Professional Authors

ဆေးဖက်ဝင်လွမ်းခြင်း

ဆယ့်သုံးလုံးမြောက် ဗျည်းအက္ခရာစဉ်နဲ့ မျက်နှာပန်းလှသူ သခင် ….. အဘယ် ရာသီကျိန်စာနဲ့များ ကျွန်မအပေါ်မှာ လွှမ်းမိုးချုပ်ကိုင် အုပ်စိုးထားရက်ပါသလဲ ….. ရောမဂဏန်း တစ်ထောင် အဓိပ္ပါယ်ဆောင်တဲ့ သခင့်လို အနုပညာပါရဂူ အတွက် စောင်းငဲ့အကြည့်တစ်ချက် လွင့်ကြွေသွားတဲ့ မျက်ရည်စက်တိုင်းမှာ ကျွန်မရဲ့ မာနနဲ့သိက္ခာတွေ ရောပြွမ်းတိုးဝှေ့ …. ပါးပြင်နုနုပေါ် စွတ်စိုပူနွေး အလုအယက်ပြေးဆင်း ….. စေ့ငုနှုတ်ခမ်းလေးကိုမှ လိပ်ပြာမကပ်တဲ့ အတွေးစတွေ လိမ်းကျံသိုလူး ခပ်ရူးရူး အဖြစ်အတွက် မျက်ရည်သောက် ပန်းနှင်းဆီတွေ သက်သေပါ သခင်ရယ် ….. ဒီလိုနဲ့ သခင်နဲ့ကျွန်မရဲ့ (Melodrama) မယ်လိုဒရာမာကို ပထမဆုံးထက် နောက်ဆုံးမြတ်ချင်ခဲ့တာ မိဿအပြစ်လို့ ဆိုသာပါဦးမလား ….. တစ်ချိန်က ပုဂ္ဂလိကဆန်ဆန် ထုံးတမ်းစဉ်လာတွေကို သွေဖယ်၊ ချစ်သူအတွက်ဆိုတဲ့ အတ္တစစ်စစ်သာ ရှေ့တန်းတင်၊ မေတ္တာတစ်ခုနဲ့ပဲ အရေးတယူပြုထားတဲ့ ကျွန်မချစ်ခြင်း ပကာသဏီဟာ ခုများတော့ သခင့်အတွက် ဆေးဖက်ဝင် ပုံပြင်တစ်ပုဒ်ပဲ ဖြစ်ခဲ့လေရော့သလား ….. သခင့်ဆီက သံယောဇဉ် ယှက်သွယ်နှီးနှော ရယူလိုဇောတွေနဲ့ တစ်ချိန်ချိန်မှာ ချီးမြှင့်လာမယ့် မညှိုးပန်းနွယ် ဦးရစ်သရဖူကို မက်မောတပ်မက် မျှော်နေတတ်သူ တစ်ယောက် ခုအချိန်ဆို ရင်ထဲမီးတောက် အဘယ့်လောက် ပူလောင်နေလိမ့်မလဲ တွေးကြည့်ဖူးပါသလား သခင် ….. တစ်ကယ်တော့ အကောင်းဆုံး သိုဝှက်ခဲ့တဲ့ အချိန်တွေကို ပုံရိပ်လွန် အိပ်မက်တစ်ခုနဲ့ အချိုးအစားကျကျ ပေါင်းစပ်ခွင့်ရဖို့ နှလုံးသား စာရွက်ဖြူထက် သင်္ကေတ သွေးတစ်စက်စီက ချင်းချင်းနီ ကိုယ်စားပြုရင်း “နှစ်ဦးသဘောတူ” ခေါင်းစဉ်အောက်မှာ ကျွန်မလည်း ပျော်ဖူးချင်ပါသေးတယ် ….. “ငါ ………. မလေးရေ” လို့ သခင့်ရဲ့ ကလူကြည်စယ် ခေါ်ပုံရယ်က ကျွန်မ နှလုံးသည်းပွတ်တွင်း ရှိုက်ဖိုပြိုဆင်း ကဗ္ဗည်းထွင်းလိုက်သလို အသွေးအသားတွေထိ အထပ်ထပ် စိမ့်ဝင်ပဲ့တင် ဟောဒီ့ရင်ထဲက တလှပ်လှပ် ရွှေဘ၀င်ကို သခင်မြင်စေချင်လိုက်တာ ….. ခုတော့ ခေါ်သံဆိတ်သုဉ်း သခင်ပုန်းနေပြီလား ….. ကျွန်မကတော့ သခင့်အလာကိုတွေး ပြတင်းအပြင်ကိုငေးတိုင်း (Lavender) ပန်းမွှေးပွင့်တွေက ခရမ်းရောင် အဆင်းနဲ့ လွမ်းအောင်သင်းပျံ့ပျံ့မို့ ကျွန်မကိုအဖော်ပြုရင်း သခင့်အလာကို အကြိုထောက် ပေးနေသလိုလို ….. သခင့်ရဲ့ သွေးခုန်နှုန်းတိုင်းကို ထိန်းချုပ်ပေးနိုင်တဲ့ (Magnolia) တတိုင်းမွှေး ပန်းရနံ့လေးအဖြစ် သခင့်ရင်မှာ ပျော်ဝင်ခွင့်ရဖို့ ကျွန်မမှာ အခွင့်ရှိနိုင်ပါဦးမလား ….. သခင်ကတော့ ကျွန်မတတိုင်း သတင်းမွှေးတဲ့ ရှင်ဘုရင်လေး တစ်ပါးအဖြစ် ရနံ့အပြစ်ကင်း ချစ်ခြင်းတလူလူနဲ့မို့ ရင်ခုန်သံကို ဆန့်ကျင်ဖီလာ ပြုစရာခဲယဉ်း အသည်းကြွင်းနဲ့ ကျွန်မက သခင့်အလာကို မဲတင်းရင်းသာ ဆက်မျှော်နေဦးမှာပါ ….. ချစ်သူ …..

In: ကဗျာ Posted By: Date: Nov 1, 2010
Comment #1

ဒီကဗျာပုံစံလေးကြိုက်ပါတယ်ဗျာ…….ရာဘင်ဒြာနတ်တဂိုးပုံစံလေးနဲ့ ဆင်ဆင်တူတယ်….
အရမ်းကြိုက်ပါတယ်ခင်ဗျာ……..

commentinfo By: moehtetaung18 at Nov 1, 2010
Comment #2

အစ်မရဲ့ကဗျာလေးတွေကဗျာဖတ်ရတာနဲ့မတူဘူး ၀တ္ထုဖတ်နေရသလားတောင်ထင်ရတယ်။ အို ဆိုတဲ့ကဗျာလေးေ၇းတုန်းကလည်းကြိုက်တယ်။ အားပေးနေလျက်……….

commentinfo By: moezat at Nov 2, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment