အသစ်တွေလိုချင်လို့ ( ကဗျာ) – နရီထက်
ငါ ငယ်ငယ်က ချစ်စရာ ဖိနပ်အသစ်တွေ့တိုင်း
ငါ စီးနေကြ ဖိနပ်သဲကြိုးတွေကို
ဘရိတ်ဓါးနှင့် ဖြတ်ခဲ့တယ်
အဖေက ဖိနပ်အသစ်ကလေးတစ်ရံ ၀ယ်ပေးတိုင်
ပျော်ရွှင်စရာလေးတွေ ဖြစ်ခဲ့တယ်။
ငါ ရေးနေကျ ရိုးရိုးခဲတံ မလိုချင်တဲ့အခါတိုင်း
ရိုက်ချိုးပစ်ခဲ့တယ်
မတော်တဆ ကျိုးသွားတယ်လို့ 
အမေကို ပြောနေကျ
ခွေးတံဆိပ်ခဲတံသာ အကောင်းဆုံး
အမေက အမြဲ ၀ယ်ပေးနေကျဖြစ်ခဲ့တယ်။
ကွန်ပါဘူး အသစ်ဒီဇိုင်းလှလှတွေ မြင်တိုင်း
ငါ လိုချင်တပ်မက်ခဲ့တယ်
ငါ သုံးနေကျ ကွန်ပါဘူးတွေကို
ခုံစောင်းနှင့် ရိုက်ချိုး ထုချေခဲ့တယ်
ကွန်ပါဘူး အသစ်တွေ လိုချင်ခဲ့လို့. . .။
ငါရဲ့ဘ၀ အလုပ်တွေလုပ်ဖြစ်တဲ့အခါ
အလုပ်တစ်ခုကို ငြီးငွေ့တဲ့အခါ
နောက်အလုပ်တစ်ခုကို ရွှေ့လျားခဲ့တယ်
အလုပ်ပြောင်းများလာတဲ့ငါ
နာမည် အသစ်လေးတစ်ခုရခဲ့တယ်
ငါကို ROLLING STONE တဲ့
ရယ်စရာကြားက စကားလုံးတစ်ခုပါ။    
အသစ်တွေကြားမှာ အချိန်တွေကလည်း
အသစ်ဖြစ်စေခဲ့တယ်
ငါ လိုက်မမှီ မလိုချင်တဲ့ အသစ်တကာအသစ်က
အချိန်ဆိုတဲ့ အသစ်တွေပေါ့
ငါကို အဟောင်းတွေကြားမှာ
ဘေထုပ်အပုံတွေလို တောင်လိုရာလို
ပုံခဲ့မိမှာကို ငါ အကြောက်ဆုံး။
ငါတို့က အသစ်တွေလိုချင်လို့
မနက်တိုင်း မျက်နှာတွေ သစ်ခဲ့ကြတယ်မဟုတ်လား
စိတ်သစ်လူသစ်ဆိုတဲ့စကား နေ့တိုင်း
ဒီမြေမြင်မှာ သန်းနှင့်ချီပြီး လေထုကြားမှာ
ပြောနေကြ TONE, SPEECH, SPEED, လေးတွေပါ
မသစ်ဖြစ်ခဲ့တာ များတာ ငါရင်ဘတ်ထဲက
အဟောင်းစားကြီး အောက်သိုးသိုး 
အနက်စက်ရောင် အနံတွေပါ။
တစ်ခါတစ်လေမှာ ငါတို့က
အသစ်တွေ လိုချင်တိုင်
ငါတို့ကိုယ်တိုင်က အဟောင်းဖြစ်ခံနေရတာ
သတိမပြုမိခဲ့ကြဘူး မဟုတ်လား
အဟောင်းအဖြစ်ခံ အသစ်ဖြစ်ချင်နေတဲ့
တစ်ပတ်နွမ်း အသစ်သမားတွေပါ။      ။
နရီထက်
( ၀၃ ၊ နိုဝင်ဘာလ ၊ ၂၀၁၀ )

 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
  
                                            
Comment #1
တစ်ခါတစ်လေမှာ ငါတို့က
အသစ်တွေ လိုချင်တိုင်
ငါတို့ကိုယ်တိုင်က အဟောင်းဖြစ်ခံနေရတာ
သတိမပြုမိခဲ့ကြဘူး မဟုတ်လား
အဟောင်းအဖြစ်ခံ အသစ်ဖြစ်ချင်နေတဲ့
တစ်ပတ်နွမ်း အသစ်သမားတွေပါ။ ။
အဲဒီအပိုဒ်လေးကြိုက်တယ်….