Professional Authors

ဖူးပွင့်ခဲ့ပြီ (ပိုင်စိုးဝေ)

ထိုကာလများ၌လည်း
နေသည်အရှေ့မှထွက်၏
အနောက်ဘက်သို့ဝင်၏
ပန်းတို့သည် မွှေးကုန်၏
အခြေလေးချောင်းသတ္တဝါတို့
မြေကြီးပေါ်လေးဘက်တွား၍
ဦးခေါင်းလှည့်ရာအရပ်သို့ သွားကုန်၏။

နယူတန်ကို မမွေးဖွားမီက
ကြွေခဲ့ရသောသစ်သီးတို့အတွက
ဤမဟာ ပထဝီမြေကြီးကိုသာ
ငါ အားနာမိတော့သည်။

ပန်းပွင့်ထဲဝင်ပုန်း
လမင်းကို ဆုံးရှုံးခဲ့ရပေါ့။

ဆီးနှင်းတို့ပျော်ကျနေဆဲ
လက်ဆွဲနှုတ်ဆက်
တစ်ဝက်သောအပြုံးကိုသာ
သင်တို့အား ငါပေးဝေခဲ့။

နီတိ
ရာဇဝင်
ပုံပြင်များစွာကို ကျက်မှတ်
အသက်ရှူခြင်းအတတ်ကို သင်ယူခဲ့ပြီးပြီ
လမ်းမပေါ် တွေ့ကြတဲ့အခါ
ငါ ..ကဗျာဆရာပဲ…အေ့..
(ရယ်မောခြင်းသည်းခံပါ)

ဘဝအား
အကုသိုလ်၏ အကျိုးတရားများအဖြစ်
အဓိပ္ပာယ်ဖွင့်သောအခါ
ဝေဒနာမြစ်သည်
အဟုတ်ပြင်းစွာ စီးဆင်းခဲ့လေပြီ။

မိန်းကလေးရေ..
ပန်းရိုင်းတွေက မြေကြီးပေါ်မှာဖူးပွင့်လို့
ငှက်ကလေးတွေ
လေထဲမှာ ပျံသန်းလို့
အဝေးကြီး
ဟိုး…အဝေးကြီးကရယ်မောသံတွေ
ငါ့ရင်ထဲမှာ ဆွေးမြည့်သေဆုံးနေကြ
ဘဝတစ်ခုလုံးနဲ့တော့ မလဲနိုင်ခဲ့ဘူးကွယ်။

နှလုံးသားကို ယုံကြည်ခဲ့တယ်
ပြီးတော့…လူတွေကိုလည်း ငါချစ်ခဲ့တယ်
ဂန္တဝင်ဟန်ကို
တောင်ထိပ်ပေါ်က ခေါ်သံတစ်ခုလို
ငါ ရယ်မောပစ်ခဲ့ပေါ့ ။

ညီမလေးရေ…..
ညီမလေးရေ…ညီမလေးရေ….
ကျုံးနံဘေးမြက်ခင်းပြင်ပေါ် အန်ချ
အဲဒါ တစ်ဘဝလုံးပဲဟေ့။

မိမိအသည်းနှလုံးရဲ့
စိတ်ချရလောက်တဲ့ လုံခြုံမှုထဲမှာ
လူတိုင်းဟာ ငိုကြွေးနိုင်ခွင့် ရှိတယ်မဟုတ်လား။

ဘဝတာဝန်တဲ့လား
လာမယ့် အနာဂါတ်တိုင်းရဲ့
အထီးကျန် ပါရမီရှင်တိုင်းအတွက်
ငါ့နှလုံးသား အပိုင်းတစတစ်ခု
မိုးကောင်းကင်မှာ ထုဆစ်ခဲ့မယ်။

မနက်ဖြန်မနက်
လမ်းမဘက် မျှော်ကြည့်လိုက်တဲ့အခါ
ဒီကနေ့ ဆိုတာကို ရှာလို့တွေ့မှာ မဟုတ်တော့ဘူး။

အချိန်ဆိုတာ
ကမ်းပါးမရှိတဲ့ မြစ်တစ်စင်းပါပဲ။

နှလုံးသားမှာ
ပန်းပွင့်များစွာ စိုက်ပျိုးခဲ့၏
ဦးထိပ်ထက်၌
တရားအသစ် ဖူးပွင့်ခဲ့ပြီ။ ။

ပိုင်စိုးဝေ

In: ကဗျာ,ပိုင်စိုးဝေ Posted By: Date: Jul 29, 2010
Comment #1

မိမိအသည်းနှလုံးရဲ့
စိတ်ချရလောက်တဲ့ လုံခြုံမှုထဲမှာ
လူတိုင်းဟာ ငိုကြွေးနိုင်ခွင့် ရှိတယ်မဟုတ်လား။

မနက်ဖြန်မနက်
လမ်းမဘက် မျှော်ကြည့်လိုက်တဲ့အခါ
ဒီကနေ့ ဆိုတာကို ရှာလို့တွေ့မှာ မဟုတ်တော့ဘူး။

nice! nice! thx, pc..

(၀န်ခံချက်။ ။ရယ်မောခြင်းသည်းခံပါ ဆိုတဲ့နေရာမှာ ရီမိသွားတယ် ) ဟိဟိ 😛

commentinfo By: ဖြိုးဖြိုး at Jul 29, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment