Professional Authors

အရင်းနှီးပေါင်းများစွာ. . . – နရီထက်

ကံကို ယုံလို့ ဆူးပုံ နင်းခဲ့ကြတာမဟုတ်
ဝီရိယကို ရင်းလို့ ပေးဆပ်ခဲ့တယ်ဆိုဆို
တိုးတက်မှုကို နောက်လိုက်နေတယ်ပြောပြော
အမြတ်တွေ ရင်ထဲမှာ သိမ်းထားချင်တယ် ယုံယုံ
နောက်ဆုံးတော့ အသပြာထုပ်ကို
ရင်းလို့ မပြီးသေး
ခွန်အားနှင့် အချိန်တွေပါ ပူးတွဲ ပေးလိုက်တယ်
ငါ ပိုင်ဆိုင်ထားတဲ့ ဘ၀ထဲက. . .

သူဌေးဖြစ်မယ်ကြံကာတွေး
ရယ်ဒီမိတ် အိမ်မက်တွေ
မလိုင်လို အိုင်းချွဲ
ထောပတ်ဆီလူးထားတယ် ထင်
တကယ့်တမ်းတော့
လက်ဆေးစရာ ရေခွက်တောင်
မရှိခဲ့ဘူး. . .

ထီထိုးတဲ့ ပွဲ. . .
ရင်းပြီးမှ ထိုးခဲ့ကြတယ်
တစ်ချို့က နှစ်သိမ့်ဆု
တစ်ချို့က အလွဲအတေ
တစ်ချို့က အပိုင်အနိုင်ပေါ့
တစ်ချို့က လက်လျှော့လိုက်တယ်
တစ်ချို့က နောက်တစ်ပွဲ. . . နောက်တစ်ပွဲ
မပြီးဆုံးနိုင်သေးတဲ့ ထီထိုးတဲ့ ကံတရားပွဲ

ပေးဆပ်မှုက တစ်ချို့တစ်ဝက်ဆို
အမှန်တကယ်က အပြီးအကျေဆပ်လိုက်ကြတာ
ချစ်သူကိုလည်း လမ်းခွဲခဲ့တယ်
ခင်မင်သူကိုလည်း မေ့ပစ်ရစ်တယ်
သွေးသားရင်းချာ ဝေးကွာထားရစ်
သံယောဇဉ်တွေ ခြစားပစ်တယ်
အသောမသတ်နိုင်တဲ့ တစ်နေ့မှာ
အိမ်ပြန်လာခဲ့မယ်. . . ဆိုလိုက်သေးတယ်

ရင်းပြီးမှ ရရတယ်လို့
နောက်ပိုင်းမှ ရေတွင်းက ရေတွေ
စိမ့်ထွက်လာပြီး ထင်ထင်
သစ်ပျိုးပင်လေး အရိပ်ရပြီးတွေးတွေး
နောက်ဆုံးမှာ အားလုံးက
ငါကို ပြန်ခေါ်နေကြတယ်
သူတို့ဆီ ပြန်လာခဲ့ကြပါ. . .

နရီထက်
( ၁၆ ၊ အောက်တိုဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Oct 16, 2010
Comment #1

အရမ်းကောင်းတယ် န၇ီထက်

commentinfo By: pannei at Oct 16, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment