Professional Authors

“အ”တူတူ

(၁)
မရှိမဖြစ်ဆိုတာတွေ
တစ်ခုပြီးတစ်ခုအငွေ့ပျံသွားတာထိုင်ကြည့်ရင်း
ကွက်လပ်တွေကိုဖင်ခုထိုင်တတ်လာပြီ…….

(၂)
သဘာဝတရားအောက်မှာထိုင်ရင်း
ဆိုင်းဘုတ်တွေထောင်ထားကြတယ်
ဆရာဝန်ကြီး
သမ္မတကြီး
ဘာကြီး……ညာကြီး
ဆိုင်းဘုတ်တွေခဏဖြုတ်ထားလိုက်ပါ
ခင်ဗျားရင်ဘတ်ထဲကိုငုံကြည့်ရုံနဲ့
သဘာဝတရားကိုတွေ့ရမယ်

(၃)
ဘယ်ပြန်ကြည့်…ညာပြန်ကြည့်
လူလစ်မှမဟုတ်တာလုပ်ပါ
သံသရာကိုမျှော်ကြည့်လိုက်တိုင်း
(မြန်မာဇာတ်လမ်းတွေထဲက)
ကားတိုက်တဲ့ဇာတ်ဝင်ခန်းတစ်ခုလို
မပြတ်မသားပဲမြင်နေရတယ်

(၄)
ခေါင်းပါပေမယ့်
စဉ်းစားရမှာကြောက်တယ်
မျက်လုံးရှိပေမယ့်
အမှန်မြင်ရမှာကြောက်တယ်
သေချာနားမလည်ပေမယ့်
မေးရမှာကိုကြောက်တယ်
မှားမှန်းသိပေမယ့်
ပြင်ရမှာကိုကြောက်တယ်

ပေးပြီးရင်…..ပြန်လိုချင်တယ်
ပြန်မလိုချင်တောင်
အသိအမှတ်ပြုစေချင်တယ်
အသိအမှတ်မပြုစေချင်တောင်
မစော်ကားစေချင်တဲ့…..(ငါ=အတ္တ)
တစ်ခါတစ်လေမှာ
အဖြူရောင်မဟုတ်ပေမယ့်
အဖြူရောင်အဖြစ်အသိအမှတ်ပြုခြင်းခံရလိမ့်မယ်

(၅)
မင်းအတွက်ပြောတာပါလို့ပြောပြီး
လွတ်လပ်မှုကိုခြံခတ်ချင်ကြတယ်
မင်းအကျိုးအတွက်ပါလို့ပြောပြီး
(သူတို့နှစ်သက်တဲ့)
ပုံစံခွက်ထဲရိုက်ထည့်နေကြတယ်
မင်းအတွက်အနစ်နာခံခဲ့တယ်လို့ပြောပြီး
လှုပ်မရအောင်လက်ထိပ်ခတ်ပစ်လိုက်ကြတယ်

(၆)
သူ့အကျိုးအောင်ဖို့သူ့အကျိုးဆောင်တာလား
ကိုယ့်အကျိုးအောင်ဖို့သူ့အကျိုးဆောင်တာလား

(၇)
“မင်း” ရှိနေလို့ထူးဆန်းနေတယ်
“ငါ” ရှိနေလို့ထူးဆန်းနေတယ်
“မင်း”နဲ့ “ငါ” နဲ့
မတူဘူးလို့ထင်တဲ့အတွေးတွေကထူးဆန်းနေတယ်
“မင်း” ဟာလည်းသဘာဝတစ်ခုဖြစ်တယ်
“ငါ” ဟာလည်းသဘာဝတစ်ခုဖြစ်တယ်လို့
မမှတ်ယူနိုင်တာလည်းထူးဆန်းနေတယ်
သဘာဝတစ်ခုလုံးဟာ
လိုက်မမီနိုင်လောက်အောင်ထူးဆန်းနေတယ်

(၈)
မျက်လုံးစိမ်းကြီးတွေနဲ့
ဝိုင်းမကြည့်ကြပါနဲ့

ကျွန်တော်ရူးနေတာပါလို့

ချော်ပြီးလဲသွားချင်ယောင်ဆောင်ရင်း
အများနဲ့အတူရောထိုင်ခဲ့ပြီးသားပါ

(၉)
“အ”တူတူပါပဲဗျာ


In: ကဗျာ Posted By: Date: Dec 26, 2013
Comment #1

သေချာတယ်… ခင်ဗျား ကဗျာတွေ ရှာဖတ်ဖြစ်တော့မယ်..
ပထမဆုံးဖတ်ရတဲ့ တပုဒ်နဲ့တင် အရေးအသား၊ အသုံးအနှုန်း၊ ဆိုလိုရင်းတွေ တအား နှစ်သက်မိတယ်။

commentinfo By: noble at Dec 28, 2013
Comment #2

ကျေးဇူးပါခင်ဗျ……

commentinfo By: werewolf at Dec 28, 2013
Comment #3

ဟုတ်တယ်။
အရေးအသားကော၊ အသုံးအနှုန်းကော၊ ဆိုလိုရင်းကော မိုက်တယ်။

commentinfo By: Titan at Apr 4, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment