Professional Authors

ခဏတာ … ပျော်ရွှင်ခြင်း

အရာရာဟာ အရင်လိုပါပဲ

အဆုံးသတ်တော့လည်း ငါ့တစ်ယောက်တည်းရယ် …

တစ်ဖတ်သက် မျှော်လင့်ခြင်းတဲ့လား

ဘ၀တစ်ခုလုံး ယိုင်နဲ့ မသွားအောင်

ကိုယ့်ကိုယ်ကို (လိမ်လည်) အားပေး နှစ်သိမ့်ခဲ့ရုံပါ …

တကယ်တော့

နွေဦးကိုက အရောက်စောလွန်းပါတယ် …

ခေါင်းစဉ်မဲ့ အကြောင်းအရာတချို့လိုပဲ

နင်နှုတ်ဆက်သွားတာ ပဉ္စလက်ဆန်လွန်းတယ် …

သံယောဇဉ်စွန်းထင်းနေတဲ့ စကားလုံးတွေ

ငါတို့အတူတူ ရယ်မောခဲ့တဲ့ ညနေခင်းတွေ

အခုတော့လည်း

အဖြေရှာမရနိုင်တော့တဲ့ ပုစ္ဆာတစ်ပုဒ်လိုပါပဲ …

နင် နင်းဖြတ်သွားတဲ့

ငါ့နှလုံးသားပေါ်က ခြေရာတွေ …

တိုက်ဆိုင်မှုတွေ ပွေ့ပိုက်ရင်း

အိပ်မက်တွေ ဆိတ်သုဉ်း

မိုးသောက်တဲ့အထိ အိပ်စက်ခြင်းတွေလည်း အရာမထင်ခဲ့ပါဘူးကွယ် …

နင့်အတွက်တော့ ဘာမှမထူးခြားပေမယ့်လို့

ငါတို့ပတ်သက် ခဲ့ဖူးတဲ့ အဲဒီအချိန်ကာလတစ်ခုမှာ

နင် ….. ငါ့ကို

စောင့်မျှော်ခဲ့ဖူးတယ်

သတိရခဲ့ဖူးတယ် … ပြီးတော့ ဂရုစိုက်ခဲ့ဖူး ခဲ့တယ် …

လက်တွေ့မှာတော့

ငါကပဲ အိပ်မက်တွေကို ဖမ်းဆုပ်ထားချင်ခဲ့တဲ့

သူရူးတစ်ယောက်ဖြစ်ခဲ့တာပါ …

……………………………………………………..

အခုချိန်မှာတော့

နင့်ကိုပဲ အနှောက်အယှက် မဖြစ်အောင်

မျက်ရည်တွေသိုဝှက် … စကားလုံးတွေရိုက်ချိုး

နင်ပျော်ရွှင်ဖို့ ငါဆုတောင်းရင်း … ။ ။

 

In: ကဗျာ Posted By: Date: Feb 21, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment