Professional Authors

ငါ့အတွက် အဆိပ်သင့် ပုံပြင်ဟောင်း

စကား ဆိုတာဟာ
လူတစ်ယောက်ကို
ငိုကြွေးစေနိုင်တယ်
ပျော်ရွှင်စေနိုင်သတဲ့
နင် ငါ့ကို ငိုစေခဲ့တာကို ၊၊        ၊၊

ရစ်ဘီး က စွန်လို အပြီးတိုင် စွန့် သတဲ့လား
အဲဒီတည်းက ငါ့မျက်ရည်တွေ
မခမ်းခြောက်နိုင်တော့တာ
ယောက်ျားတစ်ယောက် ငိုကြွေးခြင်းဟာ
ချစ်ခြင်း စစ်မှန်သောကြောင့်ဆို
ငါ နင့်ကို တကယ်ချစ်ခဲ့တာပေါ့ ၊၊      ၊၊

တောင်စွယ်ကနေ ကွယ်ပြီးကတည်းက
အခုထိ ငါ့မနက်တွေ မလင်းဘူး
အခြွေခံရပြီးသား ကြယ်မှာ
ကောင်းကင်ထက် ပြန်စံနိုင်ဖို့ 
အခွင့်မရှိဘူးဆိုတာ ငါသိပါတယ်
သူဟာကြွေပြီးကတည်းက အလင်းမရှိနိုင်တော့ဘူး
နင် မချစ်နိုင်တော့ပေမဲ့
င့ါအတွက်တော့
ကြွေပြီးသားပန်း ဥယျာဉ်ကို တွယ်တာသလိုမျိုး
ချစ်နေတုန်းပါပဲ ၊၊          ၊၊

ဧဒင်သစ်မှာ ကမ္မည်းတင်ခွင့်မရနိုင်တော့ဘူးဆိုရင်
ငါ ဧဒင်ဟောင်းမှာ သေခွင့်ရချင်ရဲ့ 
နင် နဲ့ ငါကြားက ဖြစ်ရပ်တွေဟာ ပုံပြင်တစ်အုပ်ဆိုရင်
ငါ မာတိကာ က ပြန်စ
တစ်အုပ်လုံးကို ပြန်ဖတ်ကြည့်ချင်တယ်
နှလုံးသား နဲ့ ရေးတဲ့ ဒဏ္ဍာရီ မှာ
သွေးအစက်စက် နဲ့ 
မနေ့ တစ်နေ့ က ဖြစ်ပျက်ခဲ့သလိုမျိုး
အတိတ်တစ်နေ့ က ဒို့  ဖြစ်ရပ်တွေဟာ
ငါ့ အနာဂါတ်ကို အမှောင်ဖုံးစေတယ်
နင့် နေရာမှာ အစားထိုးဖို့ ဆိုတာဟာ
ငါ့ နှလုံးသားကို အသစ်အစားထိုးဖို့ လိုမယ်
ငါ နင့်ကို ရူးမတက် ချစ်ပါတယ်ဟာ ၊၊          ၊၊

နင် ထွက်သွားတုန်းက ငါမတားခဲ့ဘူး
နင် ပြန်လာမယ်ဆိုလဲ ငါမတားပါဘူးကွယ်
ငါဟာ နင့်အတွက် ၀င်ချည်ထွက်ချည် လုပ်နိုင်အောင်
အမြဲ အသင့်ဖွင့်ထားတဲ့ တံခါးလေး တစ်ချပ် ဆိုတာ
ဖ၀ါးနဲ့ နာလိုလဲ နာတော့
အသိအမှတ် တစ်ချက် ပြုပေးလှည့်ပါကွယ်၊၊       ၊၊

နင် နဲ့ ငါ့ အတိတ်တွေဟာ
ငါ့အတွက် လက်ရှိအချိန် ဖြစ်တယ်
အဲဒီတုန်းက ပျော်ခဲ့သမျှဟာ
ငါ့အတွက် အခု မျက်ရည် တွေ ဖြစ်တယ်
နှစ်ကိုယ်ကြားက နားလည်မှုဆိုတာ
လောလောဆယ်မှာတော့ စည်းချက်တွေလွဲနေပြီ
ငါ့ဘက်ကမှားခဲ့တာ မဟုတ်ပါဘူးကွယ်
ယုံကြည်ခြင်းတွေနဲ့ ပြောခဲ့တဲ့စကားမှာ
ငါ့ဘက်က အောက်ကျို့ ခဲ့သလောက်
နင် ဘာ့အတွက် ရိုင်းပြခဲ့သလဲ
ငါ မတွေးတတ်အောင်ပါပဲ
“ကြာတော့လဲ မေ့မှာပါ ”ဆိုတာ ငါ့အတွက်တော့မှားတယ်
တိုက်ဆိုင်နေမှ မဟုတ်ပါဘူး
အချိန်တိုင်း အတွက် လွမ်းနေတုန်းပဲ ၊၊       ၊၊

မနေချင်လို့ ထွက်သွားသူကို
ပြန်လာပါလို့ မခေါ်လိုဘူး
နင် ကျောခိုင်းထားခဲ့ပြီလို့ ဆုံးဖြတ်ပြီးရင်
နောက်ကို လုံးဝ လှည့်မကြည့်ပါနဲ့ တော့
ငါ့ မျက်ရည် နင့်ကို မတွေ့ စေချင်သလို
နင့် အပြုံးကိုလဲ ငါ ရင်မဆိုင်ဝံ့ တော့ဘူး
ကြိုးဆွဲရာ ကနေရတဲ့ ရုပ်သေးမှာ
ငြင်းဆန်နိုင်စရာ အင်အားလုံးဝ မရှိပါဘူးကွယ် ၊၊      ၊၊

နွေးထွေးစွာကြိုဆိုခဲ့သလောက်
နှုတ်ဆက်ထွက်ခွာသွားသူက အမုန်းတစ်လက်နဲ့ 
ဒီပွဲကို ရှုံးမှန်းသိလျက်နဲ့  လက်ခံမိသူ
နှစ်ယောက်စလုံးမှားခဲ့တာ ဆိုရင်တောင်
ငါ့ အမှားက ပိုပါတယ်ကွယ်
နင် အနိုင်နဲ့ ပိုင်းခဲ့တာ မဟုတ်ရပါဘူး
ငါ လုံးဝ အရှုံးပေးခဲ့တာပါ
“စစ်မရောက်ခင် မြှားကုန်နေခဲ့တာမဟုတ်ဘူး”
ခုခံဖို့ စိတ်ကူး နည်းနည်းလေးတောင် မရှိခဲ့တာပါ
ငါ နင့်ကို အဲဒီလောက်ထိ ရိုကျိုးမိခဲ့တာပါ ၊၊        ၊၊

အရူးတစ်ပိုင်း ဆိုတဲ့ စကားဟာ
ငါ့ကိုများ ဆိုလို ခဲ့လေသလား
ငါ့ကို မချစ်တော့တဲ့ နင့်ကို
ငါ သတိရပိုင်ခွင့်တော့ ရှိနိုင်မယ်ထင်ရဲ့ 
နင့် အတွက် အရေးမပါတော့တဲ့ ငါ့အတွက်
ငါ ခွင့်မတောင်းပဲ သတိရနေပါရစေ
ငါဟာ လက်မြောက် အရှုံးပေးခဲ့သူမဟုတ်ဘူး
ဒူးထောက် အရှုံးပေးခဲ့သူ ဖြစ်တယ် 
နင်လဲ ငါ့ကို ဘယ်တော့မှ ပြန်ချစ်လာနိုင်မှာ မဟုတ်သလို
ငါလဲ နင့်ကို ဘယ်တော့မှ ဒီအခွင့်အရေး ပြန်မတောင်းခံတော့ပါဘူး
ငါ့ အတွက် ကြိုမြင်နေရတဲ့ အဖြေဟာ
ငါသေရမဲ့ကျွင်း ငါပြန်တူးနေရတာထက် ပိုခံစားရတယ်
နင် ငါ့ကို ရစ်ဘီးက စွန်လိုစွန့် ခဲ့သလိုမျိုး
ငါက နင့်ကို မစွန့် လွတ်နိုင်တော့ ခက်တယ်
ဒါပေမဲ့
ငါ့ဘက်က
တစ်ခြမ်းစာ ရိုက်ထားတဲ့ ဖိတ်စာကို
ငါ မျက်ရည်စက်တို့ နဲ့ ဖျက်ခဲ့တယ် ၊၊        ၊၊

လမင်းဇော်

In: ကဗျာ Posted By: Date: Nov 13, 2010
Comment #1

nin phat ka ta chan sar yike htar de phate sar ko ……
nga phat ka ta chan ne paung like yin p p lay.

he,,he,,

commentinfo By: ei lay at Aug 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment