Professional Authors

နတ်ပျိုမသီတဲ့ ခရမ်းနုရောင်ပတ်ပျိုး

                                   နတ်ပျိုမသီတဲ့ ခရမ်းနုရောင်ပတ်ပျိုး

အိပ်မက်သီတဲ့ ညတွေ
တရေးနိုး ခြောက်လှန့်နေတုန်းကပေါ့ ….

ပန်းလွင်သောက်တဲ့
ခပ်ရိုးရိုးပုံပြင်မှာ
သတိရခြင်းမရှိပါပဲ
ငါ ….. အရိပ်လို နေတတ်ခဲ့တယ် ။

ဆက်ပြီးပျိုးလှည့်ပါ သခင် …..
လင်းဖျော့စိုတောက်အောင်
မိုးစက်မပါတဲ့ ရာသီဂီတကို
နှစ်နှစ်ခြိုက်ခြိုက် အော်ဆိုလိုက်ချင်ရဲ့ ။

“ သံစဉ်ကို ဘ၀လိုတောက်
ဟိုး အောက်ဆုံးက ခြေရာကို
နောက်ဘက်ပြန်လှည့်
နင် ….. ပျိုးပါ …..
နင် ….. ပျိုးပါ …..
ပျိုးလှည့်ပါ သခင် …..

ဒီသစ်တော့ထဲ နက်သထက်နက်
ငွား … စွင့် … စွင့် … ၀င့် … ၀ဲ … ၀ဲ …
ကိုယ့်လက်ဖျားတွေ တုန်ရီ
ပျိုးရာသီမှာ လရောင်တောင် ကန်းမှိတ်
သီစရာပတ်ပျိုးတစ်ခုတည်းနဲ့
“ နတ်ပျိုမ ” ကောင်းကင်အတွက်
မီးတောက်ဖြင့် သီသောငှက် ဖြစ်ရစေ ။

ပူရှမှုကို တစ်စထက်ပိုခိုရင်း
လင်းရုံ တောက်ရုံထက်
အတိတ်ကို အုပ်ပိုးရင်း နင်ရယ်သွမ်းသွေးဖို့
တိုးတိုးပြပြနဲ့
အားလုံးသော အပွင့်အလန်းတို့ကို
ပျိုး … ရင့် … ခြယ် … သ …

လိုရာအံဝှက်ထဲ ၀ပ်တွားခိုရှဖို့
ဖြူလွလွနဲ့ ဘောင်ကွပ်ထဲနေ
….. ….. မရုန်းပဲနေပေးခဲ့တယ် ။

ဖြူလွင့်လွင့် ခြွေချပေးဖူးခဲ့တဲ့
နှုတ်မွက်ချိုသီတံ ကြမ်းရှရှ
ဆူးသွပ်တဲ့ ညနေခင်းတိုင်းမှာ
သွင်ပြင်ကို မဆုတ်နစ်ပဲ
ဝတ်ရုံအောက်က “ခိုး“
ပျိုး ….. သံ ….. တွေ …..
မိုးရေ၀ပ်တဲ့ ပျိုးသံတွေ
ဝေ … ၀ဲ့ … သီ … ထုံ … ရစ် …
ခေတ်တို့တိုင်း ကြွေကျမှုန်ခဲ့ရတယ် ။

နတ်ပျိုမ ….. ရေ
ဘာသာဗေဒမဲ့စွာဖြင့် ကျိုးနွံခဲ့ပါသည် ။
ကြယ်တာရာအပေါင်း ခညောင်း၍ ၀ပ်တွားခဲ့ပါသည် ။
ငါ့ရဲ့  အဆိပ်သင့် နေတစ်ခြမ်း
ခဏတဖြုတ် လင်းတောက်ပါရစေ ။
မျက်စိတမှိတ် ကျွမ်းလောင်ပါရစေ ။

ရောင်စုံသက်တံ့ကို မျှော်ဖို့
တိမ်ရိုင်းတွေပေါ် မိုးစက်အနားဖွာပေးခဲ့ရတယ် ။
သို့ပေမယ့်လည်း ….. …..
နေခြည်တွေ ….. နေခြည်တွေလေ
ငါ့ရဲ့  မျက်စိတဆုံးထိ ပုန်းကွယ်နေတယ် ။

ခါးသက်ချိုရှတဲ့ နိမိတ်စိမ်းတွေ
ဝေ …. သီ …. ထစ် …. ချုန်း ….
ကြမ်းရှရှ အိပ်မက်အိုတွေ ၀န်းရံတဲ့
ခရမ်းနုရောင်ပတ်ပျိုးကိုပဲ
ခပ်တိုးတိုး ကျူးရင့်ပါရစေ ။

ညီစိမ်း

In: ကဗျာ Posted By: Date: Oct 17, 2010
Comment #1

နှစ်သက်မိစွာဖြင့်

commentinfo By: အသဲကွဲ မိုး at Mar 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment