Professional Authors

VANE

သခင် ….. မြင်လှည့်ပါတော့ …..ကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ မချစ်တတ်သော ရူပါရုံတွေ ကလေး တစ်ယောက်ရဲ့ ကောင်းကင်မှာ ပိန်းပိတ်အောင် အမှောင်ကျခိုက် …. အေးစိမ့်သော ပတ်ဝန်းကျင်က ခြောက်ခြားမှုနဲ့ အကြောက်တရားကို လက်ယပ်ခေါ် ….. အားအင်ချိနဲ့သော ခြေဖ၀ါးနှစ်ဖက် နာကြင်လေးကွေးလျှက် ….. ဇောချွေးတွေကြားက တကြုတ်ကြုတ်နဲ့ အချက်ပေးနေတဲ့ အစာအိမ်ကို မမှုအားဘဲ သခင့်ထံ လမ်းပြမပါ အားကိုးတကြီး အရောက်လာခဲ့ပါတယ် ….. ညှိုးနွမ်းဖျော့တော့ မျက်ဝန်းအသော့မှာ မျက်ရည်ပူစီးကြောင်း နှစ်ခုကြားက ခိုစီးတွယ်ကပ်လာတဲ့ ရှိုက်သံသဲ့သဲ့လေးကို နားဆင်တော်မူပေးလှည့်ပါ ….. သခင် …. ကလေးတို့ဘ၀ လောကအလယ် ကျောချမယ်ဆိုတဲ့ စိတ်အစဉ်မှ အကောင်အထည် မပေါ်နိုင်သေး ….. သားကောင်းအမိ စိတ်ဓာတ်တွေ ကျဆုံးခန်းဝင်နေတဲ့ လျှပ်ပေါ်လော်လီမှု တွေနောက်က တိတ်တဆိတ် လူသတ်သမားတွေကလည်း ဒုနဲ့ဒေးပါ သခင် …. မာတာမိခင် ၀မ်းတွင်းကတည်းက ၀ိသမ လောဘသားတွေရဲ့ လက်ချက်နဲ့မကင်း ….. အရိုးမပါသော အရာတစ်ခု ကောင်းစားဖို့အတွက် ဆေးဖက်ဝင်ဘ၀နဲ့ ကလေးတို့ ဈေးကွက်ဝင်ခဲ့ရပါပြီ ….. နောက်ဆုံးပေါ် ထုတ်ကုန်တွေကြား ရေပန်းစားနေတဲ့ စည်သွပ်ဘူးဘ၀လေးကို အမြတ်ယူကုန်သွယ် ကြီးပွားနေကြပါပြီ ….. စားရက်လေသူ လူ့ဘီလူးတွေအတွက် ဇာတ်တူစီးပွားရှာ ….. သားသမီးမှ မစာနာတတ်တဲ့ “မြေမနင်းသား ဟင်းလျာချစ်သူ” တွေပါ သခင် ….. အဲ့ဒီ တံတိုင်းကျော်လို့ မိသားစုရင်ခွင် ရောက်ပြန်တော့ အေးငြိမ်းမယ်မှ မကြံသေး …. ကြပ်တည်းတဲ့ စီးပွားရေးကလမ်းပြမလား …. ဘ၀တစ်ဆစ်ချိုး အလှည့်အပြောင်းတွေက တစ်စခန်းထမလား ….. ဒီလိုအခက်အခဲတွေ ခပ်ကြမ်းကြမ်းနဲ့ တို့ထိခံရပြန်တဲ့အခါ လျစ်လျူရှုခံ အားကိုးရာမဲ့ ကလေးဘ၀ သူများပြုသမျှ နုရပါပြီ သခင် ….. အုပ်ထိန်းမိဘ မဲ့ကြပြန်တော့ ဆွေနီးမျိုးစပ် အားကိုးမှတ်မှ ခိုးယူရောင်းချ နှိပ်စက်ခံရတဲ့ဘ၀ …. မသိနားမလည်မှုအပေါ် အမြတ်ထုတ်မလား ….. လုပ်အားကိုပဲ ခေါင်းပုံဖြတ်မလား …. အသွေးအသားကိုမှ ရောင်းကုန်မှတ်မလား …. ကုန်သွယ်ဖို့အတွက် ကလေးဆိုတဲ့ အဖြုထည် သဘာဝကို အရောင်ဆိုး အညှီအဟောက် ဖျော်ဖြေဖို့အသုံးချ ….. နောက်ဆုံးပေါ် ဈေးကွက်စီးပွားရေးက “ခရီးသွားပြည့်တန်ဆာ” တဲ့ သခင် ….. ငယ်လေ ကြိုက်လေ ဈေးကောင်းလေ ….. ကြားရတာ ကျောချမ်းပြီး မသတီစရာ ကောင်းလိုက်ပါဘိတော့ ….. ကမ္ဘာလှည့် သားကောင်ရှာသူများအကြိုက် အညှီအဟောက် စီးပွားရေးကမှ အချမ်းသာဆုံးတဲ့ သခင် ….. ကလေးငယ် ရှိုက်သံကို နားငြောင်းလှည့်ပါတော့ ….. ဆင်းရဲနွမ်းပါးမှုနဲ့ စခန်းသွားနေရတဲ့ အဖူးအငုံ ဘ၀လေးတွေ နေ၀င်ရှာကြပါပြီ ….. ရောဂါဘယ ကာလနာအကြောင်းစုံ ၊ သဘာဝ ဘေးအန္တရာယ် အမျိုးစုံ၊ အငတ်ဘေး အပေါင်းကြုံလို့ လောကစစ်မီး တောင်လောက်ဟီးတိုင်း ဓါးစာခံဘ၀ ဖြစ်ကြရပါပြီ …. အိုးအိမ်မဲ့ကင်း လေလွင့်ခြင်းနဲ့ အလေ့ကျဘ၀တွေ ရောက်ကြပါပြီ …. စားသောက်မဲ့ကင်း အာဟာရပြည့်ခြင်းနဲ့ အလှမ်းအတော်ကွာ ဝေးလာကြပါပြီ ….. အားနည်းချို့တဲ့မှုများအတွက် အစွမ်းထက် လက်နက်တွေရဲ့ သားကောင်အဖြစ် အကြမ်းဖက် ခံနေကြရပါပြီ …. သွေးနီးယူမှတ် မိဘပျက်တွေရဲ့ အိမ်တွင်း အကြမ်းဖက်မှု တွေကြားမှာ သနားစရာလွဲမှားစွာ ပြုမူဆက်ဆံခြင်းအပေါင်း တွေ့ကြုံခံစား နေရပါပြီ …. နုနယ်တဲ့ ဘ၀လေးကို ပညာမဲ့ကင်း ယုတ်နိမ့်ခြင်းတွေက ကြီးစိုးလွှမ်းမိုး ရိုက်ချိုးနေကြပါပြီ …… ရုပ်ပိုင်း စိတ်ပိုင်း ဒဏ်ရာဒဏ်ချက်တွေ ဘ၀တစ်ခုစာ ပြည့်နှက်နေကြပါပြီ …. သခင် ….. ဒီဒုက္ခနွံတောက ဖယ်ယူကယ်မ ဖေးမလှည့်ပါ … သခင်ရဲ့ ကောင်းကြီးမင်္ဂလာ …. အမွေ …. ဆုကျေးဇူးဖြစ်တဲ့ ကလေးတွေဟာ သက်ကြီးရွယ်အို တို့အတွက် သရဖူပဲ မဟုတ်ပါလား သခင် …. သခင့်ပဋိညာဉ်မှာ ကလေးအသက်တာ အဆင်းမြတ်ဖို့ ၀င်းလက်တဲ့ အသွေးတော်နဲ့ရွေးနုတ် …. ရှိုက်သံကို တိတ်စေတော်မူလျှက် အာမေဂေဒုန် အရပ်သို့ မနှေးအမြန်သာ လမ်းပြတော်မူပေးလှည့်ပါ မေတ္တာအရှင် ထာဝရသခင်ရယ် …..

In: ကဗျာ Posted By: Date: Nov 3, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment