Professional Authors

တကယ်တော့…….

အရာရာကို..တပ်မက်ခဲ့ဖူးပါတယ်..မောင် !!!

ငယ်ရွယ်စဉ်ကလေးဘ၀မှာ…
ကိုယ်နဲ့တန်းတူကလေးတွေ..ဆော့ကစားနေတာမြင်တဲ့အခါ…
သူတို့လို…ကစားစရာ..အရုပ်လှလှလေးတွေနဲ့..ဆော့ကစားချင်ခဲ့ဖူးတယ် ။
..
ဖေဖေနဲ့မေမေ့ရဲ့လက်ကိုတွဲလို့…မိသားစုအတူ…
ပွဲဈေးတန်းလျှောက်ကြတဲ့အခါ…တခြားကလေးတွေ…သူတို့မိဘကို..
ပူဆာကြသလို..စားချင်စရာမုန့်လေးတွေကို..လက်ညှိုးထိုးလို့..
ပူဆာချင်ခဲ့ဖူးတယ် ။
..
ကိုယ့်အိမ်နီးချင်း….ကိုယ့်သူငယ်ချင်းတွေ..အကျီအသစ်လှလှလေးတွေနဲ့..
လမ်းထွက်ကြတာ..မြင်ရင်..ကလေးပီပီအားကျခဲ့ဖူးပါတယ်…မောင် ။
..
ဒါပေမယ့်..
ကျမရဲ့လိုအင်တွေက…လေထဲကတိမ်လိုပါပဲ…မောင် ။
ဖေဖေနဲ့မေမေတို့ရဲ့..အားပေးနှစ်သိမ့်တဲ့..လေပြည်လေးထဲမှာပဲ..
အမြဲလိုလို…ပျောက်ကွယ်သွားရတာပဲ..မဟုတ်လား ။
..
တကယ်တော့..မောင်ရယ်..။
လိုချင်မိတာလေးတွေ..ရှိပေမယ့်..တကယ်တမ်း..မရနိုင်တဲ့အခါမှာ
ဝမ်းနည်းအားငယ်စိတ်လေးတွေ..အနည်းနဲ့အများတော့..ဖြစ်မိတာပဲလေ ။
..
အဲ့လိုသိမ်ငယ်စိတ်လေးတွေများလာတဲ့အခါ…
ကိုယ့်ဘ၀ကို..ကိုယ်စက်ဆုပ်လာမိတယ် ။
..
ဒါပေမယ့်…ကျမ .စိတ်ဓါတ်မကျခဲ့ပါဘူး..မောင် ။
..
လိုချင်တဲ့အရာကို…မရနိုင်တော့တဲ့အခါ…
ရလာအောင်..စွမ်းဆောင်နိုင်စွမ်းနဲ့..အခွင့်အလမ်းမရှိနိုင်သေးတဲ့..
ကလေးဘ၀မှာ…
ဘယ်လောက်ပဲ..လိုအင်ဆန္ဒရှိနေနေ…
အဲ့ဒီ့အရာကို…ငါ..မလိုချင်ဘူး…ဆိုတဲ့စိတ်….
ကိုယ့်ကိုယ်ကို..ရိုက်သွင်းခဲ့တယ် ။
..
..
ကိုယ်စားချင်တဲ့မုန့်လေးတွေ…မစားရတဲ့အခါ…
အဲ့ဒီ့မုန့်ကို..ငါ..မကြိုက်ဘူးဆိုတဲ့စိတ်နဲ့…
ကိုယ့်စိတ်ကို..ဖြေခဲ့ရပါတယ် ။
..
ကြာလာတော့လည်း..၀န်ထုပ်ဝန်ပိုးတခုလို..ဖြစ်မနေတော့ဘဲ..
အကျင့်ဖြစ်သွားတာပေါ့လေ..။
..
ကြာလေကြာလေ…လောကကြီးမှာ..ကျမ..မနှစ်သက်တဲ့အရာတွေက
ပိုလို့သာ…များများလာတာပေါ့ ။
..
ဘာကိုမှ..တန်ဖိုးမထားတတ်ခဲ့တာတော့..မဟုတ်ရပါဘူးမောင် ။
အကျင့်ဖြစ်နေလို့ပါ…။
..
ဘာကိုမှ…မတွယ်တာတတ်တော့တာ..မဟုတ်ရပါဘူး
..
ဘာကိုမှ…ထိုက်ထိုက်တန်တန်မရရှိခဲ့ဖူးတဲ့သူတယောက်အတွက်..
ဘာမှမပိုင်ဆိုင်ဘူးဆိုတဲ့..အဖြစ်က…အကျင့်တခုဖြစ်သွားလို့ပါ ..။
..
ဗလာတွေနဲ့ပဲ…ထားခဲ့လိုက်ပါ…မောင်ရယ်..။
ကျမ…နေသားကျနေပါပြီ ။
..
..
တကယ်တော့…ကျမ…
အရာရာကို….တပ်မက်ခဲ့ဖူးပါတယ် ။

In: ကဗျာ Posted By: Date: Oct 23, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment