Professional Authors

တူပြိုင်လေကူးမယ် (မအိ)

လှေကလေးနှင့်၊ ရွက်ဖွင့်ထွက်မည်
မပီဝိုးဝါး၊ တေးသွားတစ်ပိုဒ်
စည်းလိုက်ပေဦး၊ လှိုင်းလူးမူးရိပ်
ဒိတ် . . . ဒိတ်ရင်ထဲ၊ အဖော်ကွဲမလား။

လှေဝမ်းရေစိမ့်၊ ငါးမန်းလိပ်ကျောက်
သွေးယောက်ယစ်မူး၊ လက်ပစ်ကူးပြေး
ဝေးသထက်ဝေးအောင် . . .
မောင်မငဲ့နဲ့၊ နေရဲခဲ့ပြီ
ရီဝေလှိုင်းမူး၊ တအားကူးခတ်
ပျဉ်ချပ်ခိုတွယ်၊ မောလွန်းတယ်ကွယ်။

ကျောက်ဆောင်ငူစွန်း၊ ယွန်းယွန်းငိုက်ငိုက်
တိုက်မိခဏ၊ စူးရှမူးမေ့
ထိတွေ့မသိ၊ သတိမေ့လျော့ . . .
ဘ၀ခရီးဖော်၊ နေပျော်ရက်များ
ပြန်သွားကြည့်မိ၊ ပီတိပျံ့ဝေ
အချစ်ရေ . . . ၊ အသက်ရေ . .
သူခေါ်နေသံ၊ ဝဲစုတ်သံလား
လှိုင်းသံလားဟင် . . .
လေပြင်းပုတ်ခတ်၊ နေပူစပ်လောင်
မောင်ဘယ်မှာလဲ၊ တစ်ယောက်တစ်ကွဲ
သေမင်းခွဲလို့ ကွဲရော့မယ်။
ရေနဲ့သောင်ကမ်း၊ အုန်းပင်တန်းကွေ့
မောင့်ကိုတွေ့သူ၊ သနားဆယ်ယူ
ကြည်ဖြူစောင့်ရှောက်၊ ထမြောက်ရှင်ပြန်
ယာခင်းဖြိုးဝေ၊ စိုပြေလယ်ကွင်း
လေညှင်းစိမ်းဆတ်၊ ပေါ့ပါးလွတ်လပ်
အတ္တပျောက်ဆုံး၊ အပြုံးသန့်ရှင်း
နေခြင်းကောင်းစေ . . .
ရွာခံများနဲ့၊ တသားတည်းနေ
မြေဆီထပ်ဖြည့်၊ ပြည့်သထက်ပြည့်အောင်
မြေထောင်မြှောက်ပျိုး၊ သီးနှံတိုးထွက်
မျိုးဆက်သစ်တည် . . .

ညီညာရုံးစု၊ မြေနုရှာဖွေ
ရေခံမြေကောင်း၊ အဟောင်းခုတ်ထွင်
အားအင်ကြီးခိုင်၊ ဖြိုးဖြိုးမြိုင်လိမ့်
လွမ်းစိတ်ဖြေသိမ့်၊ ပြေပြီမောင်

ကျွန်ုပ်ဝိဉာဉ်၊ ကြည်လင်ရွှင်ပျ
ခန္ဓာမှလွင့်၊ ဟို . . . တမလွန်
မိုးတိမ်စွန်ဖျား၊ အားမာန်တေးသွား
ထွင်းဖောက်ကြားမိ . . .
‘မြေအုတ်တို့ . . . ပြိုလေရာ . . .’။  ။

မအိ
မိုးဝေမဂ္ဂဇင်း၊ အမှတ် ၁၅၆၊ ၁၉၇၉၊ ဇန်နဝါရီလ

In: ကဗျာ,မအိ Posted By: Date: Nov 15, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment