတတ်မြောက်စွာလွှတ်ချ
အဲဒီတော့မှအတိုင်းအဆမရှိပရမ်းပတာလုပ်နိုင်စွမ်းရှိမယ်

အေးလေ တကယ်တော့
မင်းကိုယ်တိုင်က
အစီအစဉ်တကျမတော်တဆဖြစ်မှုတစ်ခုပဲ
မင်းဟာမင်းမဟုတ်ဘူး
ငါဟာလဲငါမဟုတ်ဘူး
ငါဟာမင်းဖြစ်တယ်
မင်းဟာလဲငါဖြစ်တယ်
အဲဒီဗလာနယ်တစ်ခုထဲမှာ
မင်းနဲ့ငါဖြစ်တယ်
အဲဒီမှာမင်းနဲ့ငါမရှိဘူး

မင်းကိုယ်မင်းဘာမှမဟုတ်မှန်းသိသွားပြီလား
ဒါဆိုမင်းဟာသိပ်ကိုဟုတ်တဲ့အကောင်ဖြစ်သွားပြီ
ကြီးကျယ်ခမ်းနားမှုကိုလွှတ်ချပစ်မှ
အဆုံးမဲ့ကြီးကျယ်ခမ်းနားသွားတာ
အဲဒါဟာကြီးကျယ်ခမ်းနားမှုတစ်ခု
အဲဒါမင်းမဟုတ်ဘူး
အဲဒါငါမဟုတ်ဘူး
အဲဒါမင်းနဲ့ငါမဟုတ်ဘူး
အဲဒီမှာမင်းရှိတယ်ငါရှိတယ်
အဲဒီမှာမင်းရောငါရောမရှိဘူး
ဟုတ်ပြီလား
တကယ်တော့
ဒါဟာအစီအစဉ်တကျမတော်တဆဖြစ်မှုတစ်ခုပဲ
နားမလည်ရင်အစကပြန်ဖတ်
ပြီးရင်လွှတ်ချပစ်လိုက်ပေါ့ကွာ။
                  
                                         လဂွန်းအိမ်

In: ကဗျာ,Others Posted By: Date: Nov 22, 2010
Comment #1

ဆုပ်ကိုင်ဖို့ထက်လွှတ်ချဖို့ခက်တာသိပြီလား
မေ့လို့ရမှအသစ်စနိုင်မယ်
ဒါဆိုဘာလို့သင်ကြားနေသေးလဲ
အဲဒီလိုမေ့ပစ်ဖို့ပေါ့ကွာဟုတ်ပြီလား

မိုက်လိုက်တာ .. အရမ်းသဘောကျမိပါသည်။

commentinfo By: sundywai at Nov 23, 2010
Comment #2

ရေးတဲ့သူနာမည်ကို
လဂွန်းအိမ် လို့ဖေါ်ပြပေးပါ
Heavenghost က C.G အတွက်ပဲလုပ်တာမို့လို့ပါ

commentinfo By: လဂွန်းအိမ် at Jan 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment