Professional Authors

“ကမ္ဘာဦးတေး”

ချစ်သူရေ

ဂီတဟာ ငါ့တောအုပ်ဆို

မပီပြင်တဲ့ တောလမ်းနံဘေး

ချောင်းရေစီးသံလေးတွေ

မင်းအလာကို အကြိုထောက်တာ

ကြားနိုင်ပါဦးမလားကွယ်


အဲ့ဒီနေ့က

တိမ်လွှာတွေပျက်သုန်း

ငိုမဆုံးကြတဲ့အခါ

တံစက်မြိတ်က ရေကျသံ

တဖြောက်ဖြောက်

ငါ့ရင်ကို လာနှောက်တယ်ကွဲ့


နားစွင့်လိုက်တော့မှ

မိုးစွေငှက်တစ်ကောင်ရဲ့တေးသွား

သစ်ကိုင်းထက်မှာ ခိုနားလို့

သံစုံမြည်ကြွေးနေတာ

“ကမ္ဘာဦးတေး” တဲ့လေ


ခုများတော့ ချစ်သူရေ

ကိုယ်ထဲက တေးသွားကို

ဦးနှောက်ရဲ့သိခြင်းနဲ့ပေါင်းစပ်

သဘာဝရောင်ပြန်ဟပ်ရင်း

ငှက်တစ်ကောင်လိုတွေးမှတ်

ငါလည်းတေးဆိုတတ်လာခဲ့ပြီ


အစကတော့

သံစဉ်တေးသွားမပါ

အရေးအသားဗလာနဲ့

ပါးစပ်ဂီတဟာ ငါ့ “ချစ်ခြင်းအစ”

ပျော်ရွှင်မှုက ရတယ်ဆိုလည်း

ဒါဟာ မင်းအတွက်

“ကမ္ဘာဦးတေး” ပဲပေါ့


နောက်တော့မှ ကွေကွင်း

“ငိုချင်း” တွေချလို့

ကြောက်ရွံ့တတ်ဖို့ရာ

ကံကြမ္မာဟာ ဆရာအဖြစ်နဲ့

အစောဆုံး သမိုင်းတွင်

ငါ့ရင်မှာ မှတ်တမ်းဝင်ခဲ့တယ်


ဒီလိုနဲ့ ချစ်သူ

ပျော်ရွှင်မှုပြယုဂ်ကို

မင်းအတွက် အားထုတ်ရင်း

ဖွံ့ဖြိုးမှုအားကောင်းကောင်း

အကဖက် တစ်ဖန်ပြောင်းတော့

တွဲဖက်ဖို့ဂီတ လက်ခေါက်က

ငါစခဲ့တယ်


မင်းပျော်ရွှင်အောင်

ဖြေဖျော်ချင်လွန်းတဲ့ ငါ

လက်ခုပ်ကိုတီး မြေကြီးကိုပုတ်

စည်းချက်ရယ်ညီတူ သွင်ပြောင်းယူဖို့

သစ်တုံးကိုခေါက် ကကွက်ကိုပြောင်း

ငြိမ့်ညောင်းဟန်ပန်နဲ့ အသုံးတော်ခံရင်း

နှလုံးသားကို “ဗုံ” တစ်ဖြစ်လဲ

ရင်ကွဲအောင် ငါတီးခတ်

ခရီးဆက်ဦးမယ် ချစ်သူ


ချိန်ကြာရွက်ညောင်း အာရုံတွေပြောင်းဖို့

ကကွက်ဟောင်းပျက် မထပ်ရအောင်

သံစဉ်တွက်ချိုး ဒီကျူရိုးကို

ပိုက်လိုသုံးချ လေမှုတ်ပြရင်း

နားသောတဘ၀င်

မင်းဆင်စေချင်လွန်းလို့

ငါ့အရိုးကို “ပလွေ” လုပ်

မှုတ်ပေးပါရစေ ချစ်သူ


အကယ်၍သာ

မိဿရဲ့ဆံထိပ်ဖျား

ထူးခြားစရာ ၀င့်ကြွားကြွားနဲ့

ဦးချိုပေါက်နေငြားလည်း

ချစ်ရသူ တံစိုးတွက်

လှီးဖြတ်ကာ တံပိုးလုပ်

မင်းအတွက်သာဆို

ငါပူဇော်ဦးမယ် ချစ်သူ


တီးခတ်စရာ ထွင်ထားဖို့ရာ

နှလုံးသားကို အိုးအဖြစ်မှတ်

သံယောဇဉ် ကြိုးတွေတပ်ပြီး

“တူရိယာ” တစ်လက်လိုသုံး

ဘ၀ဆုံးပါစေ ချစ်သူရေ

မင်းအတွက် သံစဉ်သာ

မြန်ပင်လာ နားဆင်လှည့်တော့

ငါ့ရင်ခွဲတော့မယ် ချစ်သူ 

 

In: ကဗျာ Posted By: Date: Nov 18, 2010
Comment #1

တီးခတ်စရာ ထွင်ထားဖို့ရာ
နှလုံးသားကို အိုးအဖြစ်မှတ်
သံယောဇဉ် ကြိုးတွေတပ်ပြီး
“တူရိယာ” တစ်လက်လိုသုံး
ဘ၀ဆုံးပါစေ ချစ်သူရေ
မင်းအတွက် သံစဉ်သာ
မြန်ပင်လာ နားဆင်လှည့်တော့
ငါ့ရင်ခွဲတော့မယ် ချစ်သူ

ကြိုက်တယ်

commentinfo By: အသဲကွဲမိုး at Nov 18, 2010
Comment #2

ကဗျာကောင်းတစ်ပုဒ်မို့ 
အားရကျေနပ်မိပါတယ်။။။။။။။။။။။။။။
ကဗျာရေးသူထက်စာရေးဆရာပိုဖြစ်သင့် တယ်လို့ လည်းယူဆမိတယ်။။။။။။။
ဒီအပိုဒ်လေးပိုကြိုက်တယ်။
အကယ်၍သာ

မိဿရဲ့ဆံထိပ်ဖျား

ထူးခြားစရာ ၀င့်ကြွားကြွားနဲ့

ဦးချိုပေါက်နေငြားလည်း

ချစ်ရသူ တံစိုးတွက်

လှီးဖြတ်ကာ တံပိုးလုပ်

မင်းအတွက်သာဆို

ငါပူဇော်ဦးမယ် ချစ်သူ

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မင်းလူန

commentinfo By: kathitni1980 at Nov 18, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment