Professional Authors

(သိက္ခာဆူး)

 

ငါ မရည်ရွယ်ပဲ မိုးတိမ်တွေ
ခွဲသွန်ချလိုက်တဲ့နေ့
အဲ့ဒီစာမျက်နှာမှာ ငါ့မျက်ရည်တွေနဲ့
အက္ခရာတွေသီ ထားတယ်
အလုံပိတ်အခန်းတစ်ခုက
တီးတိုးရှိုက်သံတွေဟာ
လူမသိ သူမသိ ပဲ့တင်ထပ်နေတယ်
ငါ နင့်ကို တကယ်ချစ်ခဲ့တာ
ငါ နင့်ကို တကယ်ချစ် တုန်းပဲ
အက်ကွဲနေတဲ့ ငိုသံတစ်ချို့ အတွက်
ငါ့အတိတ်စာမျက်နှာကို
ခဏလောက် ပိတ်ထားချင်တယ်
ငါ့ရင်ခုန်သံတွေ နင်မကြားနိုင်ပေမယ့်
နင့်ရယ်သံတွေ ငါပြန်ကြားရပါလို၏။

ချစ်သူ
နင့်အတွက် ငါငိုနေခဲ့တယ်
နင့်အတွက် ငါငိုနေတုန်းပဲ
နင့်အတွက် ငါ ငိုနေပါ့မယ်
ငါ့မျက်ရည်တွေပေးဆပ်ခဲ့ရတာ
နင့်ရှိုက်သံတွေအတွက် မဟုတ်ပါဘူး
ငါ့ကမ္ဘာကြီး ခြောက်ကပ် လိုက်ရတာကသာ
နင့်ရယ်သံတွေအတွက်ပါ
နင့်အတွက်နဲ့ ငါ့ကဗျာစာရွက်တွေ
သွေးစွန်းသွားတယ်
သေချာတာတစ်ခုက
နောင်လာမည့် ရာစုနှစ်တွေတိုင်းမှာ
ငါ ငိုနေလိမ့်ဦးမယ်။

ကံကြမ္မာရဲ့ သေသပ် ရက်စက်လိုက်ပုံများ
ငါ့ နင့်ကို တရှိုက်မက်မက်ချစ်ခဲ့မိလေခြင်း
နင်ချိန်ရွယ်ထားတဲ့ မြှားချက်အတွက်
ငါဟာ ပစ်မှတ်
အမှတ်စဉ်ဘယ်လောက်များလဲ
သိုးဖြစ်သွားတဲ့ ဝံပုလွေအဖြစ်
နင့်ပစ်ကွင်း အတွက်
ငါ့ရင်ဘတ်ကိုခင်းထားပြီးပြီ
လေးကြိုးပေါ်က နင့်လက်ချောင်းလေးတွေကိုသာ
မြန်မြန်လွှတ်လိုက်ပါတော့။

နင်မချိန်ရွယ်ပဲ ပစ်ခဲ့တာလည်း ငါ
နင်ချိန်ရွယ်ပြီး ပစ်ခဲ့တာလည်း ငါ
နောက်ဆုံး ဒဏ်ရာတွေနဲ့လဲပြို
ငါငိုနေတဲ့ အချိန်အထိ
နင်ပြုံးနေဦးမယ် မဟုတ်လား
ငါ့ အခါခါ နိမ့်ပေးခဲ့လို့များ
နင် လှံအခါခါ စိုက်ခဲ့လေသလားကွယ်
မျက်ရည်တွေ နင်းလျောက်သွားတဲ့
ငါ့ပါးပြင်အတွက်
နီယွန်မီးတွေနဲ့ ကြိုးခြောက်ချောင်း ဟာ
အလိုက်ဖက်ဆုံးပဲ
တစ်နေ့ နင်အဲ့ဒီနေရာကိုရောက်ရင်
ငါ့နင့်ကို သတိရတိုင်း
တောင်းပန်ကြောင်း သူတို့ပြောလိမ့်ဦးမယ်။

ငါမမြင်နိုင်ခဲ့တဲ့ အရာတွေရှိခဲ့မယ်ဆိုရင်
အဲ့ဒါဟာ ငါ့အနာဂတ်တွေပဲဖြစ်လိမ့်မယ်
လူတစ်ယောက်ခဲ့ စိတ်ခံစားမှုဟာ
သူ့အသက်ရပ်တည်မှု နဲ
့ ဘယ်လောက်များသက်ဆိုင်နေပါသလဲ
ငါ့ အသက်ရပ်တည်မှုကရော
နင့် ဆုံးဖြတ်ချက်နဲ့
ဘယ်လောက်များသက်ဆိုင်နေပါသလဲ
နင့်အတွက်နဲ့ ငါ့ အနာဂတ်ခရီးမှာ
မျက်ရည်တွေရွှဲနေအောင် စီးသွားတယ်
လေးပစ်သူလည်း ငါ
စေခိုင်း သူလည်းငါ
နောက်ဆုံး
ငါရဲ့သိက္ခာဆူးတွေငါကိုငါပဲ
ပြန်ဆူးခဲ့ရပြီ
မြှားမှန်တာလည်း ငါပါပဲကွယ်
ခက်တာက ငါ့မျက်ရည်တွေ နင့်အတွက်နဲ့
ချွေးသိပ်မရဘူး
ချွေးသိပ်မရဘူး ချစ်သူ။ ။

လေးစားလျက်
ရှင်းသန့်မေ

In: ကဗျာ Posted By: Date: Mar 29, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment