Professional Authors

ဆွေးပေါ့ မင်းတို့ ငါတို့သည်လည်း (ကြည်ဇော်အေး)

အစားအစာ စားရင်း
အစားဟောင်း စွန့်ရင်း
ချာချာလည်ရင်း
မင်းတို့ ငါတို့သည်လည်း
ပေါ့ပေါ့နေ ပေါ့ပေါ့စား လမ်းများဆီ အလုအယက်
ပေါ့ပေါ့နေ ပေါ့ပေါ့စား အိပ်ယာများဆီ အလုအယက်
ပေါ့ပေါ့နေ ပေါ့ပေါ့စား သင်တန်းများဆီ အလုအယက်
မင်းတို့ ငါတို့သည်လည်း
ဘာလုပ်ရမှန်းမသိ မှောက်ချည်လှန်ချည်ဆိုတော့
အဆွေးသမားတယောက်ဖြစ်ဖို့ အမြဲ အဆင့်သင့်ဖြစ်နေတဲ့
ရာသီဥတုမှာ ဆွေးပေါ့
ပထွေးနှိပ်စက်လို့ပါဆိုတဲ့ ကလေးမလောက်တောင်
ဈေးခေါ်လို့မကောင်းတော့ ဆွေးပေါ့
မင်းတို့ ငါတို့သည်လည်း
ဆွေးပေါ့ အ၀တ်အထည်များနှင့် အတူတကွ
ဆွေးပေါ့ စာချုပ်စာတမ်းများနှင့် အတူတကွ
ဆွေးပေါ့ နာရေးကြော်ငြာများနှင့် အတူတကွ
မင်းတို့ ငါတို့သည်လည်း
စိုးစိတ်နှင် ခပ်မဆိတ်
ဦးဆွေးဆံမြေ့သစ္စာစောင့်သိ ခဲ့ရတော့
အရိုးလည်း ဆွေးပေါ့
ဆွေးလို့ သေတဲ့မသာဆိုတာ မရှိသေးတော့
ဆွေးလို့ သေတဲ့ မသာရှိလာတဲ့အထိ အဆွေးကြီးဆွေး ပေါ့
မင်းတို့ ငါတို့သည်လည်း
ဆွေးနေတဲ့သီချင်းများကို နားထောင်ရင်း
ဆွေးနေတဲ့ ကြမ်းများကို နင်းကြရင်း
ဆွေးနေတဲ့ ဓားများကို သွေးကြရင်း

ကြည်ဇော်အေး
(စတိုင်သစ်၊ ဇွန်လ၊ ၂၀၀၇)

Leave Comments

Name*

Email*
Website
Email me whenever there is new comment