Professional Authors

မမြင်အပ်သောအရာ – မင်းလူ

မမြင်အပ်သောအရာ
……………………..

ပေပင်တစ်ပင်ဟာ
သူ့တစ်သက်တာမှာ
တစ်ကြိမ်ပဲ အသီးသီးသတဲ့။

ကျီးကန်းမ တစ်ကောင်ဟာ
သူ့တစ်သက်တာမှာ
တစ်ကြိမ်ပဲ သားပေါက်သတဲ့။

ပျားတစ်ကောင်ဟာ
သူ့တစ်သက်တာမှာ
တစ်ကြိမ်ပဲ တုပ်နိုင်သတဲ့။

မင်းက … ကျတော့
တစ်ကြိမ်မှာ ဥပေါင်းထောင်သောင်းမက
ချတတ်တဲ့ ငါးသလောက်တစ်ကောင်လို
လူပေါင်းများစွာကို ချစ်ခဲ့ပြီးပြီ။
စာအုပ်ပေါင်းများစွာကို ကိုက်ဖြတ်တတ်တဲ့
ခြ တစ်ကောင်လို
နှလုံးသားပေါင်းများစွာကို ဖျက်ဆီးခဲ့ပြီးပြီ။
အကြိမ်ပေါင်းများစွာ ဆက်တိုက်ပစ်ခတ်နိုင်တဲ့
စက်သေနတ် တစ်လက်လို
ပါးပေါင်းများစွာကို ရိုက်နှက်ခဲ့ပြီးပြီ။

တစ်သက်တာမှာ
တစ်ကြိမ်သာ ပေါက်ကွဲနိုင်တဲ့
လက်ပစ်ဗုံးနဲ့တူတဲ့
ငါ့နှလုံးသားရဲ့ စနက်တံကိုတော့
မင်းကို ဖြုတ်ခွင့်မပေးနိုင်ဘူး ။

(မင်းလူ)

In: ကဗျာ,မင်းလူ Posted By: Date: Jan 7, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment