Professional Authors

antipathy

A n t i p a t h y

(၁)

ငါမနိုင်တဲ့ ဒီသံသရာကို
လွတ်ချလိုက်ပြီ
ပြီးတော့ ဆောင်းရေခြုံတဲ့
ဝင်္ဂပါညကို ချောင်းမယ်
နှစ်ချို့ ဝိုင်အချို့ငှဲ့မယ်
တစ်ယောက်မျက်လုံးတစ်ယောက်ကြည့်ပြီးညာမယ်
မျက်နှာဖုံးတတ်ထားကြေး
ကဲ ဘယ်လောက်လှတဲ့ ပါတီလဲ ပန်ဒိုရာ
လာကွယ် …. သွားကြမယ်

(၂)

မနေ့ကချော်လဲတဲ့အကြောင်းပြောတော့
မနက်ဖြန်ကိုရင်မဆိုင်နိုင်ကြောင်းပြောတယ်
ကဲ ထားတော့
ဒို့တွေ box thinking ထဲက
ရုန်းထွက်ကြရအောင်
ရေခဲပဲကျန်တဲ့ခွက်ကို လှုပ်ကြည့်စမ်း ပန်ဒိုရာ
အဲဒါ သိပ်လှတဲ့ဂီတပေါ့
စိတ်ညစ်စရာတွေ မြိုချအပြီး
သံသယတွေ အရည်ပျော်သွားလိမ့်မယ်
ပြီးတော့သွန်လိုက်ပေါ့

(၃)

ငါလား…
အိပ်မက်တွေ သိပ်ရှည်တယ် ပန်ဒိုရာ
ဟိုးက မှိုင်းညှို့ နေတဲ့ တောအုပ်တွေ့လား
မင်းအဲဒီကို ဘယ်တော့မှရောက်နိုင်မှာ မဟုတ်ဘူး
အဲဒီမှာ သက်ပြင်းရှည်တွေချတတ်တဲ့ ငှက်အချို့ရှိတယ်
မရေရာမှုတွေနဲ့ခွေနေတဲ့ ဝိရောဓိမြွေအချို့ရှိတယ်
ဒါတွေ လက်စသတ်ရအောင်ပါ
စကားမစပ် ငါပျိုးခဲ့တဲ့တောအုပ်က ၂၃ နှစ်တိုင်ခဲ့ပေါ့

(၄)

နားထောင် ပန်ဒိုရာ
တစ်ခါက အောက်စီဂျင်မမှတ်မိတော့တဲ့
အဆုတ်တစ်လုံးနဲ့ကောင်ရှိတယ်
အိပ်မက်တွေက ထုတ် ထုတ် ညှိ
လက်တွေ့ဘဝကိုမှုတ်ထုတ်လို့ပေါ့

မင်းသက်ပြင်းချလိုက်သလား ပန်ဒိုရာ
ဟုတ်တယ် ဒါဟာ ယုတ္တိမဲ့ ဖြစ်ရပ်မှန်
lemming dilemma စက်ဝိုင်းထဲကလူပေါ့
သူဟာ mapping theory ကိုကျင့်သုံး
အမှားများများခပ်ထားတဲ့ ကော်ဖီကိုသောက်
တစ်သံသရာစာ မျက်စိကြောင်နေတဲ့ကောင်ပေါ့

သူရော ???
မင်းရဲ့မေးခွန်းအတွက် အဖြေရှိတယ် ပန်ဒိုရာ
ပလေတိုရဲ့ မှန်ကိုငါရိုက်ခွဲခဲ့တဲ့နေ့က
သူပျောက်ကွယ်သွားတော့တယ်

(၅)

လာကွယ် ပြန်ကြမယ်
သိပ်မိုးချုပ်ရင် အိပ်မက်တွေတိုလိမ့်မယ် ပန်ဒိုရာ
ခေါက်ရိုးကျိုးလက်စ
ရှိခြင်း မရှိခြင်း မြဲခြင်း မမြဲခြင်း
မင်း အငြင်းပွားခွင့်မရှိဘူးကွဲ့
ပုံပြင်ဆိုတိုင်း
စိတ်ကူးယဉ်သက်သက်ကြီးပဲ မဟုတ်ဘူးပေါ့ကွယ်

(၆)

ပါတီမှာကနေတဲ့ လူတချို့တွေ့လား ပန်ဒိုရာ
သူတို့ဟာကျောပြင်အပေါက်ကြီးကိုဖုံး
ဟောင်းနွမ်းလှတဲ့ အပြုံးအတုတွေလိမ်း
အနုပညာတစ်ခုမှာ ဈာန်ဝင်ကြခြင်းပဲ
ဒီညအပြီး ပျောက်ကွယ်သွားကြလိမ့်မယ်

မှန်တယ် ပန်ဒိုရာ
သူတို့ဟာ
နှလုံးသားမဲ့ခြင်းဖြစ်နိုင်သလို
အတင်းစွန့်လွတ်ခဲ့ရခြင်းလဲဖြစ်နိုင်တယ်
သိပ်ချစ်ခဲ့ခြင်းဖြစ်နိုင်သလို
ဝေးလွင့်ခဲ့ရခြင်းလဲဖြစ်နိုင်တယ်

(နိဂုံး)

ကဲ အိမ်ထဲဝင်တော့ကွယ်
မင်းရဲ့နွေးထွေးခြင်းကို မင်းပြန်ခြုံပါ
ဆောင်းအတုမှာကျတဲ့နှင်းက
ပိုအေးတတ်တယ်

good bye ပန်ဒိုရာ
.
.
.
.
သူမဟာ မျက်ဝန်းတွေစိုစွတ်
နားမလည်ခြင်းတွေနဲ့
ကျုပ်ရဲ့ ကျောပြင်အပေါက်ကြီးကို ကြည့်နေခဲ့မယ်ဆိုတာ

လမင်းဇော်

In: ကဗျာ Posted By: Date: Dec 9, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment