Professional Authors

ကဗျာဆရာနဲ့စမ်းချောင်းကလေး (ပိုင်စိုးဝေ)

စမ်းချောင်းကလေးရဲ့နံဘေး
ငါလမ်းလျှောက်ခဲ့
လောလောလတ်လတ် ရေးပြီးခါစ
ငါ့ကဗျာကို ငါပြန်ရွတ်ဖတ်
စိတ်ဇောဟုန် ပြင်းထန်မှုနဲ့
ရင်ခုန်တက်ကြွ အားရပျော်ရွှင်
အရူးတစ်ပိုင်း ရှင်သန်မှုနဲ့
ကြက်သီးဖြန်းဖြန်းထ ငါ့ကိုယ်ငါ ဂုဏ်ယူ
ငိုကြွေးမိမတတ် ငါ့ကိုယ်ငါ လေးမြတ်
ငါ့ပီတိကို ငါပြန်စားမိရဲ့။

သင် ဘယ်ကလာသလဲကွဲ့
စမ်းချောင်းကလေးရေ…
ငါဘယ်ဆီကိုသွားမယ်
သင်မသိနိုင်ဘူး။
မင်း ဘယ်ကလာလာ
ငါဘယ်ဆီကိုသွားသွား
လောကရဲ့ အဆုံးစွန်တရားဆီ
တို့ရောက်ရမှာပဲ။

အခုတော့ သည်လိုပဲပေါ့ကွယ်
အရာရာတိုင်းဟာ လွဲချော်ခဲ့ရ
ကိုယ့်နှလုံးသားဆီ ကိုယ်အရောက်ပြန်ဖို့
အလှမ်းဝေးနေရ
ပုံအောလိုက်တိုင်း အစားခံခဲ့ရပေါ့။

လျော်ကြေးအဖြစ် ငါလိုချင်တာ ငြိမ်းချမ်းရေးလား
ပေါင်မုန့် ထောပတ်သုတ်တစ်ချပ်လား
ချစ်ခြင်းမေတ္တာလား ကဗျာတစ်ပုဒ်လား
နိုဘယ်လ်ဆုလား အနမ်းတစ်ခုလား
အတိတ် အနာဂတ် ပစ္စုပ္ပန်
အစုန်အဆန်မှာ ပျော်ရွှင်လိုမှုလား။

မင်းရဲ့မွတ်သိပ်မှုဟာ ဘာတွေလဲကွဲ့
လျှပ်စစ်ဓါတ်အား တစ်ခုလို
ငြိမ်သက် တိတ်ဆိတ် အရှိန်အဟုန်ပြင်းပြင်း
စီးဆင်းခြင်းသာ မင်းရဲ့ အာဟာရဖြစ်ပါစေတော့။

ငါကတော့ ကဗျာဆရာပါကွယ်
ဟောသည် ကမ္ဘာမြေကြီးရဲ့
နာမကျန်းမှုတွေကိုသာ
ဆေးဝါးကုသပေးချင်ရဲ့။ ။

ပိုင်စိုးဝေ

In: ကဗျာ,ပိုင်စိုးဝေ Posted By: Date: Nov 10, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment