Professional Authors

ပင်လယ်သေထဲကျသွားတဲ့အိပ်မက်

      ပင်လယ်သေထဲကျသွားတဲ့အိပ်မက်

နွေခေါင်ခေါင်မှာ မိုးက မဆက်မပြတ်ရွာ
ကောင်းကင်မိုးတော့ မဟုတ်ဘူး
ရင်ထဲက မိုး….. ……
အုံ့မှိုင်းတဲ့ စိတ်လေလွင့်က အလိုလို ကမ်းကပ်ဖို့ရှာ
ဒီလို နွေညနေမှာပဲ
ငါ………… ကျရှုံးခဲ့ရတယ်

၀၆ ရဲ့ ခပ်ဆွေးဆွေးနေ့ရက်အချို့ကို ပြန်လှန်
`ရင်ကွဲမတတ် ´ ဆိုတဲ့ စကား..
မျက်ဝန်းတစ်ချက် စွန့်ကြဲရုံနဲ့
ငါ….. ချစ်မိခဲ့တယ်
ငါ….. အချစ်တွေတိုးခဲ့တယ်

မ.ရယ် …
အိပ်မက်မြူတို့ရဲ့ေ၀၀ါးခြင်းမှာ

ကြက်ခြေခတ်တို့ ရှုပ်ပွခဲ့
ပန်းနုရောင်အနွေးထည်လေး ဘယ်ဆီလွင့်နေသလဲ
ဆုံဆည်းရာမှတ်တိုင်မှာကို မျှော်မျှော်ကြည့်
၀၆ မှာ အဆိပ်တက်ခဲ့တဲ့ နေရာတွေပေါ့………………

3B ရှေ့မှာ ရှုပ်ယှက်ခတ်ခဲတဲ့ ငါ့ခြေရာတွေ
နှင်းဆီဝါ တစ်ပွင့် ကေသာဦးမှာ ပန်ဆင်တုန်းက
` လှရက်လွန်းပါတယ် ´ လို့ 
ခပ်တိုးတိုး ရေရွတ်မိ
ပန်းတစ်ပွင့်ကြောင့် 
အဆိပ်တက်ခဲ့မှန်း
သုံးရာသီလုံး ယောင်လို့တောင် မတွေးမိဘူး

နေ့ရက်တွေရဲ့ တိုက်စားခြင်း ဖြစ်စဉ်မှာ
ခပ်မဆိတ်ရူးသွပ်ခဲ့ရတဲ့
ဖေဖော်ဝါရီ ၁၃ ……………..
ဘာများတတ်နိုင်ခဲ့ သလဲ ……… အညတရ
` ဟက်ပီ ဘက်ဒေး ………. မ ´
တကိုယ်ရေ ဆုတောင်းလေး
ဘယ်သူမှ မကြားပါစေနဲ့……………

ဘ၀တွေခြားနေသလို
ဝေးကွာခြင်းက တိုင်းတာမရ
အဝေးကြည့်လေးနဲ့ 
မိန်းမောခဲ့…. ….. ………..

သန်ခေါင်ယံ လမင်းကို ငေးမောရင်း
သက်ပြင်းတိုးတိုးချ
မ ဘာတွေလုပ်နေသလဲ
ရှေ့ဆက်လှမ်းဖို့မရဲအောင်
ငါ့ ခြေလှမ်းတွေရိုက်ချိုးခံခဲ့ရတာ
ဟောဒီ လမင်းသာတဲ့ညက
ငါ …. ဘာတွေများဆိုးသွမ်းနေလို့လဲ..

ြိကိုးရှည်ရှည်နဲ့ လှန်တတ်တယ် လို့
နာမည်ကြီးတဲ့  မ
ကြိုးတစ်ခွေယူပြီး မ  အနားမှာနေချင်တာ
အရူးတစ်ယောက်လိုပဲ……….

ဧပရယ်ရဲ့ မိုးရေစက်တွေနဲ့ အတူ
ပိတောက်တွေပွင့် တဲ့ ရာသီမှာ
အချစ်ဆိပ်တွေက 
တစ်ကိုယ်လုံး ပျံ့နေခဲ့ပြီ
ရေလောင်းခွင့်ပြုပါ လို့ 
ခွင့်တောင်းစကား မဆိုချင်တဲ့… ငါ
လက်များစွာကြောင့် စိုစွတ်သွားတဲ့
ပန်းပွင့်လေးကို
ငါက ထပ်ပြီးစိုစွတ်စေရဦးမှာလား
ရူးသွပ်မှုတွေ သိမ်းထုပ်ရင်း
နွေကျောင်းပိတ်ရက်တွေက
ငါ့ကို ပြုစား
နွေနေရဲ့ ပူလောင်မှုနဲ့ ငါ့ ရင်ရဲ့ ပူလောင်မှု
မိုးရာသီရေ လာပါတော့……..
C-Shop ရှေ့မှာ ထိုင်ရင်း 7-B ရှေ့ကို ငေးဖူးတယ်
7-B ရှေ့မှာ ထိုင်ရင်း EP-Shop ရှေ့ကို ငေးဖူးတယ်
ကျောင်းကားရဲ့ နောက်မှာ ရပ်ရင်း
ရှေ့ဆုံးမှာ ထိုင်တတ်တဲ့ … မ.ကို
ငါ… ငေးမျှော်ဖူးတယ်
တစ်ဖတ်သတ်မြတ်နိုးခဲ့ရသူရဲ့ ခံစားချက်တွေ
ဖွင့်ဟ၀န်ခံဖို့ ခက်ခဲ ခဲ့တဲ့
အခြေအနေတွေ.. အချိန်အခါတွေ
ချစ်ခြင်းတရားရဲ့ လှုပ်ခတ်မှုကြောင့်
အက်ကြောင်းထလာတဲ့ …ငါ့ နှလုံးသား
တာရာမင်းဝေ ပြောသလို
` အချစ်ဆိုတာ…တဲ့
အစမှာ ဆိုးပြီးတော့ ..တဲ့
အဆုံးမှာ ပိုပြီးတော့
ဆိုးသွားတယ်..တဲ့´
အက်ကွဲစွာပဲ ရယ်မောမိခဲ့တဲ့..ငါ
ရယ်ပြီးမောမောသွားရတဲ့ နေ့ရက်တွေ
မှော်အတတ်ပညာပြုစားခံရသလို
လဲပြိုသွားတိုင်း
မျက်ဝန်းလေးနဲ့ ပြုစားလိုက်
အပြုံးလေးနဲ့ ပြုစားလိုက်
အိပ်မက်တွေလဲ အတိတ်နိမိတ် မပြနိုင်တော့ဘူး
မ.အကြောင်းရေးခဲ့တဲ့
ကဗျာတွေ… ….
မ.အကြောင်းတွေးခဲ့တဲ့
ညတွေ…. …..
အိပ်ရာထက်မှာ လူးလွန့်ခံစား
မရဲ့ အကြောင်းတွေနဲ့
ဘယ်တော့မှလဲ…..
ဘယ်အချိန်မှလဲ…..
ဘ၀တွေနဲ့ စောင့်ရဦးမှာလား…..
ချစ်ခြင်းတရားရဲ့ ကျီစယ်မှုပါပဲလို့
ငါ့ကိုယ်ငါ ခံယူရင်း
မ.ကျန်းမာရဲ့လား
မ.ပျော်ရွှင်ရဲ့လား
မ.စာမေးပွဲတွေ ဖြေဆိုနိုင်ရဲ့လား
အစမှာဆိုးပြီးတော့ အဆုံးမှာပိုပြီးဆိုးသွားတဲ့
အချစ်နဲ့ ငါ 
မအတွက် ဆုတွေတောင်း
ငါ့ ရဲ့ လွမ်းဆွတ်တမ်းတ သတိရခြင်းတွေက
မ.ဆီမှာ မေ့နေခြင်း သတိမရခြင်းတွေ
ဖြစ်သွားဦးမှာလား…………….
၀၆ ရဲ့ ပြုစုပျိုးထောင်မှုနဲ့
၀၇ နှစ်ဦးမှာ ရင်ခုန်သံတွေ နုသစ်လတ်ဆတ်တုန်း
ချစ်ပါတယ် လို့ ငါမပြောဘဲ
မ..သိတယ်
အရေးမပါပါဘူး လို့  မ..မပြောဘဲ
ငါ သိနေသလို
လပြည့်နေ့တိုင်း ဘုရားတက်လေ့ ရှိတဲ့..မ
ဘယ်နှကြိမ်ဆုံခဲ့သလဲ
အသွားအပြန်…..အ၀င်အထွက်နဲ့
ကံတရားရဲ့ ဆိုးဝါးတဲ့ အစီအစဉ် အကွက်ချမှုတွေကြား
မျက်ဝန်းတွေကိုပဲ
ငတ်မွတ်စွာငေးမောခဲ့တယ်
တေလေပါလို့ ငါ မပြောဘဲ 
တေလေစိတ်နဲ့ ငါ လုပ်ခဲ့သမျှ
ဘယ်အရာမှ အကောင်းမထွက်ခဲ့ဘူး
ဘာတွေမှားယွင်းခဲ့သလဲလို့
ဆန်းစစ်အဖြေထုတ်တိုင်း
ဘာမှ မမှားယွင်းခဲ့ဘူး
မျက်ဝန်းစကားတွေနဲ့ပဲ
အသည်းကွဲခဲ့တဲ့ ငတုံးတစ်ယောက်…
သော်ဇင် မလာတဲ့ ဦးရှည်ကြီးဆိုင်ရဲ့ နံနက်ခင်းတွေမှာ
မ. အကြောင်းကို ထိုင်တွေး
စိတ်ကူးယဉ်တယ်ဆိုတာ အင်မတန်မှ စိတ်ချမ်းသာစရာကောင်းတယ်
ဒါပေမယ့်
မ..ရယ်   နင့်အကြောင်းတွေးတိုင်း ငါ ရင်မောရပါတယ်
calendar ပေါ်က ရက်စွဲတွေ
တစ်ရက်ပြီး တစ်ရက် အသုံးမ၀င်လာပြီးတဲ့နောက်
တေလေရဲ့ ကျရှုံးခန်းဟာ
၀၇ ရဲ့ နိဂုံးမှာ
ပြီးဆုံးသွားပါပြီ…
၀၈ တစ်နှစ်လုံး တစ်ကိုယ်ရေ လွမ်းဆွတ်မှုတွေနဲ့
ဘ၀ရဲ့ ကြမ်းတမ်းမှုတွေကြား
မ ရဲ့ နေ့စဉ် ဘ၀တွေကို တမ်းတ လွမ်းဆွတ်ခဲ့တယ်
ဝေးလွင့်ခြင်းရဲ့ ဒဏ်ရာဒဏ်ချက်တွေအပေါ်
အက်ဆစ် ပက်လိုကသလို
ဆယ်ဘ၀ ခြားသွားပြီလား
ဘယ်သောအခါမှ ပြန်လည်ဆုံစည်းခွင်
တစ်ဖက်သတ် အချစ်ရူးရဲ့ အလွမ်းခါးခါးညတွေ
ကြယ်စုံလင်းတဲ့ ကောင်းကင်မှာ လမင်းကို မတွေ့
ခံကြယ်ဖြူလေးတွေ ရေတွက်…
ကြယ်နီလေးရေတွက်…
ကြယ်ပြာလေးတွေရေတွက်…
နွယ်ပင် သီချင်းမှာ မ.နာမည်ထည့်ဆို
လွမ်းရပါတယ် နတ်သမီးရယ်……..
ကြယ်တွေကြွေတိုင်း ဆုတွေတောင်း
ဖြစ်နိုင်၏  မဖြစ်နိုင်၏
တွန့်ဆုတ်မှုရဲ့ ဆုလာဘ်တစ်ခုအတွက်
ငါ ဘာမှ မပြောနိုင်ခဲ့
အိပ်မက်တွေမှာပဲ မြင်တွေ့ခွင့်ရတော့မယ့်
မိန်းမလှအတွက်
အချိန်နာရီတွေ အဆိပ်ခတ်လို့ ခတ်
နေမင်းကို ကျိန်ဆဲ့လို့ကျိန်ဆဲ
အစ အလယ် အဆုံး
အဆိုးတွေနဲ့ပဲ ပြီးခဲ့တဲ့ ငါ့ ရဲ့ ဖတ်စာ
အမှတ်တမဲ့ တိုင်းကို အမှတ်တရ အဖြစ် ပြဌာန်း
ငါ့ရဲ့ အမှတ်တရတိုင်းဟာ
မ.အတွက် အမှတ်တမဲ့တွေ
ပခုံးချင်းတိုက် ကံတရားတွေ
ဆောင်းရာသီရဲ့ အေးစိမ့်မှုနဲ့
ဇန်န၀ါရီရဲ့ နှင်းပွင့်တွေကြား
ငါ တစ်ခေါက်ပြန်ရောက်လာခဲ့ပြီ
မ..ရှိတဲ့နေရာ
မှတ်မိသေးရဲ့လား
ငါက တေလေပါ….။

                                                                    နွေလင်း

In: ကဗျာ Posted By: Date: Jul 24, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment