* ရှင်သန်ခြင်း ရသ*
* ရှင်သန်ခြင်း ရသ*
 တစ်ကိုယ်ရည် လှိုက်စားမှုတွေထဲ
 မှိုင်းမောနေရင်း…..
 အသက်ရှုသံတွေဆီက အမှန်တရားလေး တစ်ခု နှစ်ခုကို
 ငါ……နားစွင့်နေမိတယ်။
 သင်္ခါရကောက်ကြောင်းတွေအကူနဲ့
 ဘ၀ကို ဖြေသာအောင် ခြုံငုံကြည့်တော့…..
 ဖြစ်ပြီးရင် ပျက် ဆိုတာကို ငါ မသိနိုင်ခဲ့
 (ငါ့ဒိုင်ယာရီတွေထဲ ပျက်ပြီးရင် ပျက် ဒဿနတွေပဲ ကြွယ်ဝနေတာကို)
 ဒဏ်ရာတွေက အုံ့အုံ့ဆိုင်းဆိုင်းပါပဲ
 မျက်ရည်တွေရဲ့ အလင်းကို အားကိုးပြီး
 ညတာတွေကို ရှည်စေခဲ့တယ်…..။
 စိတ်ကူးစိတ်သန်း တိမ်မျှင် တိမ်တန်းတွေအပေါ်
 ငါ အိပ်မောကျလို့……
 မကြာခဏဆိုသလိုလည်း…..ငါက ငါ့ကို ပြန်သတ်ဖူးတယ်။
 မေ့ပစ်ချင်တာတွေ မေ့ခဲ့ပြီး
 မေ့သင့်တာတွေ ထားရစ်ခဲ့တယ်
 ငါဆိုတာ ဘာလဲ ပြန်သတိရနေရင် လုံလောက်ပါရဲ့…….။
 ကံရဲ့ အာဏာကို မဖီဆန်နိုင်သရွေ့…..
 နာကျဉ်မှုတွေ နေ့စဉ်စားသုံးရင်း
 မာန်တချို့နဲ့ ငါ့ကိုယ်ငါ ကာကွယ်ထားတယ်။
 နေမရှိ လမရှိပေမယ့်
 မုန်တိုင်းတွေရဲ့ ပံ့ပိုးမှုတချို့နဲ့
 ငါက ဆက်လက်မာကျော ထည်ဝါသွားမှာပါ။
 အဆိပ်သင့်ခဲ့တဲ့ ဘ၀ပေးပဲ
 လကွယ်ညတွေထဲ နေစိမ့်ရဲရမှာပေါ့လေ……..။   ။
အလွမ်းကေသရီ
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login