Professional Authors

သတ်မှတ်ချက် (သက်ထွေး)

(၁)
ဘယ်လိုလဲ
ပုခုံးနှစ်ဖက်ကြား
လက် ထွက်ပြီလား
ကိုယ့်လူ ..

အေးဗျာ …
ခင်ဗျားပြောမှ
ခေါင်းတစ်လုံးနဲ့
လက်နှစ်ဖက်ကို ကျုပ်
စမ်းကြည့်မိတယ် ။

(၂)
ဘယ်လိုလဲ
အစွယ်ထက်ဖို့
သွားချင်း ကြိတ်လို့ပါလား
ကိုယ့်လူ …

အေးဗျာ …
ကျုပ် အသွားမထက်တဲ့
သစ်သား ဓါးတစ်လက် မဖြစ်ချင်ဘူး ။

(၃)
ဘယ်လိုလဲ
သစ္စာတရားကို
ရင်ခွင်မှာပိုက်
လူမမြင်အောင် ရှိုက်လို့ပါလား
ကိုယ့်လူ …

အေးဗျာ …
ဒဏ်ရာကိုစတေး
ကဗျာတစ်ပုဒ် ရေးလို့မရမှန်း
ကျုပ်သိသွားခဲ့လို့။

(၄)
ဘယ်လိုလဲ
သံယောဇဉ်ကို
အရောင်ဆိုး
ချစ်ခြင်းတရားတွေ
မြေမှာ ပျိုးလို့ပါလား
ကိုယ့်လူ …

အေးဗျာ …
အမုန်းတရားတွေ
လေမှာ ဝဲတဲ့အခါ
မြေမှာ ကျဲခဲ့တဲ့
ကတ္တီပါဖဲပွင့်လေးတစ်ချပ်
ကျုပ်တွေ့ဖူးသွားချင်လို့ ။

(၅)
ဘယ်လိုလဲ
စိတ္တဇ ပန်းချီ
လည်မှာဆွဲပြီး
သံသရာထဲ တိုးလို့
ဝင်တော့မလို့လား
ကိုယ့်လူ …

အေးဗျာ ..
တိမ်းညွတ်မှုတွေကြားထဲ
ကွေးသွားခဲ့ဖူးတဲ့
မျဉ်းဖြောင့်တစ်ကြောင်းလို့ပဲ
ခင်ဗျား ကျုပ်ကိုသတ်မှတ်ခဲ့ပေးပါ။

သက်ထွေး
ဇန်နဝါရီလ (၈) ရက် ၂၀၀၈ ၊ ည ၁၀း၁၅

In: ကဗျာ Posted By: Date: Jun 28, 2009  
Comment #1

ဘယ်လိုလဲ
စိတ္တဇ ပန်းချီ
လည်မှာဆွဲပြီး
သံသရာထဲ တိုးလို့
ဝင်တော့မလို့လား
ကိုယ့်လူ …

အေးဗျာ ..
တိမ်းညွတ်မှုတွေကြားထဲ
ကွေးသွားခဲ့ဖူးတဲ့
မျဉ်းဖြောင့်တစ်ကြောင်းလို့ပဲ
ခင်ဗျား ကျုပ်ကိုသတ်မှတ်ခဲ့ပေးပါ။

ကောင်းတယ် bro ကောင်းတယ်.. အများကြီးပဲ..
that’s why bro, let me say bro is unique..
(:

commentinfo By: ဖြိုးဖြိုး at May 28, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment