Professional Authors

ဆေးထိုးမှားတဲ့ ည

ပြိုင်ဘက်ကင်းစွာ

ကိုယ်ဟန်ပြ နေတဲ့

အကျဉ်းတန် ညတစ်ခု။

 

နာရီဝက်စာ

အမှန်တရားချင်း စီးချင်းထိုးဖို့

အားယူ ကြိုးစားပြစ်လိုက်တယ်။

 

စက္ကန့်ပြပွဲ မှာ

အထူးတန်းက

အားပေးမယ် ကြံနေတဲ့

အက်ကြောင်းထပ် ပရိတ်သတ်တွေကတော့

လက်ခုပ်သံ ခပ်အုပ်အုပ်လေး

၁ စက္ကန့်ခြား ထွက်ပေါ်လာတယ်။

 

ကျွန်တော်တို့ မယဉ်ကျေးခဲ့ကြသလို

လက်ရဲဇက်ရဲလဲ မနိုင်ခဲ့ပါဘူး

တကယ့် ပါးပါးလေးပါပဲ။

 

သိသိကြီးနဲ့

ပွဲသိမ်းခရာ ပျောက်သွားတဲ့ည

နှစ်ယောက်စလုံး ကျေနပ်စွာ

လွင့်စင်ထွက်သွားလိုက်တာ

ဓာတ်ရှင်ထဲကလို

မင်းသားနဲ့ မင်းသမီးလို

နှုတ်ဆက်ချိန်တောင် မရခဲ့ဘူး။

 

ပွဲကတော့ ဒိုင်ပွဲရပ်

အနိုင် နဲ့ အရှုံး

ညှင်ညှင်သာသာ မိတ်ဆွေဖွဲ့လိုက်တယ်

 

နွေဦးအခင်းအကျင်းထဲ 

ငါဝင် ကပြခွင့်ရပြီ တဲ့

လေပါတယ် မမြရင်ရယ်။

 

မင်းမျှော်နေကျ

စည်းချက်ကျ 

ပေးဆပ်မှု

ကပွဲကြီးဒီနေ့ စတင်ပါပြီ။ 

 

ဖမ်းဆုပ်လို့ မရသေးခင်

တူညီတဲ့ အရာတခု ပြန်ပေးရဖို့

အလောတကြီး တကူးတက

လိုက်ရှာရပြန်ပြီ။

 

ငါကိုယ်တိုင် က 

ဘ၀ကူး မကောင်းခဲ့တာပါ

ဘယ်တော့မှ မရင်းနှီးနိုင်တော့ တဲ့

လူမျိုးခြား သူစိမ်းတွေလိုပဲလေ။

 

နေ့တိုင်း သံသယတွေနဲ့

အသစ်တွေဖြစ်ဖြစ်နေတာ

ဆိုးတယ်

တကယ့် ဆေးထိုးမှားခဲ့တဲ့

ညတစ်ခုလိုပါပဲ။

 

အထားအသိုမှားနေတဲ့ မာနကို

သပ်လျှိုသွေးခွဲ ခံလိုက်ရပြီလို့

ဖုန်းဝင်လာတယ်။

 

မိုးရွာလို့ ပါ

ဒီနေ့ ဇတ်ညွန်း ပြောင်းဒယ်

မိုးဖွဲရုံလောက်နဲ့တော့ ..

ထီးမဆောင်းချင်ဘူးတဲ့။

 

အားလုံး

ပေါ့ပျက်ပျက်နဲ့

ဒါရိုက်တာ နှာစီးနေတဲ့ 

ရုပ်ရှင် တကားလိုပဲ။

 

ဘ၀ တခုနဲ့ ငွေကြေးကို

အလွယ်တကူ လောင်းကြေးမြှင့်

လိုက်ပြီ ထင်ပါရဲ့။

 

ယဉ်လွန်းလှပါတယ်

နား နားကပ်ပြောတိုင်း အသံကျယ်ခဲ့တာ မဟုတ်ဘူး

အမှန်တော့

ဒီအသံကို

နှစ်ယောက်တည်း ကြားရုံ

ထွေးထုတ်ခဲ့ ရမှာ။

 

မျက်နှာချင်း ဆိုင်

ရင်ချင်းယှက်

ကျောချင်းကပ်ပြီး

ဈေးကစားရဲ့ တဲ့

မိန်းမတွေရဲ့ မာယာကိုက 

ချို မြိန်ခဲ့ တာကိုး။

 

ဘာတာ (barter) စနစ်တခုကို

နေရောင် အောက်မှာ

အကြိမ်ကြိမ်

ပြန်အသက်သွင်းနေမိခဲ့တယ်။

 

တကယ်ဆို

မင်းနောက်ကျောမှာ

ဓားတန်းလန်းနဲ့  

၃နှစ်လောက်ကြီး

အိပ်မနေသင့်ဘူး။

 

ဘာမှန်း မသိတဲ့

သီအိုရီတခုကိုတော့

အသုံးတော်ခံ

တင်ဆက် ရအုံးမယ် ထင်တယ်။

 

ပလက်ဖောင်း

မျက်လှည့်ပြပွဲလောက် 

လူမစီတဲ့

အမှန်တရား စီးချင်းထိုးပွဲ

ဒီည ပွဲ ပျက်မယ်ထင်တယ်။

 

တေးသီချင်း တစ်ပုဒ်ရှိတယ်။

 

ပစ္စုပ္ပန် တွေ စုတ်ဖြဲပြီး

အနာဂတ်ကို ကြိုတင်

ရင်ခုန်ချင်တဲ့

စိတ်တခု တဲ့။

 

နောင်တ ဆိုတာ 

အမှားနောက်မှာ 

ဘယ်တော့မှ လူလုံးထွက်မပြဘူး။

 

ရိုးရိုးလေး ယစ်မူးခဲ့တာပါ။

ဝတ်ကျေတန်းကျေ မနှစ်သိမ့်ပါနဲ့

အသားမကျ တော့လို့ပါ။

 

ဒါပေမယ့်

ဆေးထိုးမှားခဲ့တဲ့ ညကိုတော့

အပြစ်မတင်လိုက်ပါနဲ့။

 

FiйaL mUtaTioй

In: ကဗျာ Posted By: Date: Apr 1, 2013
Comment #1

အမှားမဟုတ်လို့

နောင်တဆိုတာလဲ

ရှိလာမှာမဟုတ်ဘူး။

commentinfo By: မေပျို at Apr 2, 2013
Comment #2

အားပေးတဲ့ အတွက် ကျေးဇူးပါ…မေပျို
🙂

commentinfo By: finalmutation at Apr 9, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment