Professional Authors

ရင်​ခွဲ…..ယုံ (သို့) ရင်​ကွဲ…ရုံ (သို့) မိုင်​​ကေး

ပိုးစုန်းကြူးတွေရဲ့သချိ င်္ုင်းလို
အသံမရှိတဲ့ ပေါက်ကွဲမှုလို
အဟုန်မရှိတဲ့ လျင်မြန်မှုလို
ဆွံ့အနေတဲ့ တေးသွားလို 
အံမဝင်တဲ့ အသားကျမှုမှာ 
ရေလိုက်ငါးလိုက် ပျော်ခဲ့ဖူးတယ် 
စပယ်တွေ ခိုးပျိုးဖူးတဲ့အတိတ်ဟာ
မင်းစကားတစ်ခွန်းနဲ့ ယမ်းနံ့တွေဝေသွား
အချစ်ဆိုတာ မောင်းမတင်ရသေးတဲ့
သေနတ်တစ်လက်တဲ့
ဟုတ်တာပေါ့
ဒါကြောင့်ပဲ မင်းကို 
လက်ညိုးကွေးခွင့် ပေးခဲ့တယ်
ရေဒီယိုတွေ နားထောင်ပြီး
ပင်လယ်လို မအိပ်စက်တတ်ခဲ့ 
အချစ်သီချင်းမှာ ခံစားချက်တွေ
မရှိတော့ဘူး မိုင်ကေး
မရှိတော့ဘူး
ပင်လယ်ကို ငေးမယ်
သောင်ပြင်မှာ ထိုင်မယ်
ဂစ်တာတီးမယ်
တကယ်တော့ 
သစ္စာတရား အကြောင်းတွေးရတာဟာ
ပင်လယ်ကို ငေးပြီး
ဂစ်တာတီးနေရသလိုပဲ 
ကြောင်စီစီ နိုင်လွန်းတယ်
အဲဒီ John Letter ကို 
ဘယ် ဘာသာဗေဒနဲ့ ဖတ်ရမလဲ 
မိုင်ကေး
မင်းက ငါ့ရဲ့မျက်ရည် ခလုတ်ဆိုတာ
အစောကြီးထဲက သိသင့်ခဲ့တယ်
ရယူစရာတွေ မရှိတော့သလို
ပေးဆပ်စရာလဲ အလျဉ်းမရှိတော့ဘူး
မိုင်ကေး
ဖုန်တက်သွားတဲ့ ဒိုင်ယာရီကို
လှန်ကြည့်ရင်တော့
ထထ ငိုတတ်တဲ့ ရက်စွဲတချို့တော့
ရှိတယ်
ငါ့ကိုယ်ငါ ဂစ်တာကြိုးလေးအဖြစ်
အိပ်မက်ဖူးတယ် မိုင်ကေး
ငါ ပြတ်သွားတဲ့နေ့က
ငိုရတာ ဒို ရေ မီ ဖာ တွေ စိုလို့ပေါ့
နားဆင်ပါ မိုင်ကေး
ဒီသီချင်းမှာ 
အခိုးအငွေ့ဖြစ်သွားတဲ့ 
ထုထည်တချို့ အကြောင်းပါတယ်
အိပ်မက်တွေက ဝေလီဝေလင်းပါ
မိုင်ကေး
ကော်ဖီတစ်ခွက်ထက် မပိုတဲ့ညမှာ 
မီးတောက်ရစ်သမ် နဲ့ကူးခတ် 
ကြယ်ပြာလေးနဲ့လဲ ထမင်းစားခဲ့ပါရဲ့
သူတို့ရဲ့ လှောင်ရယ်သံမှာ 
အနုပညာတွေပါတယ် မိုင်ကေးရဲ့
သူငိုနေပြီလားလို့ 
ရင်ဘတ်ကိုဖိရတာ အမော 
ကလေးတစ်ယောက်ရဲ့ ဖြူစင်ခြင်းကို
မြို့ပြက ခိုးသွားခဲ့ပြီ
ငါကလား
အရင် ရင်ဘတ်နဲ့ ငိုပြီး
အခုရင်ဘတ်နဲ့ ပြုံးပြမယ်
အနုပညာဟာ ချစ်ခြင်းမေတ္တာနဲ့ 
ထွန်းညှိရင် အနန္တလင်းတယ်ကွဲ့
မင်းကြောင့် ငါ့ကြောင့် 
ကံတရားကြောင့် 
ဒါတွေ မသိကျိုးကျွံ ပြု
ဒို့တွေ ထွေရာလေးပါးပြောကြမယ်
တံတိုင်းတွေအကြောင်းထက် 
တံတားတွေအကြောင်းပြောကြမယ်
ပင်လယ်တွေ အကြောင်းထက်
မီးပြတိုက်တွေ အကြောင်းပြောကြမယ်
ပန်းတွေအကြောင်းထက် 
ဥယျာဉ်မှူးအကြောင်း ပြောကြမယ်
ရေနွေးတစ်ခွက်ငှဲ့ပါ မိုင်ကေး
ဒီဟာသတွေက ခံတွင်းချဉ်တယ်
စကားမစပ်
ငါ သင်္ချာ ညံ့တယ် မိုင်ကေး
တြိဂံတွေထက်စာရင်
ပြိုင်မျဉ်းတွေကို ပိုချစ်တတ်ခဲ့
ဒီလိုနဲ့ပဲ 
ကဗျာဆရာ ဖြစ်လာတော့တယ်
ပန်းသီးကြွေတာက
ပန်းသီးကြွေတာပါပဲ မိုင်ကေး
ကမ္ဘာမြေကြီးရဲ့ဆွဲအားက
မိုးပျံပူပေါင်းကို 
တဒင်္ဂတော့ ကိုင်ဆွဲမထားနိုင်ဘူး
ငါတို့ မင်းတို့ 
ရိုးသားစွာ လိမ်ညာခဲ့ကြတာပေါ့
သစ္စာတရားဟာ 
အသွားနှစ်ဖက်ပါတဲ့ ဓားကွဲ့
ခဏတော့ သွေးထက်လွန်ခဲ့မှာပေါ့
ငါက ဖောရက်စ်ဂန့် မဟုတ်ဘူး
မိုင်ကေး
အကြောင်းပြချက်မဲ့စွာတော့
တစ်နေရာကို ပြေးနေဦးမယ်
မင်းဘယ်မှာရှိလဲ အရေးမကြီးဘူး
မင်းရှိတဲ့နေရာကို ငါ့ကိုယ်ငါ 
အတပ် သိနေတယ် မိုင်ကေး
အတပ်သိနေတယ်
ပလေတိုရဲ့ ကြေးမုံကို
ရိုက်ခွဲလိုက်တယ်ဆိုတော့ မင်းရယ်တယ်
အခုတော့ မင်းငိုနေမှာ 
သေချာပါတယ် 
အနုပညာဆိုတာ ရွှေရောင်စက္ကန့်ရဲ့
တဆစ်ချိုးပြောင်းလဲခြင်း
အနုပညာဟာ ပန်းခင်း
အနုပညာဟာ မြှားတစ်ဆင်းရဲ့
တိကျတဲ့ပစ်မှတ်
အနုပညာဟာ တယောအိုနဲ့ဘိုးတံ
အနုပညာဟာ ငြိမ်းချမ်းခြင်း
မေတ္တာတရား
သစ္စာ
ကျမ်းစာ
အနုပညာဟာ အနန္တ
မျက်နှာဖုံးတွေ မလိုတဲ့ အရပ်မို့
မင်းငိုတယ်ဆိုရင်တောင်
အနုပညာ စစ်စစ်ပေါ့ကွယ်
မိုင်ကေး
မင်းဟာ ငါ့ချစ်သူ 
သူဟာ မင်း ချစ်သူ
ရွှေရင်​ဘတ်နဲ့ ခပ်တဲ့ အိပ်မက်မို့ 
မနိုးထပါနဲ့ကွယ်
ငါဟာ 
လက်ပတ်နာရီကို မကြာခဏမကြည့်တော့သလို
ဆူးလေဘုရားကိုလဲ မမော်ဖူးဖြစ်တော့
ကန်တင်းကရေတွေ အငမ်းမရမသောက်တော့သလို
လမ်းဘေးဈေးသည်ဆီလဲ ထိုင်မစားဖြစ်တော့
ပြက္ခဒိန်အဟောင်းကိုလဲ
ပြသဒါးနှစ်လို့ မစွပ်စွဲတတ်တော့
ငါ ရင့်ကျက်ပြီ မိုင်ကေးရဲ့
(ဒါပေမဲ့လေ)
ထူးအိမ်သင်သီချင်းတွေဆိုဖြစ်နေတုန်း
ကဗျာတွေရေးဖြစ်နေတုန်း
ကွမ်းတွေခိုးစားတတ်နေတုန်း
ဇီဇာတွေ ကြောင်တတ်နေတုန်းကွဲ့
ငါလိုတေလေတစ်ယောက်ရဲ့အိပ်မက်ဟာ
မှိုင်းတွေဝနေတဲ့ မီးပုံးပျံလိုပေါ့
ငါဝေးသွားလေ 
လက်ခုပ်သံတွေကျယ်လေ
ငါဝေးသွားလေ
ပျော်လေ 
ငါဝေးသွားလေ
……………
မိုင်ကေးရေ
လမ်းတွေ့ရင် နှုတ်ဆက်ကွယ်
သူ့လက်ကိုဆွဲ
ကွန်ဂရက်ကျူလေးရှင်းလို့
အပြုံးနဲ့ ဆိုချင်တယ် ။      ။
လမင်းဇော်
Feb 11 2016
1:36 am
In: ကဗျာ Posted By: Date: Feb 19, 2016
Comment #1

My name is Dr Grace from Uk, i like to make friends,i want you to send an email to me for us to know each other better fist graceazi@hotmailcom

commentinfo By: Grac at May 2, 2016

Leave Comments

Name*

Email*
Website
Email me whenever there is new comment