Professional Authors

“ သားငိုတော့ အမေချော့မယ်”

ဗုန်းဗုန်းလည်းလဲပြီ

စုန်းစုန်းလည်းမြုပ်ပြီ

ကမ်းကုန်အောင်လည်း လွင့်ခဲ့ပြီ

ကမ်းလည်းမမြင် လမ်းလည်းမမြင်

အိမ်မပျော်တဲ့ကလေး

အနာတရတွေ ဗရပွနဲ့

အမေ့ဆူသံတွေကို ပုန်ကန်ခဲ့လို့

သား နားတွေလည်း ကန်းတတ်ခဲ့ပြီ

အမေ…

အမေ့ဆူဟောက်သံတွေနားထောင်ရင်း

အမေ့ရင်ခွင်မှာပဲ အိပ်ပါရစေ…။

နာတာရှည်အလွမ်းတွေနဲ့

သားကြိတ်ခံပေါင်းများပြီ

ပင့်လိုက်မြှောက်လိုက်နဲ့

ရိုက်ချခံရတိုင်းလည်း မမှတ်သေးဘူး

မာယာမပါပဲနဲ့တော့

သူတို့နဲ့ ပါတနာ မဖြစ်နိုင်ဘူးလေ

အမေ …. ရိုက်ချင်ရိုက်

အမေ့ထမင်း…အမေ့ဟင်းပဲ

သား စားပါရစေ…။

ဟိုတောင်တက်လည်းမရ သည်တောင်တက်လည်းမရ

ဘ၀တောင်မှာ တောင်တက်သမားမဖြစ်သေးဘူး

ရောက်မယ်မှ မကြံသေးဘူး

ရောက်ပြီးသူက ကန်ကန်ချတယ် တစ်လိမ့်ခေါက်ကွေးနဲ့ပဲ

ဟိုတောင် မော်ကြည့်လိုက် သည်တောင် မျှော်ကြည့်လိုက်

မောမောလာတယ် အမေ

သက်လုံမကောင်းရင်

သူတို့က ကျောချင်ကြတယ်

အမေ…

ကန်ချချင်ကန်ချ

သား မြင့်မိုရ်တောင်ပဲ ဖက်တက်တော့မယ်…။

အမေနဲ့တွေ့မှ ငိုမယ့်မျက်ရည်တွေ

သားရင်ဘတ်ထဲမှာ ဆည်တည်ထားတယ်

ကန္တာရထဲမှာ ဖြတ်သန်းမိတဲ့အခါ

အမေ့အိုအေစစ်ပဲ ပြန်စို့ချင်တယ်

ဝေဒနာတွေ မျိုချရတဲ့အခါ

အမေရိုက်ကျွေး ၀ါးကျွေးတဲ့ထမင်းပဲ မျိုချချင်တယ်

ဒဏ်ရာတွေ ထပ်ထပ်လာတော့

အရှိုးရာလေးတွေ ပြန်ခံချင်တယ်

အတောင်ညောင်းပြီ

အမေ….

တောင်ပံတွေ ညှပ်ချင်ညှပ်

သား အမေ့ပင်စည်မှာပဲ နားပါရစေ…။

                                 ဇင်သော့

In: ကဗျာ Posted By: Date: Sep 4, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment